ဘုရင်စနစ်ကို အသရေဖျက်မှု တားဆီးသည့် တင်းကျပ်သော ဥပဒေကို ပြင်ဆင်ရန် ကတိပြုသည့် မဲဆွယ်လှုပ်ရှားမှုအတွက် ပြုပြင်ပြောင်းလဲရေး ရှေ့သို့ချီပါတီ (MFP) ကို ဖျက်သိမ်းရန် လျှောက်ထားသည့်အမှုကို ကြားနာစစ်ဆေးရန် ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဧပြီလ ၄ ရက်နေ့တွင် လက်ခံလိုက်သည်။
Move Forward ပါတီသည် စစ်တပ်၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုနှင့် တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေများကို ပြင်ဆင်ရန် မဲဆွယ်ပွဲကတိကြောင့် လွန်ခဲ့သောနှစ် မေလက ရွေးကောက်ပွဲတွင် မဲအများဆုံးရပြီး ထိုင်းနိုင်ငံ၏ နိုင်ငံရေးစနစ်ကို မှောက်လှန်လိုက်သည်။
သို့သော် ထိုပါတီ၏ ရဲတင်းသော အားထုတ်မှုသည် ထိုင်း၏ လက်ရှိ နိုင်ငံရေးနှင့်လူမှု အသိုက်အဝန်းကို တုန်လှုပ်သွားစေပြီး နိုင်ငံရေးနှင့် ဥပဒေရေးရာ အငြင်းပွားမှု လပေါင်းများစွာဖြစ်ကာ အစိုးရဖွဲ့မည့် ညွန့်ပေါင်းမဟာမိတ်အဖွဲ့မှ ထွက်ရသည်။
တော်ဝင်မိသားစုကို ကာကွယ်သည့် တင်းကျပ်သော ဥပဒေကို ပြုပြင်ပြောင်းလဲရန် ပါတီ၏ ကတိအတွက် ပါတီကို ဖျက်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသို့ တင်ပြရေးကို ရွေးကောက်ပွဲကော်မရှင်က လွန်ခဲ့သောလတွင် ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက ကြေညာချက်တစောင်တွင် ထိုကိစ္စ စီရင်ရန် တောင်းဆိုမှုကို လက်ခံကြောင်း ဧပြီလ ၃ ရက်နေ့တွင် ပြောကြားလိုက်ပြီး ပါတီအနေဖြင့် အထောက်အထားများ တင်သွင်းရန် ၁၅ ရက် အချိန်ရကြောင်း ပြောသည်။
MFP ပါတီခေါင်းဆောင် မစ္စတာ ချိုင်သာဝပ် တူလသွန်က သူ၏ပါတီသည် တရားရုံး၏ ဆုံးဖြတ်ချက်အတွက် ကောင်းစွာ ပြင်ဆင်ထားကြောင်း ပြောကြားပြီး လာမည့်အပတ်တွင် အရာရာကို ရှင်းလင်းတင်ပြမည်ဟု ပြောသည်။
“ဒီအမှုကို ကျနော်တို့နည်းနဲ့ ကျနော်တို့ ဘယ်လို ရင်ဆိုင်တိုက်ပွဲဝင်မယ်ဆိုတာ ပြည်သူလူထုကို ပြောပြဖို့ ကျနော်တို့ စီစဉ်ထားတယ်” ဟု သတင်းထောက်များကို ၎င်းကပြောသည်။
“ဒီကိစ္စကြောင့် ပါလီမန်တွင်းက ကျနော်တို့ လုပ်ငန်းတွေကို မထိခိုက်ဘူး” ဟုလည်း မစ္စတာ ချိုင်သာဝပ် တူလသွန်က ပြောသည်။
တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေနှင့်ပတ်သက်သည့် MPF ၏ ကတိသည် စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချရန် အားထုတ်မှုဖြစ်သည်ဟု အခြားတရားရုံးတခုက ဇန်နဝါရီလတွင် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုအမှုအတွက် စွဲဆိုခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် တရားစီရင်ရေးက ဝင်ရောက်စွက်ဖက်သောကြောင့် နိုင်ငံရေးပါတီများ အထိနာသည့် သမိုင်းရှိပြီး MPF ပါတီဖြစ်လာမည့် ရှေ့ပြေးပါတီ အနာဂတ်သို့ချီ (FFP) ပါတီကို ဘဏ္ဍာရေး ကိစ္စများအတွက် ၂၀၂၀ ပြည့်နှစ်က ဖျက်သိမ်းခဲ့သည်။
တော်ဝင်မိသားစုကို ကာကွယ်ခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံး၏ ဆုံးဖြတ်ချက်ကို အံ့သြမည် မဟုတ်ကြောင်း MFP ပါတီ ပြောခွင့်ရသူ မစ္စတာ ပရစ် ဝါချာရာဆင်ဒူက သတင်းထောက်များကို လွန်ခဲ့သောလက ပြောခဲ့သည်။
“အရေးအကြီးဆုံးကတော့ ဘယ်ပါတီပဲဖြစ်ဖြစ် ပါတီဖျက်သိမ်းခံရတယ် ဆိုတာဟာ သာမန်ပဲလို့ ဘယ်သူမှ မထင်စေချင်ဘူး” ဟု ၎င်းက ပြောသည်။
တရားရုံးမှ ရှင်းလင်းပြတ်သားသည့် အချိန်သတ်မှတ်ချက် မပေးသော်လည်း MFP ၏ ရှေ့ပြေး FFP ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပြီးနောက် လပိုင်းအတွင်း ဖျက်သိမ်းခဲ့သည်။
ထိုစဉ်က ဆုံးဖြတ်ချက်ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် များပြားလှသော ပြည်သူများ ဘန်ကောက်ရှိ လမ်းမများပေါ် ထွက်လာပြီး သက်ဆိုင်ရာ ရာဇဝတ်မှုဥပဒေအရ ပုဒ်မ ၁၁၂ ဟုခေါ်သည့် တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေကို ပြင်ဆင်ရန် မကြုံဖူးသည့် တောင်းဆိုမှုများ ပြုလုပ်ကြသည်။
MFP သည် ထိုလှုပ်ရှားမှုကို အခြေပြုတည်ဆောက်ပြီး ဆယ်စုနှစ် တခုနီးပါးကြာသည့် ထိုင်းစစ်တပ် ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေး အပြောင်းအလဲ မရှိသည်ကို စိတ်ကုန်နေကြသည့် သန်းပေါင်းများစွာသော ထိုင်းပြည်သူများကို စည်းရုံးခဲ့သည်။
သို့သော် ထိုသို့အားထုတ်မှုများကို နောက်ဆုံး အခက်အခဲတခုက အထက်လွှတ်တော်မှ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်များက ဘုရင်စနစ်ကို ခြိမ်းခြောက်မှုအတွက် ပါတီခေါင်းဆောင် မစ္စတာ ဖိထာ လင်ဂျာရွန်ရတ် ဝန်ကြီးချုပ် မဖြစ်စေရန် တားဆီးပိတ်ဆို့ကြသည်။
မစ္စတာ ဖိထာ လင်ဂျာရွန်ရတ်ကို နိုင်ငံရေးမှ ပိတ်ပင်နိုင်ခဲ့သည့် သီးခြားအမှုတခုတွင် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သည်ဆိုသည့် စွဲချက်မှ သူ့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ပလပ်ပေးသောအခါ ဇန်နဝါရီလတွင် ပါလီမန်သို့ ပြန်လည် ဝင်ရောက်ခွင့် ရသည်။
တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေသည် ထိုင်းလူ့အဖွဲ့အစည်းတွင် အထွတ်အမြတ်ထားသည့် ဘုရင်ကို စော်ကားခြင်းမှ ကာကွယ်ပေးရန် ရည်ရွယ်ပြီး ထိုဥပဒေချိုးဖောက်သူသည် အမှုတခုလျှင် ထောင် ၁၅ နှစ်အထိ ချခံရနိုင်သည်။
သို့သော် မကြာသေးမီ နှစ်များအတွင်း ထိုဥပဒေကို ဖွင့်ဆိုခြင်းသည် လွန်စွာ ကျယ်ပြန့်လွန်းသောကြောင့် တော်ဝင်မိသားစုကို မည်သည့် ဝေဖန်မှု၊ လှောင်ပြောင်မှု မဆိုမှ ကာကွယ်ပေးသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်သူများက ပြောသည်။
ဆန္ဒပြပွဲများအပြီး လူရာပေါင်းများစွာသည် တော်ဝင်မိသားစုကို စော်ကားသည့် ဥပဒေဖြင့် စွဲချက်တင်ခံရသည်ဟု အမှုအများအပြားကို ကိုင်တွယ်သည့် ဥပဒေအဖွဲ့တခုဖြစ်သည် လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများ၏ အဆိုအရ သိရသည်။
ထိုသို့ စွဲချက်တင်ခံရသူများထွင် ဆန္ဒပြပွဲ ဝါရင့်ခေါင်းဆောင်များနှင့် ရွေးကောက်ခံ ပါလီမန်အမတ် အနည်းဆုံး တဦး ပါဝင်သည်။
ကိုးကား ။ ။ AFP သတင်း Top Thai Court Accepts Case Seeking to Dissolve Reformist Party
You may also like these stories:
ထိုင်းနိုင်ငံတွင် တရားမျှတမှုသည် လူတိုင်းအတွက် မဟုတ်
ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ
ရန်သူဟောင်းများ ပြန်ပေါင်းတဲ့ ထိုင်းနိုင်ငံရေး ဘာလဲ ဘယ်လဲ
ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်
ဖျော်ဖြေရေးအတွက် ဆေးခြောက်သုံးစွဲမှု ပိတ်ပင်မည်ဟု ထိုင်း အစိုးရပြော