ကိုဗစ်နှင့် စစ်တပ် အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းခဲ့ရသော မြန်မာ့ခရီးသွားကဏ္ဍသည် ယခုနှစ်အစပိုင်းမှ စ၍ ပြည်တွင်းရှိ အထင်ကရ ခရီးစဉ်များ၌ အပန်းဖြေခရီးသွားများ များလာသလို၊ လာမည့် သင်္ကြန်ကာလအတွက်လည်း ဟိုတယ်အခန်း ကြိုတင်မှာယူသူ များနှင့် ပြည့်နေကြောင်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။
လက်ရှိတွင် ပုဂံ၊ အင်းဝ၊ မင်းကွန်းဒေသများတွင် ခရီးသွားများ မိသားစုလိုက် လာရောက်လည်ပတ် အပန်းဖြေမှုများ ရှိနေသလို၊ သင်္ကြန်ကာလနီးပြီဖြစ်သောကြောင့်လည်း ချောင်းသာ၊ ငပလီ၊ ငွေဆောင် အစရှိသည့် ကမ်းခြေများတွင် ဟိုတယ်အခန်းများ ကြိုတင်မှာယူမှုများ ရှိနေကြောင်း သိရသည်။
ပြည်တွင်း/ ပြည်ပ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတဦးက “လောလောဆယ်တော့ ပြည်တွင်းကတော့ ပြည်တွင်း ခရီးသွားအနေနဲ့ပဲ သွားတာ များတယ်။ ပုဂံတို့ ငပလီတို့၊ ငွေဆောင်၊ ချောင်းသာပေါ့။ သင်္ကြန်တွင်းအတွက် ပြောရ ရင်တော့ လေယာဉ်လက်မှတ်တွေလည်း မရတော့ဘူး။ ဟိုတယ်တွေလည်း ပြည့်နေတယ်။ အဲဒီလို အခြေနေတော့ ရှိတယ်” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
အခြားဒေသများထက် လုံခြုံရေးတည်ငြိမ်မှုရှိသော ချောင်းသာ၊ ငွေဆောင်ကမ်းခြေများတွင် ၇၅ ရာခိုင်နှုန်းခန့် ဟိုတယ်အခန်းများ ကြိုတင်မှာယူမှု ပြည့်နေသလို ပုဂံဒေသတွင်လည်း တချို့ဟိုတယ်များမှာ ကြိုတင်မှာယူမှုများရှိနေ ကြောင်း ဟိုတယ်တချို့၏ ပြောဆိုချက်အရ သိရသည်။
ချောင်းသာကမ်းခြေရှိ ဟိုတယ်စီစဉ်ပေးသူ တဦးက “အခုကတော့ ဟိုတယ်ခန်းတွေက ၇၅ ရာခိုင်နှုန်းလောက် ပြည့် နေပြီ။ ဒီရက်ထဲကြိုတင်မှာထားရင်တော့ ရသေးတယ်။ ဈေးကတော့ နှစ်ယောက်ခန်း ၉ သောင်းကျပ်က ကျပ် ၁ သိန်း ၁ သောင်း လောက်ထိ ရှိတယ်။ ၃ ယောက်ခန်းကို ကျပ် ၁ သိန်း ၆ သောင်းလောက်ရှိတယ်။ တော်တော်များများ တော့ ပြည့်နေပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ပုဂံဒေသရှိ တချို့ဟိုတယ်များမှာလည်း ကြိုတင်မှာယူမှုများကြောင့် လူပြည့်နေပြီ ဖြစ်ပြီး လျှပ်စစ်မီး အချိန်ပိုရ သည့် နေရာနှင့် လျှပ်စစ်မီးရရှိသည့်အချိန်လျော့သည့် နေရာအလိုက် ဟိုတယ်အခန်းခဈေးနှုန်းများမှာလည်း ကွာခြားမှု ရှိကြောင်း သိရသည်။
ပုဂံဒေသရှိ ခရီးသွားလုပ်ငန်းရှင် တဦးက “တချို့တွေတော့ ဟိုတယ်တွေတော့ ဧည့်သည် ကျတယ်။ အများကြီးတော့ မဟုတ်ဘူး။ သူတို့ဘာသာ လည်တာပတ်တာလောက်ပဲပေါ့။ တချို့ မီးရတယ်။ ဈေးချိုတဲ့ ဟိုတယ်တွေတော့ ဘွတ်ခ်ကင် ပြည့်တာလည်း ရှိတယ်။ တချို့ ဟိုတယ်တွေကျတော့ မရှိဘူး။ ဘာလို့ဆို မီးတွေက အရမ်း ပျက်လို့။ တချို့ နေရာတွေ ကျတော့ ၂၄ နာရီမှာ နာရီ ၂၀ လောက်မီးလာတော့ ဈေးချိုတယ်။ မီးအရမ်းပျက်တဲ့ နေရာကျတော့ ဈေးလဲကြီးတော့ မရှိဘူးပေါ့နော်” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ဟိုတယ်အခန်းမှာလည်း လျှပ်စစ်မီးရရှိသည့်အချိန် နည်းပါးပြီး မီးစက်မောင်းရမည် ဖြစ်သောကြောင့် သင်္ကြန်ကာလအတွက် ကြိုတင်ဈေးတက်ခြင်းများလည်း ရှိကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “မီးရရှိတာ ဘာကြောင့်ကွာလဲတော့ သေချာမသိဘူး။ ဒါပေမယ့် ညောင်ဦးမြို့အဝင်ရပ်ကွက်တွေ မှာကျတော့ လျှပ်စစ်မီးရတဲ့ အချိန်များတယ်။ အဲဒီကနေ ပုဂံထဲ အဝင်ကျတော့ မီးကမမှန်ဘူး။ အဲဒီလိုပေါ့နော်။ ဒါကြောင့် ဟိုတယ်ဈေးတွေကလည်း ကွာတယ်” ဟု ဆိုသည်။
အလားတူ ပြည်တွင်းပြည်ပခရီးသွားမှာ လည်ပတ်ကြသည့် အင်းဝနှင့် မင်းကွန်းဒေသများသို့လည်း ပြည်တွင်းခရီးသွား ဧည့်သည်များမှာ မိသားစုလိုက်ဖြင့် ကားနှစ်စီး၊ သုံးစီးစုကာ လာရောက်လည်ပတ်သူများလည်း ရှိကြောင်း အင်းဝ ဒေသခံ မြင်းလှည်းမောင်းသမားများထံက သိရသည်။
အင်းဝဒေသခံ တဦးက “ခရီးသွားတွေကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တော်တော်ပါးသွားတာ။ ဒါပေမယ့် အခု ၂၀၂၃ ခုနှစ်ဘက်ရောက်လာတော့ ဧည့်သည် ပြန်ကျလာတာပေါ့။ ဒါပေမယ့် မြန်မာဘုရားဖူးပေါ့နော်။ နိုင်ငံခြား သားတော့ မဟုတ်ဘူး” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
ထိုသို့ ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ် အပန်းဖြေမှုများ ရှိသော်လည်း ခရီးသွားလုပ်ငန်းကို မှီခိုအားထား နေသည့် ယွန်းထည်ဆိုင်များ၊ လက်မှုအနုပညာဆိုင်များနှင့် မြင်းလှည်းမောင်းသူများ အပါအဝင် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများမှာ အဆင်ပြေသည့်အခြေအနေ မရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ကမာ္ဘလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့်မူ ကျဆင်းလျက်ရှိပြီး နိုင်ငံတချို့ကလည်း ၎င်းတို့၏ နိုင်ငံသားများကို မြန်မာသို့ သွားရောက်လည်ပတ်ခြင်းမပြုရန် သတိပေးထုတ်ပြန်မှုများ ရှိသည်။
ယခုလ ၆ ရက်နေ့တွင်လည်း ဗြိတိန်နိုင်ငံအစိုးရ၏ Commonwealth and Development Office က မတ်လ ၆ ရက် တွင် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးထောင်တိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ မြင့် မားလာခြင်းကြောင့် အရေးကြီးကိစ္စမရှိဘဲ မြန်မာနိုင်ငံရှိ စစ်ကိုင်း၊ မကွေးတိုင်း အပါအဝင် မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ ခရီးမသွားကြရန် ထုတ်ပြန်ထားသည်။
လက်ရှိမြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေသည် မှန်းဆ၍မရသလို အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် ရန်ကုန်၊ နေပြည်တော်အပါအဝင် စစ်ကောင်စီ၏ ထိန်းချုပ်ရာ အဆောက်အအုံများ၊ စစ်ဆေး ရေးဂိတ်များ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ တိုက်ခိုက်ခံနေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် သင်္ကြန်ကာလတွင်လည်း စစ်ကောင်စီကို ဆန့်ကျင်နေကြသည့် တော်လှန်ရေးအဖွဲ့အစည်းများက “အပျော် သင်္ကြန် တို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ” ဟု သင်္ကြန်ပွဲတော်အား မဆင်နွှဲကြရန် တိုက်တွန်းမှုများရှိခဲ့ သလို သင်္ကြန်ကာလတွင် စစ်ကောင်စီ စီစဉ်သောမဏ္ဍပ်များ၌ လည်ပတ်ခြင်းများကို ရှောင်ကြဉ်ကြရန်လည်း သတိ ပေးမှုများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် ရန်ကုန်၊ မန္တလေးမြို့များတွင် စစ်ကောင်စီတပ်၏ လုံခြုံရေးတင်းကျပ်ထားသလို မကြာခဏ ဗုံးပေါက်ကွဲ ခြင်းများဖြစ်ပွားလျက်ရှိပြီး စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်၊ ကယားနှင့် ရှမ်း အစရှိသည့် ဒေသများတွင်လည်း စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကာ တချို့ လမ်းပိုင်းများတွင်လည်း ဖြတ်သန်း သွားလာခြင်း မပြုကြရန်လည်း သတိပေးမှုများ ရှိနေသည်။
ထို့ပြင် အာဏာသိမ်းစစ်တပ်အား ခုခံတော်လှန်နေရသည့် ယခုကာလများတွင် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း များကို ရှာင်ကြဉ်ကြရန် သတိပေးထားမှုများရှိသလို ပြည်သူများအနေဖြင့်လည်း တော်လှန်ရေး ကာလအတွင်း၌ ခရီး သွားခြင်းကို မပြုလုပ်ကြရန် အချင်းချင်း တိုက်တွန်း ပြောဆိုမှုများလည်း ရှိနေသည်။
You may also like these stories:
ပြည်တွင်းခရီးသွားများကိုသာ မျှော်လင့်နေရသည့် မြန်မာ့ခရီးသွားလုပ်ငန်း
ကိုဗစ်ကူးမှု မြင့်နေသည့် တရုတ်နိုင်ငံမှ ဝင်မည့်ခရီးသွားများအတွက် မြန်မာ ပြင်ဆင်မှု မရှိ
ပြည်တွင်း ခရီးသွားလုပ်ငန်း လာမည့်ရာသီ ပြန်စနိုင်မလား
မြန်မာ့ခရီးသွားလုပ်ငန်း အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်း