မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ညနေ ၃ နာရီခန့်အထိ အလောင်းကို ကောက်ယူ၍ မရသေးကြောင်း သိရသည်။
မနေ့က ညပိုင်းတွင် စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက အင်အား အလုံးအရင်းဖြင့် အမှတ် ၆ ရပ်ကွက်ရှိ ခံတပ် တခုကို ဝင်ရောက်ဖြိုခွင်း ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ သေဆုံး၊ ထိခိုက်မှု ရှိခဲ့သဖြင့် ယနေ့ နံနက်ပိုင်းတွင် ထပ်မံ၍ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။
မြင်းခြံ ဒေသခံတဦးက“ညတုန်းက ၁၂ ခွဲလောက် ရပ်သွားတယ်။ မနက် ၆ ခွဲကျော်လောက်မှာ စပစ်တာ အမှတ် ၆ ခံတပ် မှာပဲ။ မနက်ခင်းက လာတာ။ ၇၀ နီးပါးလောက် အင်အားသုံးတယ်။ မနေ့က သူတို့က ခံတပ်ကို ဖျက်သွားတော့ ဒီနေ့ အ မှတ် ၆ ကနေပြီး ခံတပ်ကို ပြန်ဆောက်တဲ့အချိန်မှာ ခံတပ်ဆောက်လို့ဆိုပြီး ပစ်တာ”ဟု ပြောသည်။
သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရသူများကို ကယ်ဆယ်ရေး ပြုလုပ်နိုင်ရန် ကူညီမည့် အဖွဲ့များပင် ဝင်မရသည့် အခြေအနေ တွင် ရှိနေကြောင်း သိရသည်။
“အမှတ် ၆ ရပ်ကွက် ၁ ရပ်ကွက်လုံး အိမ်တွေမှာ ရှိတဲ့ အထဲက လူကအစ အိမ်တွေမှာ ဖုန်းပါ အသံပိတ်ထားရတယ်။ အဲဒီ လိုမျိုးကို ဆိုးရွားနေတယ်။ ထွက်တဲ့လူကို ပစ်နေတာ”ဟု ကယ်ဆယ်ရေးသမားတဦးက ပြောပြသည်။
ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်မှုကို ဒေသ ခံ ပြည်သူများ ပြန်လည်ခုခံရာတွင် စစ်ကောင်စီ တပ်သား ၆ ယောက်ဆုံး၍ ၁၃ ယောက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ များက ပြောဆိုထားသည်။
ဧပြီ ၁၈ ရက်နေ့ ပစ်ခတ်မှုတွင် ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး စိုးရိမ်ရကာ ၆ ဦးမှာ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
မတ်လ ၃ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့အထိ မြင်းခြံတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၆ ယောက်ရှိပြီ ဖြစ် ကြောင်းလည်း သိရသည်။
စစ်ကောင်စီက နိုင်ငံတော် အာဏာကို အတင်းအဓမ္မ ရယူပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီ ၁၈ ရက်နေ့အထိ အ ကြမ်းဖက် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇၃၇ ဦး၊ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၃,၂၂၉ ဦး ရှိကြောင်း၊ ဖမ်းဝရမ်း အထုတ်ခံရ သဖြင့် တိမ်းရှောင်နေရသူ ၉၃၀ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကိုင်းတိုင်း၊ ကနီနှင့် မင်းကင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ
မြင်းခြံအခြေအနေ ပြင်းထန် စစ်ကောင်စီတပ်မှ ၆ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရ
မြင်းခြံတွင် နေအိမ်အတွင်း နေသူကိုပါ သေနတ်ဖြင့် ပစ်သွား