တရုတ်ကျောထောက်နောက်ခံပြု ဒေါ်လာ ၉ ဘီလီယံတန် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက ပြန်လည်သုံးသပ်နေခြင်းသည် ခေတ်သစ် ပိုးလမ်းမ စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ နှင့် ညှိနှိုင်းဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင်ရန် လိုအပ်နေကြောင်း ဖော်ပြချက်ဟု မြင်သည်။
တရုတ်နိုင်ငံသည် ၎င်း၏ ပိုးလမ်းမသစ် အစီအစဉ်အရ အာရှနှင့် ဥရောပတိုက်သို့ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တည်ဆောက်ရေး ဒေါ်လာ ၁ ထရီလီယံထိ ကုန်ကျခံရန် ရည်မှန်းထားသည်။ ထိုအထဲ မြန်မာ စင်္ကြန်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းအတွက် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်တပေါက်အဖြစ် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျသည်။
အရှေ့အလယ်ပိုင်းမှ သယ်လာသော ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို ကျောက်ဖြူဆိပ်ကမ်းတွင် ချထား သိမ်းဆည်းပြီး မြန်မာပြည်ကို ဖြတ်၍ သွယ်တန်းထားသော ပိုက်လိုင်းမှ တဆင့် ယူနန်ပြည်နယ်သို့ ပို့ဆောင်မှုသည် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာနေသော တရုတ်နိုင်ငံ၏ အနာဂတ် စွမ်းအင် လုံခြုံရေးမူဝါဒ တစိတ်တပိုင်းလည်း ဖြစ်သည်။ ထို့ကြောင့် ကျောက်ဖြူစီမံကိန်းအတွက် လွန်ခဲ့သော ၃ နှစ်က တင်ဒါအောင်မြင်ခဲ့သော တရုတ်နိုင်ငံပိုင်ကုမ္ပဏီ CITIC Group က ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန် တခုတို့ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုး သတ်မှတ်ခဲ့သည်။
CITIC က စီမံကိန်း၏ ရှယ်ယာ ၇၀ ရာ ခိုင်နှုန်းကို ရယူရန် အဆိုပြုခဲ့သည်။ ကျန်သည့် ရှယ်ယာကို မြန်မာအစိုးရနှင့် ပြည်တွင်း ကုမ္ပဏီများ ပါဝင်သည့် အုပ်စု တခုက ခွဲဝေ ရရှိမည် ဖြစ်သည်။ တရုတ်ကုမ္ပဏီက စီးပွားရေးဇုန်ကို ၇၅ နှစ် လုပ်ကိုင်မည် ဖြစ်ပြီး မြန်မာ၏ ရှယ်ယာကို ထည့်ဝင်ပေးလိမ့်မည် ဖြစ်သည်။ ထို့အတွက် မြန်မာ အစိုးရက တရုတ် သွင်းကုန်-ထုတ်ကုန် ဘဏ် (Export-Import Bank of China) မှ ဒေါ်လာ ၂ ဘီလီယံမှ ၃ ဘီလီယံအတွင်း ချေးယူရလိမ့်မည်။
ရခိုင်မြောက်ပိုင်းအရေးကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ လစ်လပ်သွားသော မြန်မာ့ရင်းနှီးမြှုပ်နှံမှု လေဟာနယ်တွင် တရုတ်က ဖြည့်ဆည်းပေးချင်နေသည်မှာ မြေကြီးလက်ခတ်မလွဲ သေချာသည်။ ကျောက်ဖြူသို့သာမက အရှေ့တောင်အာရှတလွှား ဖြတ်သန်းသွားရန် ရည်ရွယ်ထားသော အမြန်ရထားလမ်းကဲ့သို့ စီမံကိန်းများ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများကြား ဆက်သွယ် ဖောက်လုပ်ရန်လည်း စိတ်ကူးစိတ်သန်း ရှိကြသည်။
သို့သော် မေးခွန်းမှာ ထိုသို့စီမံကိန်းကြီးများမှ မြန်မာတို့အတွက် မည်သည့် အကျိုးအမြတ် ရမည်နည်း။ ယခုထိ ဆောက်လုပ်ပြီးသမျှ တရုတ် စီမံကိန်းများကြောင့် အခွန်အကောက်မှ လွဲပြီး မည်သည့် အလုပ်အကိုင်နှင့် နည်းပညာတို့ကိုမျှ မရသေးပါ။ ပိုပြီး စိုးရိမ်ဖွယ်မှာ အကြွေးထောင်ချောက်တွင် ပိတ်မိမည်ကိုပင်။
လောလောလတ်လတ် သီရိလင်္ကာမှ ဒေါ်လာ ၁ ဘီလီယံတန် ဟမ်ဘန်တိုတာ ဆိပ်ကမ်းတည်ဆောက်ရန် သီရိလင်္ကာ အစိုးရက ငွေအမြောက်အများ ချေးယူခဲ့ရပြီး ချေးငွေကို ပြန်မဆပ်နိုင်သဖြင့် အကြွေးကျေရန် တရုတ်နိုင်ငံကို ၉၉ နှစ် လုပ်ပိုင်ခွင့် ပေးလိုက်ရသည့် သာဓကက မြန်မာအစိုးရကို ခြောက်လှန့်နေခဲ့သည်။ အကျိုးအမြတ်မယူသည့် သုတေသန အဖွဲ့အစည်းတခု ဖြစ်သော The Center for Global Development ၏ လေ့လာချက်အရ ဂျဘူဒီ၊ ကာဂျစ္စတန်၊ လာအို၊ မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊ မွန်တီနီဂရိုး၊ ပါကစ္စတန် နှင့် တာဂျစ်ကစ္စတန် စသည့် ၈ နိုင်ငံက ပုံမှန် အကြွေးအဆင့်အတန်း၏ အထက်သို့ရောက်ရှိ၍ အန္တရာယ် ဖြစ်နိုင်သည်ကို တွေ့ရှိခဲ့ခြင်းကလည်း သတိမူစရာပင်။
ငွေချေးထားသူများ အပေါ် တရုတ်နိုင်ငံ၏ တုန့်ပြန်မှုများက တခုနှင့်တခု တူညီမှု မရှိခဲ့ပါ။ တရုတ် နိုင်ငံက ဆင်းရဲသော နိုင်ငံများနှင့် အလုပ်လုပ်သည့် နိုင်ငံတကာ မြီရှင်များ အသုံးပြုသော အလေ့အထကောင်း များကို လိုက်နာခြင်း မပြုခဲ့ပါ။ တခါတရံတွင် အကြွေးများကို လျှော်ပေးခဲ့သည်။ အခြားသော အချိန်များတွင် နယ်မြေ အငြင်းပွားခြင်း သို့မဟုတ် လျော်ကြေးအနေဖြင့် အခြေခံအဆောက်အဦး ထိန်းချုပ်ခွင့် တောင်းဆိုခြင်းများ ပြုလုပ်ခဲ့သည်။
ယမန်နှစ်က ပါကစ္စတန် နှင့် နီပေါတို့က တရုတ်နိုင်ငံ၏ အခြေခံ အဆောက်အဦး ဆိုင်ရာ ချေးငွေများကို ပယ်ချခဲ့ကြပြီး အခြားသော ဘဏ္ဍာငွေ ထောက်ပံ့မှု အရင်း အမြစ်များ ရရှိရန် ကြိုးပမ်းခဲ့ကြသည်။ မလေးရှား အစိုးရသစ်ကလည်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ပြန်လည်သုံးသပ်နေပြီဖြစ်သည်။
တရုတ်၏ စီးပွားရေးလုပ်ငန်းများကြောင့် နောက်ဆက်တွဲ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ရေး ထိခိုက်ပျက်စီးမှုများသည် မြန်မာနိုင်ငံနှင့်လည်း မစိမ်းလှ။ မြစ်ဆုံ ရေကာတာ၊ လက်ပံတောင်း ကြေးနီမိုင်းတို့က လူကြိုက်နည်းသည့်အပြင် တဖြည်းဖြည်း ကုန်ခမ်းလာသော သစ်တောများနှင့် ဖားကန့် ကျောက်စိမ်းတွင်းများကလည်း မြန်မာနိုင်ငံကို တစ္ဆေခြောက်နေသေးသည်။
ကမ္ဘာ့ စီးပွားရေး အင်အားကြီး ဖြစ်လာနေသော အိမ်နီးချင်း တရုတ်နိုင်ငံကို မြန်မာတို့ ရှောင်လွှဲ၍ လုံးဝ မရနိုင်ချေ။ ကျောက်ဖြူအပါအဝင် တရုတ်တို့၏ ပိုးလမ်းမ စီမံကိန်းများသည် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ အလွန်အမင်း လိုအပ်နေသော မြန်မာနိုင်ငံ အတွက် ၂ ဦး ၂ ဘက် အကျိုးရှိစေမည့် ကိစ္စတခုသာ ဖြစ်သင့်သည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အားထုတ်မှုများကို အကြွေးဖြင့် ဝန်ထုတ်ဝန်ပိုး မပိစေသင့်ပါ။
ထို့ပြင် အကြွေးများ ပိုမိုညီမျှစွာ ဖြန့်ထုတ်နိုင်ရန် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အတွင်းသို့ အခြားသော နိုင်ငံများကိုပါ ထည့်သွင်း ခေါ်ဆောင်နိုင်မည့် အခွင့်အလမ်းကို ဖန်တီးထားသင့်သည်။ တရုတ်နိုင်ငံ၏ စီမံကိန်းကြီးများက မြန်မာတို့အတွက် မည်ကဲ့သို့ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းမည်ဆိုသည်ကို မြန်မာနိုင်ငံသားများ သိရှိလာစေရေး ပိုမို ပွင့်လင်းမြင်သာစွာ ပြသရန်ကလည်း အထူး အရေးကြီးကြောင်း တောင်းဆိုတင်ပြအပ်ပေသည်။