မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိတ်တပိုင်းဖြစ်သည့် အင်ဂျင်နီယာ ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြု အလုပ်လုပ်ခွင့်များ ပါဝင်သည့် သဘောတူညီမှု တရပ်ကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနှင့် တရုတ်နိုင်ငံ China Association for Science and Technology တို့အကြား အပြန်အလှန် သဘောတူညီမှု အရ တရုတ်နိုင်ငံသား အင်ဂျင်နီယာ ရာနှင့်ချီပြီး မြန်မာနိုင်ငံသို့ လာရောက် အလုပ်လုပ် ကိုင်တော့မည်ဖြစ်သည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား အင်ဂျင်နီယာများ ရာနှင့်ချီ လာရောက် လုပ်ကိုင်ခွင့်ပေးခြင်းဖြင့် မြန်မာနိုင်ငံ အတွက် မည်ကဲ့သို့ အကျိုးရှိမည်၊ အဆိုပါ သဘောတူညီမှုတွင် မည်သည့်အခွင့်အရေးများကို ခွင့်ပြုထားသည်ကို သိရှိရန်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဦးချာလီသန်း ကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်း ထားပါသည်။
မေး ။ ။ သဘောတူညီမှု လက်မှတ်ရေးထိုးမှုမှာ ဘယ်လိုအချက်တွေ ပါဝင်သလဲရှင့်။
ဖြေ ။ ။ အခုက စာချုပ်အဆင့်မရောက်သေးဘူး Arrangement ပေါ့။ ဒီလိုလုပ်မယ်ဆိုတဲ့ အစီအစဉ်ကို သဘောတူညီ တာပဲ ရှိတယ်။ တယောက်နဲ့ တယောက် စောင့်ကြည့်နေတုန်းပဲ မှားတာ မှန်တာ ရှိရင်ပြင်ဦးမယ် ပြင်လို့ လုပ်ရင်း ၄ နှစ် ကြာရင် ကြာမယ် ၅ နှစ်ကြာရင် ကြာမယ်။ အဲဒီအခါ ချောမွေ့သွားတယ်ဆိုရင် Agreement ပြန်လုပ်မှာပေါ့။
အာဆီယံ ၁၀ နိုင်ငံက စခဲ့တုန်းကလည်း အပြန်အလှန် သဘောတူညီ အသိအမှတ်ပြုတဲ့ ASEAN Mutual Recognition Arrangement On Engineering Services (MRA) အစီအစဉ် စတယ်။ ၂၀၀၅ တုန်းကဆိုတော့ ၁၀ နှစ်ကျော်သွားပြီပေါ့။ တော်တော်လေး အတွေ့အကြုံရနေပြီ။
ကျနော်တို့ နိုင်ငံမှာလည်း အာဆီယံ အသိအမှတ်ပြုတဲ့ အင်ဂျင်နီယာ ၆၀၀ ကျော် လောက် အထိ ရှိနေပြီ။ သို့ပေမယ့် အာဆီယံ ပြင်ပမှာ ရှိနေတဲ့ နိုင်ငံများနဲ့ ပတ်သက်တာက ခုနက ပြောတဲ့ MRA နဲ့ အကျုံးမဝင်ဘူး။
အဲဒီတော့ တရုတ်ပြည်က အင်ဂျင်နီယာတွေက မြန်မာနိုင်ငံမှာ လာပြီး အလုပ်လုပ်တယ်။ မြန်မာနိုင်ငံက အင်ဂျင်နီယာ တွေက တရုတ်ပြည်မှာ သွားအလုပ်လုပ်မယ်ဆိုရင် အဲဒီအင်ဂျင်နီယာတွေကို အပြန်အလှန် အသိအမှတ်ပြုတဲ့ အစီအစဉ် လိုအပ်တယ်။ အဲဒီတော့ အသိအမှတ်ပြုဖို့ အတွက်ကို ပထမဆုံး လိုအပ်တဲ့ အချက်က အင်ဂျင်နီယာဘွဲ့ ရှိရမယ်။
အင်ဂျင်နီယာ လုပ်သက် သတ်မှတ်ချက် အနည်းဆုံး ၅ နှစ်ရှိရမယ်။ တာဝန်ခံအနေနဲ့ ၂ နှစ်လုပ်ရမယ်။ ပြီးတော့ အင်ဂျင် နီယာ အဖြစ်နဲ့ လက်မှတ် ကိုင်ဆောင်ထားရမယ်။ အဲဒါကို လက်မှတ်ထုတ်ပေးတဲ့ အဖွဲ့အစည်းက တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှာဆိုရင် China Association for Science and Technology (CAST) အဖွဲ့အစည်းက အဲဒါကို ကိုင်တယ်။ မြန်မာနိုင်ငံမှာ ဆိုရင် အဲဒီလို လက်မှတ်ထုတ်ပေးတာကို အင်ဂျင်နီယာ ကောင်စီက ကိုင်တယ်။
အခုကျတော့ ကျနော်တို့ဆီမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကနေ လာလုပ်တဲ့ ကုမ္ပဏီတွေက ပါလာတဲ့ အင်ဂျင်နီယာတွေ များလာတယ်။ များလာတဲ့ အခါမှာ မှတ်ပုံတင်ဖို့ လိုအပ်လာတယ်။ အဲဒါကို စနစ်တကျ မှတ်ပုံတင်နိုင်ဖို့ အတွက်ကို CAST နဲ့ ညှိနှိုင်းပြီးတော့ သဘောတူညီမှု လုပ်ခဲ့တာ။
မေး ။ ။ အခုလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုက တရုတ်ပြည်နဲ့ စတင် လုပ်ဆောင်တာလား။
ဖြေ ။ ။ ၂၀၀၅ မှာက အာဆီယံ ၁၀ နိုင်ငံနဲ့ လုပ်ပြီးပြီ။ အဲဒါနဲ့ ပတ်သက်တာအပြင် ဆိုရင်တော့ တရုတ်နဲ့ စလုပ်တာ။ ဆက်ပြီးတော့ လုပ်ဖို့က ဂျပန်၊ ကိုရီးယား၊ သြစတေးလျ၊ နယူးဇီလန်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ အမေရိကန် အခုလက်ရှိ အဲဒီနိုင်ငံကလူတွေ ဒီနိုင်ငံမှာ လုပ်နေတယ်။ အဲဒီနိုင်ငံတွေနဲ့ အခုလို အပြန်အလှန် လက်မှတ်ထိုးမှာကို ဆက်လုပ်ရဦးမယ်။
မေး ။ ။ နိုင်ငံတွေ အများကြီးထဲမှာမှ တရုတ်ကို ဘာကြောင့် အရင်စတင်ဖြစ်တာလဲ။
ဖြေ ။ ။ ဥပဒေမှာ လာရောက် လျှောက်ထားတဲ့ အခါ လုပ်ပေးရမယ်ဆိုတာ ပါတယ်။ အခုအချိန်မှာ လာရောက်ပြီးတော့ အများအပြား လျှောက်ထားတာက တရုတ်နိုင်ငံက အများဆုံး ဖြစ်နေတယ်။ လျှပ်စစ်စွမ်းအင်ဘက်နဲ့ ပတ်သက်တဲ့ အင်ဂျင် နီယာ ၁၃၉ ယောက် လာလျှောက်တယ်၊ တံတားနဲ့ ပတ်သက်တဲ့ အင်ဂျင်နီယာ ၁၁ ယောက် လာလျှောက်တယ်။
အဲဒီလူတွေရဲ့ လက်မှတ်က မှန်လား၊ မမှန်လားဆိုတာ ကျနော်တို့က မသိဘူး။ အဲဒီအတွက် အခုလို သဘောတူညီမှု ယူလိုက်ပြီးတဲ့ အခါမှာ အဲဒီအဖွဲ့အစည်းက စစ်တာပေါ့။
မေး ။ ။ အခုလို နှစ်နိုင်ငံ သဘောတူညီမှု လုပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပေးပါဦး။
ဖြေ ။ ။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ဘက်က ခံစစ်ပေါ့။ အဲဒီအလုပ်တွေ အကုန်လုံး လုပ်ငန်းလာလုပ်တာ ဘယ်သူက လာလုပ်တာလဲ။ လုပ်ငန်းကြီးတွေ ရင်းနှီးမြှုပ်နှံတဲ့ သူကလည်း သူတို့လူတွေ သူတို့ခေါ်လာတယ်။ ဒီဥပဒေ အရဆိုရင်တော့ လုပ်ခွင့်ပေးမယ် လုပ်ပါ။
ဒါပေမယ့် မြန်မာအင်ဂျင်နီယာ တယောက်နဲ့ တွဲလုပ်ပါ။ မြန်မာပညာရှင်က သူတို့ဘာလုပ်တယ် ဘာကိုင်တယ်ဆိုတာကို သိမယ်။ အချိန်တခု ရောက်လာတဲ့ အခါမှာ အဲဒီအင်ဂျင်နီယာဟာ ဒီလုပ်ငန်း ကို သူ့ဘာသာ လုပ်နိုင်မယ့် အနေအထား ဖြစ်လာမယ်။
မေး ။ ။ အင်ဂျင်နီယာ ကောင်စီက အသိအမှတ်မပြုဘဲ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ပညာရှင်တွေကိုရော ဘယ်လို အရေးယူမှု လုပ်လို့ရလဲ။
ဖြေ ။ ။ ကျနော်တို့ဆီမှာ မှတ်ပုံလာ တင်ထားတဲ့ အရေအတွက်က ၂၉ ယောက်ပဲရှိသေးတယ်။ အဲဒီတော့ မှတ်ပုံမတင်ဘဲ လုပ်နေတဲ့သူတွေ အများအပြား ရှိနေတယ် ဆိုတာတော့ ထင်ရှားနေတယ်ပေါ့။ သို့ပေမယ့် ကောင်စီ ပေါ်ပေါက်လာတာက ၂၀၁၃ ကမှ စပေါ်ပေါက်လာတာ ဖြစ်တဲ့အခါကျတော့ ကောင်စီရဲ့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေကို လူတွေတော်တော် များများက သေချာမသိသေးဘူးပေါ့။
မသိတာက အစိုးရဌာနကလည်း ဖြစ်နိုင်တယ် အပြင်ပုဂ္ဂလိကကလည်း ဖြစ်နိုင်တယ်။ အစိုးရနဲ့ ပုဂ္ဂလိက ပေါင်းစပ် လုပ်နေတာ တွေလည်း ရှိတယ်။ အဲဒီ အဖွဲ့အစည်းတွေ သိဖို့လည်း လိုသေးတာပေါ့။ အခု အချိန်မှာတော့ ပညာပေး ကာလလို သဘောမျိုး လုပ်ပြီးတော့ စည်းရုံးပြီး ဖြည်းဖြည်း ဆောင်ရွက်နေတယ်။
မေး ။ ။ တရားဝင် မှတ်ပုံတင် မထားဘဲ လုပ်နေတဲ့ သူတွေကို ဥပဒေနဲ့ကရော ဘယ်လို ကိုင်တွယ်နိုင်လဲ။
ဖြေ ။ ။ ဥပဒေ ပုဒ်မ ၃၉ မှာက အစိုးရဌာနနှင့် အစိုးရ အဖွဲ့အစည်းများတွင် ခန့်အပ်ထားသော အင်ဂျင်နီယာ ဝန်ထမ်း များက တာဝန်အရ ဆောင်ရွက်ခြင်းမှ အပ မည်သူမျှ ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများဖြင့် သတ်မှတ် ထားသည့် အများပြည်သူ ဘေးအန္တရာယ် ဖြစ်စေနိုင်သော အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းနဲ့ နည်းပညာဆိုင်ရာ လုပ်ငန်း များကို ကောင်စီက ထုတ်ပေးထားသော မှတ်ပုံတင် လက်မှတ်မရှိဘဲ လုပ်ကိုင်ခွင့် မပြုရ ဆိုတာကို သတ်မှတ်ထားတာပေါ့။
အဲဒီတော့ အဓိပ္ပာယ်က အင်ဂျင်နီယာ လုပ်ငန်း လုပ်ကိုင်မယ်ဆိုရင် မှတ်ပုံတင် နံပါတ်ရှိရမယ်။ နိုင်ငံခြားသား တယောက် အနေနဲ့ ဆိုရင်တော့ တည်ဆောက်မယ့် အဆောက်အဦကို သူရဲ့ Plan တို့ Project တို့မှာ လက်မှတ်ထိုးပိုင်ခွင့် မရှိဘူး။ သူက ဘယ်သူနဲ့ တွဲလုပ်ရမလဲဆိုရင် မြန်မာနိုင်ငံသား အင်ဂျင်နီယာ ပညာရှင်တယောက်နဲ့ တွဲပြီးတော့ လုပ်ရမယ်လို့ သတ်မှတ်ထားတယ်။
ဒါပေမယ့် မှတ်ပုံတင်တော့ ရှိရမယ် ဆိုတာကို အခုချိန်မှာ စည်းရုံးပြီးတော့ လုပ်နေရတဲ့ အနေအထား ဖြစ်ပါတယ်။ အဲဒီလို စည်းရုံးပြီးတော့ လုပ်နေတဲ့ အချိန်မှာပဲ သူတို့က လာလျှောက်ပေမယ့်လည်း တဖက်အဖွဲ့အစည်းနဲ့ နားလည်မှု မရှိတဲ့ အခါကျတော့ အရမ်းကြန့်ကြာတဲ့ ကိစ္စတွေ ဖြစ်လာတယ်။ အဲဒီလို မဖြစ်ဘဲနဲ့ One Stop Service နဲ့ ရနိုင်ဖို့ အတွက်ကို လုပ်နေတာ။
မည်သူမဆို ပုဒ်မ ၃၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားကြောင်း စီရင်ခြင်း ခံရလျှင် ထိုသူသည် ၂ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ ချမှတ်ခြင်း ခံရမည်ဆိုတာကို သတ်မှတ် ချက်မှာ ပါတယ်။
မေး ။ ။ ဒီလို နှစ်နိုင်ငံသဘောတူ စာချုပ် လုပ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့က ဘယ်လိုကောင်းကျိုးတွေ ခံစားရနိုင်လဲ။ ဒီလိုမလုပ်ခင်ကရော နိုင်ငံအနေနဲ့ ဘာတွေဆုံးရှုံးခဲ့လဲ။
ဖြေ ။ ။ Engineering Services ကို အင်ဂျင်နီယာနဲ့ နည်းပညာရှင်တွေကပဲ လုပ်ရမယ်လို့ သတ်မှတ်ထားတယ်။ ဒီလုပ်ငန်းက ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်နိုင်တယ်။ ဒါကြောင့်မို့လို့ အင်ဂျီနီယာ လုပ်ငန်း လုပ်မယ်ဆိုရင် အင်ဂျင်နီယာ လက်မှတ်ရှိတဲ့ သူတွေ အတတ်ပညာရှင်တွေပဲ လုပ်ရမယ်လို့ သတ်မှတ်ထားတယ်။
အဲဒီတော့ အင်ဂျင်နီယာ ကောင်စီ မပေါ်ခင်တုန်းကတော့ မှတ်ပုံတင် လက်မှတ် မရှိဘဲနဲ့ အင်ဂျင်နီယာ လုပ်ငန်းကို ကြိုက်တဲ့သူက လုပ်လို့ရတယ်။ အင်ဂျင်နီယာ ကောင်စီ ပေါ်တဲ့ နောက်ပိုင်းမှာကျတော့ Engineering Services ကို ပေးမယ်ဆိုရင် အင်ဂျင်နီယာ လက်မှတ် ကိုင်ဆောင်သော လူတွေမှ လုပ်ရမယ်။
အထူးသဖြင့် ပြည်သူနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ ဥပမာ လမ်းတို့ တံတားတို့ အဆောက်အဦကြီးတွေပေါ့ လူအများအပြား သေစေနိုင်တဲ့ အဆောက်အဦ တွေကို လုပ်ရင်တော့ လိုင်စင်ရှိတဲ့သူမှ လုပ်ရမယ်ဆိုတာ ဖြစ်လာတာပေါ့။
အဲဒီလို ဖြစ်လာတဲ့ အခါမှာ ပြည်တွင်းက ပညာရှင်တွေလိုပဲ ပြည်ပကနေလာတဲ့ အင်ဂျင်နီယာ ပညာရှင်တွေနဲ့ လုပ်တဲ့ လုပ်ငန်းတွေလည်း ရှိတယ်ပေါ့။ ဘယ်ပရောဂျက် ဆိုရင်တော့ ဘယ်သူဆိုတာကို သတ်သတ်မှတ်မှတ် မှတ်ပုံတင်ထားမှ သာလျှင် သူတို့ကို ကျနော်တို့ စည်းကမ်းနဲ့ ထိန်းကျောင်းလို့ရမယ်။
အဲဒီလို လုပ်ခြင်းအားဖြင့် ဘာအကျိုးရှိလာမလဲ ဆိုတော့ ဘယ်လုပ်ငန်းမှာ ဘယ်သူ လုပ်နေလဲ အဲဒီလူတွေက ဘယ်လောက်အထိ ကျွမ်းကျင်လဲဆိုတာ ကျနော်တို့က သိလာရမယ်။ သူတို့လိမ်လည်ပြီးတော့ လုပ်မယ်ဆိုရင် ဒါက ထိန်းကျောင်းလို့ရမယ့် အနေအထားပေါ့။ တကယ့် ပညာရှင်ရော လာဆောက်နေရဲ့လား လာလုပ်နေတာ တကယ့်ပညာရှင် ရော ဟုတ်ရဲ့လား ဆိုတာတွေ ပေါ်ပေါက်လာမယ်။ ဒါတွေက ကျနော်တို့ တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးတယ်။ လေးနက်မှုလည်း ရှိတယ်။
မေး ။ ။ ပြည်ပညာရှင်တွေကို အခုလို တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်ထုတ်ပေးတဲ့ အခါကျတော့ ပြည်တွင်းပညာရှင် တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးသွားမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိကြတော့ အဲဒီအပေါ်မှာရော ဘယ်လို ချိန်ညှိထားတာမျိုးရှိလဲ။
ဖြေ ။ ။ နည်းဥပဒေမှာ နိုင်ငံခြားသား အင်ဂျင်နီယာ တယောက် အလုပ်လုပ်ရင် မြန်မာအင်ဂျင်နီယာ တယောက်နဲ့ တွဲပြီး တော့ လုပ်ရမယ်ဆိုတဲ့ သတ်မှတ်ထားတယ်။ အဲဒီလို ဖြစ်တဲ့အတွက် နိုင်ငံခြားသား အင်ဂျင်နီယာ တယောက် ဝင်လာတိုင်း ဝင်လာတိုင်း မြန်မာတယောက်က အလုပ်တခု ရနေမယ်။ အများက ပြောနေတဲ့ စိုးရိမ်နေသလို စိုးရိမ်စရာ မရှိတဲ့ အပြင် စည်းမဲ့ကမ်းမဲ့ လက်မှတ်မရှိဘဲ ဝင်လုပ်မယ့် သူတွေကို ကာကွယ်တာ။
မေး ။ ။ ဥပဒေအရ ကိုယ့်နိုင်ငံသားတွေကိုပါ အကျိုးရှိအောင် ပြဋ္ဌာန်းထားတာ တွေ့ရတယ်ပေါ့နော်။ ဒါပေမယ့် တကယ့် လက်တွေ့မှာက အဲဒီလို အခြေအနေမျိုး ဖြစ်ရဲ့လား။ ဘယ်လိုအခြေအနေရှိလဲရှင့်။
ဖြေ ။ ။ လက်တွေ့မှာကတော့ ခုနက ပြောသလိုပဲ ၂၉ ယောက်ပဲ ရှိသေးတယ်။ ရှိနေတဲ့ လူတွေအားလုံး Register လာလုပ်ဖို့အတွက်ကို လက်တွေ့မှာ ကြိုးစားရမယ်။ သူတို့ဘက်က မြင်တာကလည်း သူတို့လာတင်တယ် ဒီကလုပ်တာ ၃ လကြာတယ် ၆ လ ကြာတယ်ဆိုပြီး ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒါကို မြန်မြန်ဆန်ဆန်နဲ့ ရအောင် အကောင်အထည် ဖော်နေတာ ဖြစ်နေတယ်။
မေး ။ ။ အစိုးရအဖွဲ့ကရော ဒီအပေါ်မှာ အာရုံစိုက်မှု ရှိရဲ့လား။
ဖြေ ။ ။ ကောင်စီရဲ့ တာဝန်ခံဝန်ကြီးဌာနက ဆောက်လုပ်ရေး ဝန်ကြီးဌာနပေါ့။ ဆောက်လုပ်ရေးဝန်ကြီး ကိုယ်တိုင်က ဆောင်ရွက်ဖို့ အတွက်ကို လာအားပေးတယ်။ ဒါက ကျနော်တို့ အင်ဂျင်နီယာ ပညာရှင် တမျိုးတည်းကို လုပ်ရမှာ မဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ ကျနော်တို့နဲ့ အလားတူ ပညာရှင်တွေလည်း ရှိတယ်။
မေး ။ ။ နိုင်ငံခြားသား အင်ဂျင်နီယာတွေ ဘယ်လိုနယ်ပယ်တွေမှာ ဘယ်လောက်ရှိနေပြီလို့ စာရင်းပြုစုထားတာမျိုး ရှိလား။
ဖြေ ။ ။ နိုင်ငံခြားသား အင်ဂျင်နီယာတွေနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ စာရင်းမရသေးဘူး။ အများစုက ဆောက်လုပ်ရေး နယ်ပယ် မှာ ရှိတယ်။ နောက်ပြီး လျှပ်စစ် ကဏ္ဍမှာ ရှိတယ်။ တခြားသော နယ်ပယ်တွေမှာလည်း ရှိတယ်။ အဲဒါတွေကို လိုက်ပြီး ကောက်ယူနိုင်တဲ့ အခြေအနေ မရှိဘူး။
မေး ။ ။ နိုင်ငံတကာမှာဆိုရင် အခုလို တရားဝင် ခွင့်ပြုချက် မရဘဲနဲ့ လုပ်ကိုင်ခွင့် မရှိဘူးပေါ့။ ဒါပေမယ့် ဒီနိုင်ငံအနေနဲ့ အသိအမှတ်ပြုမှု မရှိဘဲနဲ့ လုပ်နေတာတွေဆိုတော့ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ဘာကြောင့်လဲ။
ဖြေ ။ ။ အဲဒါက ရင်းနှီးမြှုပ်နှံမှုဘက်က ဝင်လာအောင်လို့ ခွင့်ပြုလိုက်တယ်ပေါ့။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု အနေနဲ့ကလည်း ဒီလုပ်ငန်းကြီးရဲ့ အသေးစိတ်တွေကို မကြည့်နိုင်ဘူး။ အပိုင်းပိုင်း ကဏ္ဍ အသီးသီးက နေပြီးတော့ ညီညီညွတ်ညွတ်နဲ့ ဝိုင်းပြီး လုပ်မှ လုပ်လို့ရမယ်။
Engineering Services ပတ်သက်ပြီးတော့လည်း အခုမှ ၆ နှစ်လောက် ရှိသေးတဲ့ အခါကျတော့ ဒါလုပ်ရမယ် ဆိုတာကို မသိသေးဘူး။ မသိသေးတဲ့ အတွက် လိုက်ဟောတယ်ပြောတယ် တိုက်တွန်းတယ်ပေါ့။ စနစ်ကိုလည်း ကိုယ့်ဘာသာ တည်ဆောက်နေတယ်ပေါ့။ ကောင်စီလို လုပ်ငန်းမျိုး ဆိုတာလည်း မြန်မာပြည်မှာ တခါမှ မရှိခဲ့ဖူးဘူး။ အခုမှ စပြီး စမ်းတဝါးဝါးနဲ့ လုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက် မှတ်ပုံတင်တာတွေနဲ့ ပတ်သက်လို့ ချက်ချင်း မရသေးတာ ဖြစ်တယ်။ နောက် ၄၊ ၅ နှစ်လောက်ဆိုရင်တော့ တော်တော်လေး တိုးတက်လာမှာပါ။ သူတို့ ကိုယ်တိုင် ကလည်း လိုလိုလားလားနဲ့ လုပ်လာမှာ ဖြစ်တယ်။
မေး ။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိပါသေးသလဲရှင့်။
ဖြေ ။ ။ ဒီလိုလက်မှတ်ထိုးနိုင်ဖို့ အတွက်ကို တည်ဆောက်လာတဲ့ ကာလက ၂ နှစ်ကျော် ၃ နှစ်လောက် ရှိပြီ။ အဲဒီအချိန်ကတည်းက နိုင်ငံခြားသား အင်ဂျင်နီယာတွေက ရန်ကုန်မြို့အနှံ့မှာ အများအပြား လာလုပ်နေတာပေါ့။ နယ်စပ် တလျှောက်မှာ သွားကြည့်လိုက်ရင် သူတို့ချည်းပဲ။ ရန်ကုန်မှာလည်း သူတို့ အများအပြား လာလုပ်နေတယ်ပေါ့။ အဲဒါကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ အတွက်ကို လုပ်ဖို့လိုတယ်ပေါ့။
အဲဒီလို လုပ်ဖို့ိလိုတော့ ဆွေးနွေးရင်းနဲ့ အခုနောက်ဆုံး အနေအထားကို နားလည်မှု ရတဲ့သဘောပေါ့။ မြန်မာနိုင်ငံက အင်ဂျင်နီယာများ ကိုယ်တိုင်ကလည်း ပါဝင်ပြီးတော့ ထိန်းကျောင်းမှ ဒီလုပ်ငန်းကြီးက အောင်မြင်မယ့် အနေအထား ဖြစ်တာပေါ့။