အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံ အများစု ကြုံတွေ့နေရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း စက်ရုံ၊ အလုပ် ရုံများ ရပ်နား၊ ပိတ်သိမ်းနေရလျက် ရှိသည်။ ထိုသို့ ရပ်နား၊ ပိတ်သိမ်းမှုကြောင့် အလုပ်သမားများအနေဖြင့် အလုပ်လက်မဲ့ ပြဿနာများကို ရင်ဆိုင်လာကြရသည်။
ထိုကဲ့သို့သော အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ သမဂ္ဂများ အဖွဲ့ချုပ် (MICS) မှ အထက်မြန်မာပြည် စည်းရုံးရေးမှူးနှင့် မဟာအောင်မြေမြို့နယ် စက်မှုလက်မှုနှင့် ကုန်ထုတ်အသင်း ဥက္ကဋ္ဌလည်း ဖြစ်သူ ကိုမင်းသက်ထွေးကို ဧရာဝတီ သတင်းထောက် ဒီလှိုင်းဝင်း က တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အလုပ်သမား အရေးနဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို ပြောပြပေးပါ။
ဖြေ။ ။ အလုပ်သမားအရေးနဲ့ ပြောရမယ်ဆိုရင် လက်ရှိ ဖြစ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်ရုံတွေ ပိတ်သိမ်းတာတွေ၊ အလုပ်သမား လျှော့ချတာတွေ ပြုလုပ်လာကြတယ်။ ရန်ကုန်ဘက်က အများဆုံး လုပ် လာကြတယ်။ အဲဒီလို လုပ်ဆောင်လာကြတာကြောင့် အလုပ်သမားတွေက အလုပ်လက်မဲ့တွေ ဖြစ်လာတယ်။ နယ် ပေါင်းစုံက လာတဲ့ အလုပ်သမားတွေက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်။
စက်ရုံတွေ ပိတ်သိမ်းလိုက်ခြင်းအား ဖြင့် သူတို့က အထက်ဘက်ကို ပြန်တက်လာကြပြီး ရရာဈေးနဲ့ အလုပ်ဝင်လာ လုပ်တွေ ရှိလာတာကြေင့် ကျနော်တို့ အထက် မြန်မာပြည်က အလုပ်သမားတွေပါ ထိခိုက်လာတယ်။ အဲဒီတော့ လက် ရှိမှာ အလုပ်သမား အကျိုးစီးပွားကတော့ ထိခိုက်မှုတွေ တော်တော်များလာပါတယ်။
မေး။ ။ မန္တလေးတိုင်းထဲမှာလည်း စက်ရုံ ပိတ်သိမ်းမှု အခြေအနေရှိရင် ပြောပေးပါဦး။
ဖြေ။ ။ မန္တလေးမှာက လက်ရှိ အချိန်ထိ စက်ရုံ ပိတ်သိမ်းတာမျိုးက တခုပဲ ရှိပါသေးတယ်။ သို့သော် အလုပ်ယာယီ ရပ် နားထားတာမျိုးတွေကတော့ ရှိတယ်လို့ သိရတယ်။ လုံးဝကို ပိတ်သိမ်းတာကတော့ ကျောက်စိမ်းအချောထည် စက်ရုံ တခုပါပဲ။ အဲဒီလို ပိတ်သိမ်းလိုက်တဲ့အတွက် မြန်မာ အလုပ်သမား ၆၀ ကျော်ကို အလုပ်ထုတ် နစ်နာကြေးတွေလည်း ပေးခဲ့တယ်လို့ သိရပါတယ်။
မေး။ ။ လက်ရှိ အခြေအနေအရ အလုပ်သမားတွေက ဘယ်လို အခက်အခဲမျိုးတွေကို ရင်ဆိုင်နေကြရသလဲ။
ဖြေ။ ။ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပေါ်လာတဲ့ နောက်ပိုင်းမှာ အလုပ်ရှင်တွေက ကုန်ကြမ်း ပြတ်လပ်မှုတွေ ရှိတယ်လို့ ပြော တယ်။ ဒါနဲ့ ပတ်သက်ပြီး အလုပ်သမားတွေကို OT မခိုင်းတော့တဲ့အတွက် OT ကြေးတွေ မရကြတော့တာ ရှိတယ်။ အလုပ်သမားတွေရဲ့ လုပ်အားတွေ လျှော့ချနေတာတွေလည်း ရှိတယ်။ အဲဒီတော့ စားဝတ်နေရေး အတွက် လုံ လောက်တဲ့ လုပ်ခလစာ မရရှိတော့ဘူး။ လက်ရှိ သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခ ၄၈၀၀ ဆိုတာကလည်း လုံ လောက်လို့တော့ မဟုတ်ပါဘူး။ သူတို့သည် OT ဆင်းရတာလေးတွေ၊ ရက်မှန်ကြေးဆိုတာလေးတွေနဲ့ ပေါင်းပြီးတော့ မှ မိသားစု စားဝတ်နေရေးကို ဖြေရှင်းကြရတာ ဖြစ်တယ်။
လတ်တလောမှာတော့ COVID-19 ကြောင့် ကုန်ကြမ်းပြတ်လို့ စက်ရုံတွေ မလည်ပတ်နိုင်တော့ OT တွေ မခိုင်းတော့ တာမျိုး၊ ပြီးတော့ လုပ်ငန်းခွင်အတွင်းမှာ ဖိစီးမှုတွေ ပေးပြီးတော့ လျော်ကြေး မပေးရဘဲနဲ့ အလုပ်ထွက်အောင် လုပ် လာတဲ့ ပုံစံမျိုးတွေလည်း တွေ့လာရပါတယ်။
အရင်က ပေးထားတဲ့ ခံစားခွင့်တွေကို မပေးတော့တာတွေလည်း ရှိလာတယ်။ ဥပမာ- စရိတ်ငြိမ်း လုပ်ငန်းတွေမှာ ထမင်းမကျွေးတာမျိုးနဲ့ အဆောင်မှာ နေခွင့် မပေးတော့မျိုးပေါ့။ ဒီလို အခက်အခဲမျိုးတွေကို အဓိက ရင်ဆိုင်နေကြရပြီး စားဝတ်နေရေးအတွက် ခက်ခဲမှုတွေကို ကြုံတွေ့လာကြရတာမျိုးတွေ ရှိလာတယ်။
မေး။ ။ အဲဒီလို အခက်အခဲတွေကို ဘယ်လို ဖြေရှင်းနေကြသလဲ။ ဘယ်သူတွေက ဖြေရှင်းပေးနေသလဲ၊ အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေက ဝင်ရောက် ဖြေရှင်းပေးမှု ရှိ၊ မရှိ ဆိုတာလည်း သိပါရစေ။
ဖြေ။ ။ လက်ရှိ အထက်မြန်မာပြည်မှာတော့ အလုပ်သမားတွေ ပြဿနာတက်တာတွေကို ကျနော်တို့လို အဖွဲ့တွေ သွားနိုင်တဲ့အခါမှာတော့ ဖြေရှုင်းပေးတယ်။ ဖြေရှင်းပေးပေမယ့်လည်း ဗိုင်းရပ်စ်ကို အကြောင်းပြပြီးတော့ အလုပ်ရှင် တွေ မပေးနိုင်တဲ့ အရာတွေကို ဘာကြောင့် မပေးနိုင်တာလဲ။ တကယ်ရော စီးပွားရေးကျဆင်း နေသလား၊ ကုန်ကြမ်း ပြတ်လပ်တာ တကယ်လား ဆိုတာကို စနစ်တကျနဲ့ လေ့လာပြီးတော့မှ ဖြေရှင်းပေးတာမျိုး မတွေ့ရဘူး။
ဒါတွေကို သက်ဆိုင်ရာ အလုပ်သမား ဝန်ကြီးဌာနက ဖြစ်ဖြစ်၊ မန္တလေးတိုင်း ဒေသကြီး အစိုရက ဖြစ်ဖြစ် စနစ်တကျနဲ့ စိစစ်ပေးပြီးတော့မှ ဖြေရှင်းမယ်ဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။ လက်ရှိအခြေအနေထိတော့ သက်ဆိုင်ရာကနေ ဖြေ ရှင်းပေးနေတာတော့ မတွေ့ရဘူး။
မေး။ ။ လက်ရှိ အနေအထားမှာ တိုင်းအစိုးရအဖွဲ့၊ ဌာနဆိုင်ရာတွေနဲ့ အလုပ်သမားတွေရဲ့ ဆက်ဆံရေး အခြေအနေ တွေကို ပြောပြပေးပါ။
ဖြေ။ ။ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကျနော်တို့ အလုပ်သမားတွေ က သွားရောက် အကူအညီ တောင်းပါတယ်။ သို့သော်ငြားလည်း အစိုးရက အလုပ်သမား အရေးတွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ဖြေရှင်းပေးတာကို မတွေ့ရပါဘူး။ သူတို့ကို အကူအညီတောင်းတဲ့အခါမှာ ဘာပြောသလဲဆိုတော့ သက် ဆိုင်ရာ ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဌာနတွေ ရှိတယ်။
ဥပမာ-ခွင့်ရက်နဲ့ ပတ်သက်လို့ရှိရင် အလုပ်သမား စစ်ဆေးရေး ဦးစီးဌာနကို သွားပါ ဆိုတာမျိုးတွေနဲ့ ပြန်လွှတ်တယ်၊ အဲဒီဌာနတွေကလည်း သူတို့ ကိုယ်တိုင် ဖြေရှင်းဖို့ ခက်ခဲလို့၊ ဆုံးဖြတ်ရမှာတွေ ခက်ခဲတာတွေ ရှိလို့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ကို သွားရောက် အကူအညီ တောင်းခံခဲ့သော်လည်း ထိရောက်စွာ ဖြေရှင်းပေးတာမျိုးတွေ မရှိပါ ဘူး။
မေး။ ။ လက်ရှိ အခြေအနေအရ အလုပ်သမားတွေရဲ့ အဓိက အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ အလုပ်သမားတွေက ဥပဒေပါ အခွင့်အရေးတွေကို နားမလည်ဘူး။ အလုပ် စတင်ဝင်ရောက်တဲ့အခါမှာလည်း ရသင့်ရထိုက်တာတွေကို မသိဘူး။ အဲဒီလို အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ကောင်းကောင်း မသိတာတွေက အလုပ်သမားတွေ အတွက်က အဓိက အခက်အခဲတွေ ဖြစ်လာတယ်။
အလုပ်သမားတွေ သိသင့်သိထိုက်တာတွေကို သိလာဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ၊ အလုပ်သမားနဲ့ သက်ဆိုင်တဲ့ ဌာနတွေက အလုပ်ရှင်၊ အလုပ်သမားတွေကို ကျေလည်အောင် ရှင်းပြထားမယ်ဆိုရင် အလုပ်သမားတွေ အခက်အခဲ ဖြစ်လာစရာ မရှိပါဘူး။
ပြဋ္ဌာန်းချက်တွေကို မသိတဲ့အခါမှာ အလုပ်သမားတွေက လက်မှတ်တွေထိုးပြီး စာချုပ်တွေ ချုပ်ကြတယ်။ ဘာတွေ ပါသလဲ ဆိုတော့ ခွင့်ရက်၊ အလုပ်ပိတ်ရက်တွေ မယူပါဘူး။ ပြီးတော့ OT ကိုလည်း OT ကြေးနဲ့ အညီမဟုတ်ဘဲ ပေး သလောက်ပဲ ယူမယ် ဆိုတာမျိုး၊ လုပ်ခလစာ မှာလည်း အနည်းဆုံး လုပ်ခလစာ မပြည့်မီလည်း လက်ခံပါမယ် ဆိုတဲ့ အရာမျိုးတွေကို ကတိကဝတ် ပုံစံမျိုးတွေ လုပ်ထားတာမျိုးတွေလည်း ရှိနေတယ်။
အဲဒီလို ရှိထားတာတွေကို ဥပဒေနဲ့ မညီလို့ ဖြေရှင်းဖို့ ပြောတဲ့အခါမှာ သက်ဆိုင်ရာ ဌာနတွေက အလုပ်သမားက သဘောတူပြီး လက်မှတ်ထိုးထားတဲ့ အတွက်ကြောင့်မို့ ဖြေရှင်းလို့ မရပါဘူး ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ပြောလွှတ်နေတာပဲ ရှိတယ်။
အဲဒီတော့ ပြောချင်တာက ကျနော်တို့ အလုပ်သမားအများစုရဲ့ အခက်အခဲက အလုပ်သမား ဥပဒေတွေကို နား မလည်နိုင်တာ၊ EC စာချုပ်တွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ စည်းမျဉ်းစည်းကမ်း ဖြစ်တဲ့ သာမန်ပြစ်ဒဏ်နဲ့ ကြီးလေး သော ပြစ်ဒဏ်တွေမှာ ဆိုရင်လည်း အလုပ်သမားတွေ ဘာမှမသိခင်မှာ စာချုပ်တွေ ချုပ်ပြီးတော့ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါမှာ အလုပ်သမားတွေက ဖိစီးမှုတွေ အများကြီး ခံနေကြရတယ်။
ဒါကြောင့် လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေက ပျော်ရွှင်မှုတွေ အားနည်းလာတယ်။ ကြာတော့ အလုပ်သမားတွေ က ပေါက်ကွဲလာပြီး အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွေ ဖြစ်လာတယ်။ ဒါကြောင့် သက်ဆိုင်ရာဌာနတွေ အနေနဲ့ အလုပ်ရှင်၊ အလုပ်သမား EC စာချုပ်တွေကို၂ ဦးသဘောတူမှ ချုပ်ဆိုဖို့ကို ဝတ္တရားကျေ ပြောနေမယ့်အစား စက်ရုံ တွေ အထိသွားပြီးတော့ ကျေလည်အောင် ဆွေနွေးပြီးတော့မှ ချုပ်ဆိုပေးစေချင်ပါတယ်။ ဒီလိုသာ လုပ်ပေးနိုင်မယ် ဆိုရင် အလုပ်သမားတွေရဲ့အခက်အခဲတွေ နည်းနည်း လျော့လာမယ်လို့ ကျနော် မြင်ပါတယ်။
မေး။ ။ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းရမယ့်အခြေအနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြ၊ သပိတ်မှောက်တာတွေက မှန်ကန်တဲ့နည်းလမ်းလား။
ဖြေ။ ။ ကျနော်တို့ အလုပ်သမားတွေ ဆန္ဒပြ၊ သပိတ်မှောက်တာတွေ ဘာကြောင့် ဖြစ်လာရသလဲဆိုရင် အလုပ်သမား တွေရဲ့ခက်ခဲမှု လမ်းကြောင်းတွေကို အလုပ်ရှင်ဘက်က ဖြေရှင်းပေးဖို့အတွက် ညှိနှိုင်းမှု လမ်းကြောင်းကို ကျနော်တို့က အရင်သွားတယ်၊ ဒါကို သမဂ္ဂတွေ၊ အလုပ်သမားအဖွဲ့တွေက ဝင်ရောက်ပြီး ညှိနှိုင်းတဲ့အခါမှာ အလုပ်ရှင်တွေက ငြင်း ဆန်တယ်။ မင်းတို့နဲ့ ညှိနှိုင်းစရာ မလိုဘူးဆိုတဲ့ ကိစ္စတွေ ဖြစ်လာတယ်။
အဲဒီလိုနဲ့ အငြင်းပွားမှုတွေ ဖြစ်တဲ့အခါမှာ သက်ဆိုင်ရာဌာနတွေကို သွားရှင်းတယ်၊ သက်ဆိုင်ရာဌာနတွေကလည်း အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေကို ကျေလည်အောင် ရှင်းပေးတာမျိုး မရှိတဲ့အခါ အလုပ်သမားတွေက ဘယ်သူ့ကိုမှ မယုံတော့တဲ့ အခါမှာ ဆန္ဒပြမှု၊ သပိတ်မှောက်မှုတွေ ဖြစ်လာတယ်။
ပြောချင်တာက သပိတ်မှောက်၊ ဆန္ဒပြ ဖြေရှင်းနည်းက ကောင်းလာဆိုရင် မကောင်းပါဘူး၊ မကောင်းပေမယ့်လည်း အလုပ်သမားတွေအနေနဲ့ လမ်းပေါ် မထွက်ချင်ကြပါဘူး။ သပိတ်မှောက်တယ်၊ ဆန္ဒပြတယ်ဆိုတာက ကျနော်တို့မှာ အခက်အခဲတွေ အများကြီး ရှိပါတယ်။
ဒါကြောင့် သပိတ်မမှောက်ဘဲနဲ့ ပြေလည်ဖို့ လမ်းကြောင်းတွေကို သက်ဆိုင်ရာ အလုပ်ရှင်ကသော်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရနဲ့ ဌာနတွေက လုပ်ပေးမယ်ဆိုရင် သပိတ်မှောက်စရာ ရှိမလာပါဘူး။ အဓိက သပိတ်မှောက်၊ ဆန္ဒ ပြတယ်ဆိုတာ လုပ်ချင်လို့ လုပ်ကြတာ မဟုတ်ပါဘူး။ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် မဖြစ်မနေ လုပ်နေကြရ တာပါ။
မေး။ ။ မန္တလေးတိုင်း အတွင်းမှာ အလုပ်သမား အငြင်းပွားမှု အခြေအနေတွေနဲ့ ဖြစ်ပွားမှုနှုန်းကို သိပါရစေ။
ဖြေ။ ။ မန္တလေးတိုင်းအတွင်းမှာ အလုပ်သမား အငြင်းပွားမှုတွေက တလကို ခန့်မှန်းခြေ ၆ မှု၊ ၇ မှု လောက်ပဲ ရှိပါ တယ်။ ရန်ကုန်ထက် ဆိုရင်တော့ အများကြီး နည်းပါတယ်။ သို့သော် အငြင်းပွားမှုတွေ တက်လာတာကလည်း ကျနော် တို့ အလုပ်သမား အဖွဲ့တွေကနေပြီးတော့ သူတို့ ရပိုင်ခွင့်တွေ၊ သိသင့်သိထိုက်တဲ့ ဥပဒေတွေ၊ ခွင့်ရက်၊ အလုပ် ပိတ် ရက်တွေနဲ့ ပတ်သက်ပြီးတော့ အလုပ်သမားတွေကို သင်ကြားပေးတာတွေ လုပ်ပေးတယ်။ သိလာတဲ့အခါမှာ အလုပ် သမားတွေက တောင်းဆိုရင်းနဲ့မှ အငြင်းပွားမှုတွေ ဖြစ်လာတာ ဖြစ်တယ်။
မေး။ ။ အလုပ်သမား အရေးနဲ့ ပတ်သက်ပြီး ဖြည့်စွက် ပြောကြားလိုတာရှိရင် ပြောပေးပါဦး။
ဖြေ။ ။ ကျနော်တို့ လက်ရှိ အစိုးရအနေနဲ့ သက်တမ်းတခုကိုလည်း ရောက်လာပြီ။ ကျနော်တို့ အလုပ်သမားတွေရဲ့ အခက်အခဲ၊ ပြဿနာတွေ၊ အလုပ်သမားတွေရဲ့ ခံစားချက်၊ စားဝတ်နေရေး၊ လူနေမှုဘဝတွေကို မြေပြင်ထိဆင်းပြီး ကြည့်စေချင်ပါတယ်။
ကျနော်တို့ အလုပ်သမားတွေသည် ပြည့်စုံနေပါလျက်နဲ့ သက်သက်လုပ်နေတာလား၊ တကယ် လိုအပ်နေတာကို တောင်းဆိုနေကြတာလားဆိုတာ အပေါ်ယံ ကြည့်ပြီးတော့ မဆုံးဖြတ်ပါနဲ့လို့ ပြောချင်ပါတယ်။ ပြီးတော့ ကျနော်တို့ အလုပ်သမားတွေရဲ့ ရင်ဘတ်ထဲကလာတဲ့ အသံတွေကိုလည်း အသိအမှတ်ပြုပြီးတော့ ထဲထဲဝင်ဝင် ပူးပေါင်း ဆောင် ရွက်ပေးပါလို့ ကျနော့်အနေနဲ့ တောင်းဆိုချင်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
ပုသိမ် Amava အထည်ချုပ်စက်ရုံမှ လုပ်သား ၄၅၀ ကျော် အလုပ်ရပ်နားခံရ
လုပ်သား ၅၀၀ ကျော် အလုပ်ထုတ်ခံရမှု ကိုရီးယားကောင်စစ်ဝန် ဝင်ရောက်ညှိနှိုင်းမည်
စက်ရုံ အလုပ်ရုံတွေကို ဘယ်လို ပိတ်မလဲ၊ လစာကို ဘယ်လိုပေးမလဲ