ဦးရည်မွန်(ခ)ကဗျာဆရာမောင်တင်သစ်သည် ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊မြန်မာသစ်မဂ္ဂဇင်းများတွင် တာဝန်ခံ အယ်ဒီ တာလုပ်ခဲ့ဖူးသူဖြစ်သည်။ စိမ်းရောင်စို (အထက်မြန်မာပြည်)သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥက္ကဋ္ဌ အဖြစ် ၄နှစ် လုပ်ကိုင် ခဲ့ပြီး ယခုအခါ ပြည်ထောင်စုဒေသ ပုဗ္ဗသီရိမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည်ဖြစ်သည်။ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးရည်မွန် (ခ) မောင်တင်သစ် ကို ဧရာဝတီသတင်းဌာနမှ ကော်ပီအယ်ဒီတာ Kငြိမ်းချမ်း က မေးမြန်း ထားသည်။
မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကအရွေးခံမယ်လို့သိရပါတယ်။ ဘယ်မြို့နယ်က အရွေးခံမှာပါလဲ။ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ
ဖြေ။ ။ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်မှာ ကျနော် ယှဉ်ပြိုင်မှာပါ။ ပြည်သူ့လွှတ်တော်က ဒီ ပုဗ္ဗသီရိ မှာ ကိုယ်စားလှယ်လောင်း ၃ ဦးရှိတယ် ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဆို ကျနော်ပေါ့။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီကဆို ဦးဝေလွင်(အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး) ။ တတိယ တယောက်က ဦးမြင့်လွင်သန်း။ တသီးပုဂ္ဂလပေါ့။ ကျနော် ယုံကြည်မှုတော့ရှိပါတယ်။၂၀၁၂မှာတုန်းကလည်း ပုဗ္ဗ သီရိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင် ရခဲ့တယ်။ ကျနော့် အနေနဲ့ဆိုရင်လည်း ကျနော်က ဒီဒေသသားဗျ။ ကျည်တောင်ကန်ဇာတိဆိုတော့ကျနော့်ကိုလည်း မဲဆန္ဒရှင် တွေ သိပါတယ်။ မဲဆန္ဒရှင်တွေရဲ့လိုအပ်ချက်တွေ လိုလား ချက်တွေ ကျနော်သိတယ်ဆိုတော့ မျှော်လင့်ချက် ရှိတယ်လို့ပဲ မြင် ပါ တယ်။
မေး။ ။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးနဲ့ အနိုင်ရရေး ဘာတွေပြင်ဆင်ပြုလုပ်ထားပြီလဲ။
ဖြေ။ ။ ဘာတွေပြင်ဆင်ပြုလုပ်ထားပြီလဲဆိုတော့ စက်တင်ဘာ၈နေ့က ကျနော်တို့မဲဆွယ်စည်းရုံးရေးစတယ်။ ရွာ ၂ ရွာ မှာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံပွဲလုပ်တယ်။ အဲဒီရွာ၂ ရွာမှာ ရပ်/ကျေးဆိုင်းဘုတ်တင်ပွဲလုပ်တယ်။ သပြေကုန်းနဲ့ သာ ဂလ ကျေးရွာ ၂ ရွာပေါ့။
မေး။ ။ ကဗျာဆရာတယောက်လည်းဖြစ်တယ်၊ စိမ်းရောင်စိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥက္ကဋ္ဌလည်း လုပ်ခဲ့ဖူး တယ် ဆိုတော့ ဘာရည်ရွယ်ချက်နဲ့ဝင်ရောက်ယှဉ်ပြိုင်တာပါလဲ။
ဖြေ။ ။ ကျနော့်မှာလည်း ထိုက်သင့်တဲ့အတွေ့အကြုံရှိတယ်ပေါ့ဗျာ။ စာပေမှာရှိတယ်။ နိုင်ငံရေးမှာရှိတယ်။ သဘာ၀ ပတ်ဝန်း ကျင် မှာရှိတယ်။ သယံဇာတတူးဖော်ခွင့် ပွင့်လင်းမြင်သာမှု အဲဒီကိစ္စတွေမှာ ကျနော်အတွေ့အကြုံရှိတယ်။ ဒီအ တွေ့ အကြုံတွေအသုံးပြုပြီး လွှတ်တော်ထဲသာရောက်ခဲ့မယ်ဆိုရင်တော့ အများပြည်သူအကျိုးရှိအောင် တစုံတရာတော့ ကျနော် လုပ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်။
မေး။ ။ မဲဆွယ်စည်းရုံးရေးမှာ ဘာတွေအခက်အခဲရှိပါသလဲ။
ဖြေ။ ။ အခုထိတော့မရှိပါဘူးဗျ။ ဒီနယ်တနယ်လုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုရော ကျနော့်ကိုရောအားပေး ထောက်ခံဝန်းရံတဲ့သူတွေ အမြောက်အမြားရှိပါတယ်။ သူတို့ရဲ့အကူအညီနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ကျနော် လွယ်လွယ်ကူကူလုပ်နိုင်မယ့်သဘောရှိပါတယ်။
မေး။ ။လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတမယ်လို့မျှော်လင့်ပါသလား။
ဖြေ။ ။ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့က ကျနော်တို့အားလုံးက ဝိုင်းပြီးတော့တွန်းအားပေးရမှာပဲဗျ။ ဒီမိုကရေစီကို သွားချင်တယ်ဆိုရင် အနည်းဆုံးရွေးကောက်ပွဲတွေက တရားမျှတမှုနဲ့လွတ်လပ်မှုရှိဖို့လိုအပ်မှာပေါ့။ အဲဒီအတွက် ဒီမိုကရေစီ အင်အားစုတွေရော နိုင်ငံတကာက ဗမာပြည်အကျိုးလိုလားသူတွေပါ ဝိုင်းဝန်းပြီး မျက်ခြေမပြတ် စောင့်ကြည့် တွန်းအား ပေးဖို့တော့ လိုလိမ့်မယ်ဗျ။
မေး။ ။ အနိုင်ရခဲ့ရင်ရော ဘာတွေ ဦးစားပေးလုပ်ဆောင်ဖို့ရှိပါသလဲ။
ဖြေ။ ။ အားလုံးသိတဲ့အတိုင်းပဲ။ ဒီမှာနေပြည်တော်တည်ဆောက်ရေးစီမံကိန်းကြီးရှိခဲ့တယ်ဗျာ။ အဓိကပြဿနာက ဘာလဲဆိုတော့ လယ်ယာမြေတွေအမြောက်အမြား နေပြည်တော်တည်ဆောက်ရေးအတွက်သိမ်းခံခဲ့ရတဲ့ကိစ္စတွေ ပေါ့ဗျာ။ ပြောစရာရှိနေတာက မြေယာဆုံးရှုံးတဲ့လူတွေက တရားမျှတတဲ့ရပိုင်ခွင့်တွေ၊ခံစားခွင့်တွေ ဒါတွေတော့ ခုချိန်ထိ မရှိသေး ဘူးလို့ ကျနော်ပြောလို့ရတယ်။
အသိမ်းခံရတဲ့မြေယာတွေနဲ့ပတ်သက်ပြီး ထိုက်သင့်တဲ့ရပိုင်ခွင့်၊ ဒါကို ဥပဒေနဲ့ အညီရရှိရေးကို ပထမဦးစားပေးအနေနဲ့ လုပ်ပေးရမှာရှိပါတယ်။ ဒုတိယဦးစားပေးအနေနဲ့က ဒီဒေသရဲ့အခြေခံ အဆောက်အအုံပိုင်းပေါ့။ ကျနော့် မြို့နယ်က ကျေးရွာတွေများတယ်ဗျ။ အခြေခံအဆောက်အအုံပိုင်းမှာ လမ်းလိုအပ် ချက်တွေရှိမယ်။ လျှပ်စစ်မီးလိုအပ်ချက်တွေရှိမယ်။ သောက်သုံးရေလိုအပ်ချက်တွေရှိမယ်။ စိုက်ပျိုးရေးမှာဆိုလည်း စိုက်ပျိုးရေးလိုအပ်ချက်တွေရှိမယ်။ ကျန်တဲ့ ပညာရေး၊ ကျန်းမာရေး အခြေခံလိုအပ်ချက်တွေရှိမယ်။ ဖြစ်နိုင်သမျှ ပေါ် ပေါက်လာဖို့ ဦးစားပေးအနေနဲ့လုပ်ရမှာတွေရှိတယ်။
တတိယပြဿနာက လူအများစုကလယ်သမားတွေလေ။ လယ် သမားတွေလယ်ယာမြေတွေဆုံးရှုံးပြီဆိုတဲ့အခါကျတော့ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ပေါ့။ အလုပ် အကိုင်အခွင့်အလမ်းပြဿနာပေါ့ဗျာ။ လယ်သိမ်း လိုက်တဲ့ အခါကျတော့ လယ်သမားကလည်းလယ်ပဲစိုက်တတ်တာ လေ။ ကျန်တဲ့အသက်မွေးဝမ်းကျောင်း တခုပြောင်းဖို့ဆိုတာက သူတို့အဖို့မလွယ်လှဘူး။ အဲဒါကိုကျနော်တို့က စာနာ နားလည်ပြီးတော့ အကူအညီ ပေးပြီးအသက်မွေး ဝမ်းကျောင်း အလုပ် အကိုင် ဖန်တီးပေးပြီးအားပေးတာမျိုး။ ဒါတွေကိုလည်း တတိယဦးစားပေးအနေနဲ့လုပ်ရလိမ့်မယ်။