အဆောင်နှင့် တိုက်ခန်း ပိုင်ရှင်များအနေဖြင့် ငှားရမ်းသူ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထား ပြည့်စုံစွာရရှိမှသာ ငှားရမ်းရန်နှင့် ယင်းအချက်အလက် အပြည့်အစုံဖြင့် ဧည့်စာရင်းတိုင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ယနေ့ ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် CRPH၊ NUG၊ PDF စသည့်အဖွဲ့အစည်းအမျိုးမျိုးက နိုင်ငံတဝန်း ဖောက်ခွဲဖျက်ဆီးခြင်း၊ နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း၊ ပုဂ္ဂိုလ်ရေး အငြိုးထား သတ်ဖြတ်ခြင်းတို့ကို အလွယ်တကူခြေရာခံနိုင်ခြင်း မရှိသည့် အဆောင်၊ နေအိမ် တိုက်ခန်းများတွင် ငှားရမ်းနေထိုင်ပြီး လုပ်ဆောင်နေသဖြင့် တားဆီးရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ယခင်က ထိုသို့ သတိပေးခဲ့သော်လည်း တိုက်ခန်းပိုင်ရှင်အချို့မှ မလိုက်နာခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အမှုကိစ္စ တစုံတရာ ဖြစ်ပေါ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သည့် အချိန် တွင် ငှားရမ်းထားသည့် နေအိမ် တိုက်ခန်းများကို အမှုနှင့်ဆက်စပ်၍ သက်သေခံအနေနှင့် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း ပါရှိ သည်။
လက်ရှိတွင် ရန်ကုန်မြို့၌ နေထိုင်သူများအနေဖြင့် ဧည့်စာရင်းတိုင်ကြားရာတွင် တင်းကျပ်မှုများစွာရှိလာခဲ့ပြီး နာမည် ၊ မှတ်ပုံတင်နံပါတ်များအပြင် ကိုယ်လုံးပေါ်ဓာတ်ပုံတပုံပါ ပူးတွဲ၍ တိုင်ကြားရကြောင်းသိရသည်။
၎င်းက “တအိမ်ထဲမှာ အိမ်ထောင်စု ၃ ၊ ၄စု ရှိတဲ့လူတွေလည်း တိုင်ရတယ်။ ဒါက ပြီးခဲ့တဲ့နှစ်ကုန်ကတည်းက ပုံစံတမျိုး ပြောင်းလိုက်တာ။ အရင်တိုင်တုန်းက ဗလာစာအုပ်တအုပ်နဲ့ ဧည့်စာရင်းတိုင်ချင်လို့ဆိုရင် ရပြီ။ အလှူငွေ ကတော့ ၅၀၀ ၊ ၁ထောင်ပေးရတယ်။ ဒီနှစ်ကုန်ကနေပြီးတော့ ဘယ်လိုဖြစ်လဲဆိုတော့ ဧည့်စာရင်း တိုင်မယ့်လူက တကိုယ်လုံးပုံရိုက်ပြီး ပေးရတယ်။ အိမ်တအိမ်မှာ အကူခိုင်းမယ့် အမျိုးသမီးတွေ တယောက်ထပ် ပိုရှိရင် ရှိတဲ့၃ ၊ ၄ ယောက်ကို ပေါင်းပြီးတော့ ရိုက်လို့ရတယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ထိုကဲ့သို့ ဧည့်စာရင်းတိုင်ကြားရသည့်အပြင် ခရီးသွားလာပါကလည်း သွားမည့်ရက် အတိအကျကို စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တိုင်ကြားနေရကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ တိုက်ခန်းငှားရမ်းနေထိုင်သူတဦးက “ ဒီထုတ်ပြန်ချက် မထုတ်ခင်ကလည်း ရန်ကုန်က အချို့မြို့နယ် ၊ ရပ်ကွက် တွေထဲ အချက်အလက်အပြည့်အစုံ စစ်စစ်ပေါက်ပေါက် တောင်းတာတွေရှိတယ်။ အခုလည်း ဘယ်လို ကိုယ်ရေးကိုယ်တာ အချက်အလက် အထောက်အထားတွေကို ဘယ်အတိုင်းအတာအထိလို့ တိတိကျကျ မရေးထားတော့ စစ်ကောင်စီ ထောက်တိုင်အုပ်ကြီးတွေ အလိုကျဖြစ်နေတော့မှာဗျ။ ဒါက သူတို့ငွေညှစ်တဲ့ ဂွင်လည်း ဖြစ်လာနိုင်တယ် “ ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီ၏ ကြေညာချက်ကြောင့် အနယ်နယ်အရပ်ရပ်မှနေ၍ ရန်ကုန်မြို့သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် ကျောင်းသား ၊ ကျောင်းသူများနှင့် အလုပ်လုပ်ကိုင်ကြမည့်သူများ အခက်တွေ့နိုင်ကြောင်း ၎င်းက ဆိုသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးက“ဒီလိုမျိုး ကြေညာ ချက်တွေ ထွက်လာတယ်ဆိုတာက စစ်အုပ်စုက အခက်အခဲအကျပ်အတည်းတွေ အများကြီး ကြုံတွေ့နေရလို့ အမိန့် ကြေညာချက်တွေ ထုတ်တယ်ဆိုတာဟာ ထင်ရှားတဲ့အချက်ဖြစ်တယ်။ တပြိုင်နက်တည်းဆိုသလို တော်လှန်ရေးအင်အား စုတွေအနေနဲ့ လုံခြုံရေးအရ လျို့ဝှက်သင့်တဲ့ကိစ္စရပ်တွေကို လျို့လျို့ဝှက်ဝှက်ဆောင်ရွက်ကြဖို့ ပိုပြီး သတိထားပြီး ဆောင်ရွက်ကြဖို့ အရေးကြီးလာတယ်ဆိုတာ သက်သေပြလာတဲ့ကိစ္စရပ်ဖြစ်တယ်လို့ ယူဆပါတယ်” ဟု သုံးသပ်သည်။
စစ်ကောင်စီသည် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ရန်ကုန်မြို့နယ်အတွင်း ပစ်ခတ်မှုများ ၊ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို တိုက်ခန်းများတွင် ဖမ်းဆီးမိပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သုံးသပ်ပြော ဆိုကြ သည်။
CRPH၊ NUG နှင့် PDF အဖွဲ့ များနှင့် ဆက်စပ်သူများကို နေအိမ် ၊ တိုက်ခန်း ငှားရမ်းထားပြီး ငှားရမ်းစဉ် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့ တရားဝင် ဧည့်စာရင်းတိုင်ကြားထားခြင်း မရှိကြောင်း စိစစ်တွေ့ရှိ လျှင် ငှားရမ်းသည့်ပိုင်ရှင်များတွင် တာဝန်ရှိမည် ဖြစ်ကြောင်း ၂၀၂၁ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က သတင်းထုတ်ပြန်ခဲ့ဖူးသည်။
You may also like these stories:
ရန်ကုန်မြို့နယ်အချို့ ခြိမ်းခြောက်ဖိအားပေး၍ ဧည့်စာရင်းစနစ် ပြန်စတင်
ဘုန်းကြီးကျောင်းများ ဧည့်စာရင်းတိုင်ရမည့်အမိန့် နိုင်ငံရေးလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်းလား
စစ်ကိုင်းမြို့သို့ မကွေး၊ မန္တလေးတိုင်းတို့မှ လာသူများ ဧည့်စာရင်းမပေး၍ အခက်ကြုံ