စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တလိုင်းရွာရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ယနေ့ နံနက် ၄နာရီကျော်က ဗုံးကြဲသဖြင့် ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသခံများနှင့် ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
အင်အား ၇၀ ခန့်ပါသော စစ်ကောင်စီ စစ်ကြောင်း ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောများဖြင့်လာသည် ဆိုသည့် သတင်းကြောင့် မြစ်နှင့်နီးစပ်သည့် ကျေးရွာများဖြစ်သော စဉ့်ကိုင်နှင့်တလိုင်းရွာခံများ ထွက်ခွာလာချိန် တလိုင်းရွာ ဘုန်းကြီး ကျောင်းအနီး၌ ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ဒေသ အခြေစိုက်အဖွဲ့ဖြစ်သည့် Wetlet Informational Network မှ တာဝန်ရှိသူတဦးက “သူတို့ ဗုံးချလိုက်တာက တလိုင်းရွာရဲ့ အနောက်ဖျားက ဘုန်းကြီးကျောင်းဘေးမှာ သွားကျတာ။ အဲဒီနားမှာက စစ်ဘေးရှောင်ပြည်သူတွေရှိ တယ်ဗျ။ အဲဒီစစ်ရှောင်တွေက ရှိမ်းမကားကနေလာတဲ့ စစ်ကောင်စီအဖွဲ့တွေ စဉ့်ကိုင်ရွာမှာ သံခွံစက်လှေတွေ သွား ကပ်တယ်။ စဉ့်ကိုင်ကနေ တလိုင်းဘက်ကိုတက်ရင် နီးနီးလေးဆိုပြီး ပြေးကြတာ” ဟု ပြောသည်။
အဆိုပါ တိုက်လေယာဉ်မှ ဗုံး၂ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ၈ လသားအရွယ်ကလေးငယ်နှင့် အသက်၂၀ ဝန်း ကျင်အမျိုးသား ၁ ဦး၊ အသက် ၆၀ ကျော်အမျိုးသမီး ၁ ဦး သေဆုံးမှုရှိပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရထားကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အတည်ပြုသည်။
ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “မြစ်ကြောင်းနဲ့ နီးနေတော့ ခွေးသင်္ဘောကပ်လာတော့ ပြည်သူတွေက မနက် ၃ နာရီလောက်ကတည်းက တိမ်းနေကြတာ။ ရွာထဲကနေ ထွက်နေကြချိန်ပေါ့။ ဗုံးက ၂ လုံး တပြိုင်နက်ချတာ ကွဲတာက တော့ အုန်းအုန်းနဲ့ ရှေ့ဆင့် နောက်ဆင့် ၂ ချက်ကွဲတာ။ ၈ လသားအရွယ် ကလေးလေးက မိခင်ရင်ခွင်ထဲမှာပဲ ပိုက် လာရင်းနဲ့ ဗုံးစမှန်ပြီး သေတာ” ဟု ပြောသည်။
၈ လသား ကလေးငယ်ကို ပွေ့ရင်းပင် ထွက်ပြေးလာသည့်အတွက် ကလေးငယ်၏ အလောင်းကို သဂြိုဟ်ပြီးဖြစ် သော်လည်း စစ်ကောင်စီတပ်စစ်ကြောင်း ရှိနေသေးသဖြင့် ကျန်ဒေသခံများ၏ အလောင်းကို မကောက်ရသေး ကြောင်း ၎င်းက ဆက်ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်း ပျက်စီးမှုရှိသလို အုတ်နံရံများ ပြိုကျသဖြင့် ဒဏ်ရာရသူများ ရှိကြောင်း၊ ထိ ခိုက်မှုတွင် ရဟန်း ၁ ပါးလည်း ပါဝင်ကြောင်း သိရသည်။
လေကြောင်း တိုက်ခိုက်မှုအပြင် မြစ်ကြောင်းကလာသော အင်အား ၇၀ ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနံက် ၄ နာရီကျော်တွင် တလိုင်းရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နီးစပ်ရာ ကျေးရွာများသို့ ဆက်လက် ဝင်ရောက်စီးနင်းကာ စစ်ကိုင်းမြို့နယ်၊ ကျောင်းဖြူရွာမှတဆင့် ဝက်လက်မြို့နယ် ပယ်သ ကြီးရွာသို့ မွန်းလွဲပိုင်း၌ ရောက်ရှိနေကြောင်း သိရသည်။
ဝက်လက်မြို့နယ် ပယ်သကြီးရွာရောက်ရှိနေသော စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး လက်နက်ကြီးထိမှန်ပြီး ရွာထဲရှိနေအိမ်များ မီးရှို့ခံရကြောင်း Wetlet Informational Network က သိရသည်။
အဆိုပါ စစ်ကြောင်းကြောင့် တလိုင်းရွာအပါအဝင် ကျောင်းဖြူ၊ စဉ့်ကိုင်၊ ခက်ခ (အရှေ့)၊ ခက်ခ (အနောက်) အပြင် စစ် ကိုင်းမြို့နယ်နှင့်ဝက်လက်မြို့နယ်အစပ်ရှိ ကျေးရွာ ၁၀ ရွာခန့်က ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
You may also like these stories:
စစ်ကြောင်းထိုးလာသဖြင့် ဒီပဲယင်းဒေသခံ ၁၅၀၀၀ ကျော် အရေးပေါ် ရှောင်တိမ်းရ
မုံရွာ ဓားပြတိုက် သတ်ဖြတ်မှု ကျူးလွန်သူများ ဖမ်းမိဟုဆို