အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) သည် မြန်မာအကျပ်အတည်းနှင့် ပတ်သက်ပြီး တူညီသော သဘောထားရရှိရန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး တရက်အကြာ ကြာသပတေးနေ့တွင်ထိ ကြိုးစားနေရဆဲဖြစ်သည်။
မြန်မာနိုင်ငံ ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို စစ်အာဏာသိမ်း ဖြုတ်ချချိန်မှ စတင်ပြီး သွေးချောင်းစီးအကြမ်းဖက်မှုများဖြစ်နေသည်။
ASEAN ဥက္ကဋ္ဌ အင်ဒိုနီးရှားက မြန်မာ အကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းရန် ဗုဒ္ဓဟူးနေ့တွင် စတင်သည့် ၂ ရက်ကြာ ASEAN နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တိုက်တွန်းသည်။
သို့သော် မြန်မာတွင် အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာသောအခါ သွေးကွဲနေသည့် ASEAN ၏ ငြိမ်းချမ်းရေး အားထုတ်မှုများသည် အရာမရောက်ဘဲ စစ်ကောင်စီက နိုင်ငံတကာဝေဖန်မှုများကို လျစ်လျူရှုပြီး အတိုက်အခံများနှင့် ဆွေးနွေးရန် ငြင်းဆန်သည်။
ကြာသပတေးနေ့ရောက်သော်လည်း ASEAN ဝန်ကြီးများသည် ကြေညာချက်အတွက် သဘောတူညီမှု မရသေးပေ။
ပူးတွဲကြေညာချက်ကို ဆွေးနွေးနေဆဲဖြစ်ပြီး နောက်ကျမှ ထုတ်ပြန်မည်ဟု အမည်မဖေါ်လိုသော အရှေ့တောင်အာရှ သံတမန်တဦးပြောသည်။
ကြေညာချက်ထုတ်ရန် မည်သည့်အတွက် လွန်စွာကြာနေကြောင်း သံတမန်များ မပြောသော်လည်း အင်္ဂါနေ့တွင် AFP က ရရှိသည့် မူကြမ်းတွင် မြန်မာနှင့်ပတ်သက်သောအပိုင်းကို ကွက်လပ်ချန်ထားကြောင်း သိရသည်။ ASEAN သည် မြန်မာ့အရေးအတွက် အကြောင်းအရာနှင့် စကားလုံး အငြင်းပွားနေသည်။
ASEAN ၏ အားထုတ်မှုများမှ သီးခြားလုပ်ရပ်များကို ထိုင်းနိုင်ငံက လုပ်နေပြီး စစ်ကောင်စီနှင့် သီးခြားဆွေးနွေးနေသည်။
လွန်ခဲ့သောလက ထိုင်းနိုင်ငံသည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် အငြင်းပွားဖွယ်ရာ အလွတ်သဘော အစည်းအဝေးကျင်းပပြီး အဖွဲ့အတွင်း ပိုမိုသဘောထားကွဲစေသည်။
ASEAN ဆွေးနွေးပွဲ ဒုတိယနေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခဲ့သည်ဟု ပြောပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းမှုဖြစ်ကတည်းက ဖမ်းဆီးခံရပြီး စစ်ကောင်စီ တရားရုံးက ထောင် ၃၃ နှစ်ချထားသည်။
ဒွန် ပရာမွတ်ဝီနိုင်က သူသည် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္ဂနွေနေ့က နေပြည်တော်တွင်တွေ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပြီး တွေ့ဆုံဆွေးနွေးရေး အားပေးကြောင်း ပြောသည်။
အခြား မည်သည့် အားထုတ်မှုမဆိုသည် အကြမ်းဖက်မှုရပ်ပြီး ဆွေးနွေးပွဲများလုပ်ရန် လက်ရှိ ဘုံသဘောတူညီချက် ၅ ချက်ကို အထောက်အကူ ပြုရမည်ဟု အင်ဒိုနီးရှားက ပြောသည်။
ဥက္ကဋ္ဌ၏ အခန်းကဏ္ဍကို ဖြည့်ဆည်းပေးမှသာ ထိုင်းနိုင်ငံ၏ အစီအစဉ်ကို ASEAN အဖွဲ့ဝင်များ ထောက်ခံမည်ဖြစ်ကြောင်း အထက်ပါ အရှေ့တောင်အာရှ သံတမန်ပြောသည်။
ဂျကာတာသည် ပဋိပက္ခ၏ ဘက်အားလုံးနှင့် တိတ်တိတ်ဆိတ်ဆိတ် သံတမန်ရေးဖြင့် ထိတွေ့ဆက်ဆံနေကြောင်း၊ ဥက္ကဋ္ဌတာဝန်ယူသည့် ၇ လအတွင်း မြန်မာနှင့်ပတ်သက်သည့် ထိတွေ့ ဆက်ဆံမှု အကြိမ် ၁၁၀ ကျော်လုပ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီပြောသည်။
သို့သော် ထိုင်းနိုင်ငံသည် မြန်မာအကျပ်အတည်းနှင့် ပတ်သက်ပြီး ဦးဆောင်မှုယူကာ ASEAN ၏ အားထုတ်မှုများကို အရေးမထားဘဲ ညှိနှိုင်းရမည့် ဗဟိုချက်ကို ဘန်ကောက်သို့ ပြောင်းယူနေသည်။
ASEAN ဥက္ကဋ္ဌ အင်ဒိုနီးရှား၏ ဆောင်ရွက်ချက်များကို ဝေဖန်ပြောကြားရန် ထိုင်းနိုင်ငံခြားရေး အရာရှိ တဦးက ငြင်းဆန်သည်။
ကိုးကား။ ။ AFP ၏ Divided ASEAN grapples for united Myanmar stance
You may also like these stories:
မြန်မာ့ငြိမ်းချမ်းရေး နောက်ဆုံးအားထုတ်မှုအပေါ် အာဆီယံ သဘောထား ကွဲနေ
မြန်မာနှင့်နှိုင်းလျှင် အင်ဒိုနီးရှားစစ်တပ်အတွက် ဂုဏ်ယူကြောင်း ကာကွယ်ရေးဝန်ကြီး ပြော
မြန်မာစစ်ကောင်စီကို လူရာသွင်းသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး အပြင်းအထန် ဝေဖန်ခံရ
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ တရားလွှတ်တော်ချုပ်၌ ကြားနာ
စစ်တပ်ရှိသမျှ ပြည်သူလူထု ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူး