ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးများနှင့် မြန်မာ့အရေးလှုပ်ရှားသူများ ပူးပေါင်းပြီး Burma Act ဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဝါရှင်တန်ဒီစီသို့ သွားရောက်ကာ အစိုးရအရာရှိများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းသည် မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေထွက်ငွေအတွက် အရေးပါသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) အပြင် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်သည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ထို့ကြောင့် ဝါရှင်တန်သို့ ရောက်နေခဲ့သော လုံခြုံရေးဆိုင်ရာ ပညာရှင် ဒေါက်တာ ဒေါ်မီမီဝင်းဘတ်အား ဧရာဝတီက ဆက်သွယ်ပြီး အမေရိကန်ပြည်ထောင်စု၏ မြန်မာအပေါ် လတ်တလော လုပ်ဆောင်နေမှုများအပေါ် သူ့အမြင်သဘောထားကို မေးမြန်းခဲ့ပါသည်။ အမေးအဖြေ အစအဆုံးကို အောက်တွင် ဖော်ပြလိုက်သည်။
မေး ။ ။ အခုလတ်တလောဖြစ်ပျက်သွားတဲ့ ဘဏ် ၂ ဘဏ်အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနပါ နာမည်ပျက်စာရင်းထဲထည့်ပြီး ပိတ်ဆို့စာရင်းထဲပါလာတဲ့အပေါ် လူတွေက တော်တော်များများ စိတ်ဝင်စားကြတယ်။ နောက်ဆုံးဖြစ်လာခဲ့တဲ့ ပိတ်ဆို့အရေးယူမှုအပေါ်မှာ ဆရာမအနေနဲ့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ ဒီမေးခွန်းကိုမဖြေခင် ကျမပြောချင်တာကတော့ ဒီအဖြေတွေက ဘယ်သူဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုပြီးပြောတာ မဟုတ်ပါဘူး။ ကျမ တဦးတယောက်အနေနဲ့ ပညာရှင်တယောက်အနေနဲ့ သုံးသပ်တာပါ။
အခုနောက်ဆုံးဆန်ရှင်ပေါ့။ ပထမပြောလို့ရတာက US က မြန်မာနိုင်ငံကို အမြဲတမ်း တော်လှန်ရေးကို ထောက်ပံ့ဖို့ ရှိနေတယ်။ မျက်ခြေမပြတ် ရှိနေတယ်။ စိတ်ဝင်စားတယ်လို့ ပြောလို့ရတယ်။ နောက်တခုကျတော့ ဘာကြောင့်လုပ်လဲ ဆိုတော့ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ပြည်သူလူထုကို ညှဉ်းဆဲနေတဲ့ အလုပ်တွေလုပ်နေလို့ စစ်တပ်ကို မရရတဲ့နည်းနဲ့ ဖိအားတွေပေးနေတာ။ အကယ်၍ စစ်တပ်က ပြည်သူလူထုကို မညှဉ်းဆဲဘူး။ ဘာမှမလုပ်ဘူးဆိုရင် ဒါတွေဘာမှ လုပ်စရာမလိုဘူး။
စစ်တပ်က တကယ်စစ်တပ် အမှန် မဟုတ်တော့ဘူး။ ရာဇဝတ်ဂိုဏ်းလိုမျိုး လုပ်စဉ်လုပ်နည်းတွေ လုပ်နေတာ။ ဟိုနေ့ကပဲကြည့်ပါလား။ ပန်းဝယ်သွားတဲ့လူကို စစ်ကားတွေနဲ့ လက်နက်တွေနဲ့ ဖမ်းတယ်ဆိုတာ တကယ်ပရော်ဖက်ရှင်နယ်ဖြစ်တဲ့ စစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန်တွေလည်း မဟုတ်ဘူး။ သူတို့က ရာဇဝတ်ဂိုဏ်းဆန်ဆန် ပြည်သူလူထုကို ညှဉ်းဆဲထားလို့ အခုလိုလုပ်ခံရတာ။ US တင် မဟုတ်ပါဘူး။ စစ်တပ်ရှိနေစဉ် ကာလတလျှောက်လုံး တကမ္ဘာလုံးက လုပ်မှာပါ။
အဲဒီလုပ်လာရင်လည်း သူတို့မှာ အရည်အချင်းမရှိဘူး။ ဒါကို ဘယ်လိုပြေလည်အောင် လုပ်ရမယ်ဆိုတဲ့ အရည်အချင်းကလည်း မရှိဘူး။ တကယ်လုပ်တဲ့အခါမှာလည်း သူတို့ရဲ့ တကိုယ်ကောင်းဆန်မှုနဲ့ သူတို့ လူတစု ကောင်းဖို့အတွက်ပဲ လုပ်တာ။ ပြည်သူလူထုအားလုံး တနိုင်ငံလုံးကောင်းဖို့အတွက်ကို လုပ်ချင်တဲ့ ဆန္ဒလည်း မရှိဘူး။ လုပ်လည်း မလုပ်တတ်ဘူး။ ဒုက္ခတွေဖြစ်နေတာက စစ်တပ်ကြောင့်ဖြစ်တာ။ ဒီလို စစ်တပ်ရှိနေသ၍ ပြည်သူလူထုက အများကြီး ဒုက္ခရောက်ဦးမှာ။
မေး ။ ။ သူတို့ကတော့ ဘာမှ ဒုက္ခမရောက်ဘူး။ ဟိုးတုန်းကလည်း ဆန်ရှင်ခံခဲ့ရဖူးတယ်။ အခုဆိုရင်လည်း အဲဒီလိုသဘောမျိုးနဲ့ ပြန်ပြောလာတာကို တွေ့ရတာပေါ့။ သူတို့သဘောထားကတော့ ဆရာမပြောသလိုပဲ ပြန်သုံးသပ်ပြီး ကောင်းရာမွန်ရာ လုပ်မယ့် သဘောမတွေ့ဘူးပေါ့။ ခေါင်းမာစွာနဲ့ ဆက်လုပ်မယ့်သဘောတွေ့ရတော့ ဘာများ သုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ သူတို့ခံနိုင်တယ်ဆိုတာ သူတို့အနားမှာရှိတဲ့ ခရိုနီကတော့ ပြဿနာ ရှိချင်မှရှိမယ်။ ပိုက်ဆံအများကြီးရှိတာကို။ တကယ်ပြည်သူလူတွေကျတော့ ဒေါ်လာဈေးတွေ တက်သွားတာတို့ ကမောက်ကမတွေ ဖြစ်ကြတယ်။ အဲဒါကြောင့်မို့လို့ စစ်တပ်ရှိသမျှကာလပတ်လုံး ပြည်သူလူထုက ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူး။ မြန်မြန်ဖယ်နိုင်ရင်တော့ ဒီအခြေအနေဆိုးက လွတ်တာပေါ့။
မေး ။ ။ ဆရာမပြောတဲ့ထဲမှာလည်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် ပန်းသပိတ်မှာ ပြည်သူတွေရဲ့ သဘောထား လှုပ်ရှားမှုတွေပေါ့။ ဆရာမအနေနဲ့ ဝါရှင်တန်ရောက်နေတဲ့အခါကျတော့ အဲဒီဘက်က အမြင်ကရော ဘယ်လိုရှိပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အသံများ တိတ်နေလားလို့။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတို့ ကောင်းကောင်းသိတဲ့ လူတယောက်။ သူတို့လေးစားတယ်။ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲရောက်နေတာကို Concern ရှိတယ်။ ပြည်သူလူထုရဲ့ချစ်ခင်မှုလည်း ဒေါ်စုမှာ ရှိနေတယ်ဆိုတာ နားလည်တယ်။
ဒေါ်စုကလည်း ကျမကြားတာက ပြည်သူလူထုလုပ်နေတာကို သူထောက်ခံတယ်။ ပြည်သူလူထုလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို သူ့အတွက် ဘာမှလက်မခံစရာ မရှိဘူး။ သူအမြဲ Support လုပ်နေတာရှိတယ်။ အဲဒါကြောင့်မို့လို့လည်း ပြည်သူလူထုနဲ့ ဒေါ်စုနဲ့ တသားတည်းလို့ ပြောလို့ရတယ်။ ဝါရှင်တန်မှာ အဲဒီလိုပဲ နားလည်တယ်။ အခု ဝါရှင်တန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အများကြီး ဆွေးနွေးမှုတွေရှိနေတယ်။
လူတွေကပြောတယ်။ ယူကရိန်းကိုပဲ အလေးထားတယ်။ မြန်မာနိုင်ငံလည်း ဒီမှာ အာရုံစိုက်နေတဲ့လူတွေ အများကြီးရှိတယ်။ ကျမလာတဲ့အခါမှာ ငြိမ်ငြိမ်နေလို့ မရဘူး။ ဆွေးနွေးချက် အများကြီး ရှိတယ်။ မြန်မာနိုင်ငံအတွက် ဆွေးနွေးချက်တွေရှိလို့လည်း နောက်ဆုံးဆန်ရှင်ထွက်လာတာ။ တခုမဟုတ်တခု လုပ်နေတာပဲ။
မေး ။ ။ Burma Act ကလည်း ရှိတဲ့အခါကျတော့ မြန်မာ့အရေး နဲ့ပတ်သက်ပြီး ဘယ်လိုလှုပ်ရှားမှုတွေနဲ့ ရှေ့ဆက်သွားနိုင်လဲ။
ဖြေ ။ ။ Burma Act အောက်မှာ တော်လှန်ရေးအတွက် အကူအညီပေးနိုင်မှာ အများကြီးရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေက ရှိနေကြတယ်။ အမေရိကန်ကွန်ဂရက်ကတော့ မျက်ခြေမပြတ် ပြောနေကြတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ စကားရည်လုတာတွေလည်း လုပ်နေကြတယ်။ မြန်မာနိုင်ငံအတွက် မမေ့သွားဘူးလို့ ပြောနိုင်တယ်။
မေး ။ ။ ဖြည့်စွက်ပြောစရာရှိရင် ပြောပါဦး။
ဖြေ ။ ။ ကျမအနေနဲ့ကတော့ အခုအချိန်မှာ ရာဇဝတ်ကျူးလွန်ထားတဲ့ စစ်တပ်ရှိနေသမျှ ကာလပတ်လုံး မြန်မာ တွေ ဒုက္ခဖြစ်မယ်။ မျက်နှာငယ်နေရတယ်။ အခုဆိုရင် မြန်မာနိုင်ငံကူးလက်မှတ်နဲ့ ပြည်ပနိုင်ငံတွေသွားရင် အထင်သေးခံရတယ်။ မြန်မာပတ်စ်ပို့တွေ့လိုက်တာနဲ့ အင်မီဂရေးရှင်းက ပိုပြီးတော့ အစစ်ဆေးခံရတယ်။ အထင်သေးခံရတယ်။ အနှိမ်ခံရတယ်။
ကျမရဲ့ အိပ်မက်က တနေ့ မြန်မာလူမျိုးတွေ ကမ္ဘာပေါ်မှာ သိက္ခာရှိရှိနဲ့ ရိုသေလေးစားခံပြီးတော့ တခြားလူမျိုးနဲ့ တန်းတူ ရစေချင်တယ်။ ဒါပေမယ့် ဒီလိုရဖို့အတွက် စစ်တပ်က ဖယ်လိုက်ရမယ်။ သူတို့ရှိနေသမျှကာလပတ်လုံး မြန်မာလူမျိုးကို တကမ္ဘာလုံးက ဒီလိုပဲ အထင်သေးတာတွေ ရှိနေလိမ့်မယ်။ မရရတဲ့နည်းနဲ့ စစ်တပ်ကို ဖယ်ရှားရမယ်။
လူတိုင်းလည်း တခု တခုတော့ အမြဲလုပ်ဖို့ လိုအပ်တယ်။ တကမ္ဘာလုံးကိုလည်း စစ်တပ်ကို လက်မခံတဲ့အကြောင်း အမြဲပြနေရမယ်။ တိုက်ပွဲကိုနိုင်မယ့်ဟာက မင်းအောင်လှိုင်လက်ထဲမှာ မရှိဘူး။ ပြည်သူလူထုလက်ထဲမှာ အခုအချိန်မှာ တယောက်နဲ့ တယောက် ပူးပေါင်းဆောင်ရွက်နိုင်လေလေ လူတွေအားလုံး နည်းနည်းဖြစ်ဖြစ် ပိုလုပ်နိုင်လေလေ ပန်းတိုင်ကိုရောက်ဖို့ ပိုပြီးမြန်လာလေလေလို့ ပြောလို့ရတယ်။
You may also like these stories:
ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမှုဟာ စစ်ကောင်စီရဲ့ အသည်းနှလုံးကို ထိတာပဲ
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများကို နှိပ်ကွပ်၍ မရ
နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ
“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”
မြန်မာ့ပြည်တွင်းစစ်တွင် မည်သူနိုင်ခြေများသနည်း
တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ