၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံသားများ ကြိုတင်မဲများ ပေးလျှက်ရှိရာတွင် တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးတွင်လည်း အောက်တိုဘာ ၂ ရက်မှ စတင်ကာ ၁၂ ရက်နေ့အထိ မဲရုံ ဖွင့်လှစ် ဆောင်ရွက်လျှက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာ ပထမဆုံး မဲပေးရသည့် အောက်တိုဘာ ၂ ရက်နေ့တွင် မဲဆန္ဒရှင် အများအပြား လာရောက်ခဲ့ရာ၌ သံရုံးဘက်က စီစဉ်ဆောင်ရွက်မှု အားနည်းချက်များကြောင့် လူစုလူဝေးဖြစ်ပေါ်ခဲ့ရပြီး မဲမပေးဘဲ ပြန်ခဲ့ကြရသူ များစွာ ရှိခဲ့သည်။
ကြိုတင်မဲအတွက် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ၉၈၁၀ ဦး မဲပေးခွင့် ရရှိထားရာတွင်လည်း အောက်တိုဘာ ၆ ရက်နေ့အထိ ၄၅၉၁ ဦး မဲပေးပြီးပြီဖြစ်ပြီး ကျန်ရှိသူ ငါးထောင်ကျော်မှာ ဆက်လက်မဲပေးလျှက်ရှိသည်။
ယနေ့ကဲ့သို့ အလုပ်ဖွင့်ရက် ကြားရက်များတွင် မဲလာပေးသူနည်းသော်လည်း လာမည့် သောကြာ၊စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် မဲပေးသူများလာနိုင်သည့်အတွက် လူစုလူဝေး ထပ်မံမဖြစ်ပေါ်စေရေး မဲပေးမည့် နေ့ရက်အလိုက် ကြိုတင်ကာ နံပါတ်စဉ်ရယူရေးအတွက် သက်ဆိုင်သည့် ဖုန်းနံပါတ်များကိုလည်း သံရုံးဘက်က ထုတ်ပြန်ကြေညာ ထားသည်ကိုတွေ့ရသည်။
လတ်တလော မဲပေးနေသည့် အခြေအနေများ၊ ပိတ်ရက်တွင် လူစုလူဝေး ထပ်မဖြစ်ရေးနှင့် သံရုံး၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများအား သံရုံးကို ကူညီဆောင်ရွက်ပေးနေသည့် ၂၀၂၀ ရွေးကောက်ပွဲ အထောက်အကူပြုကော်မတီ-ကိုရီးယားအဖွဲ့က ဦးဆောင်သူ ဦးဝင်းပေါ်မောင်နှင့် ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲ အထောက်အကူပြု ကော်မတီအနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက် သံရုံး နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါသလဲ။
ဖြေ ။ ။ မဲလုပ်ငန်းစဉ်တွေကို ဆုံးဖြတ်တာတော့ သံရုံးက ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေနဲ့ ဆောင်ရွက် တာပေါ့နော်။ ကျနော်တို့က ဒီမှာအခြေအနေတွေ ဘယ်လိုရှိတယ်၊ ဘယ်လိုစီစဉ်မယ်ဆိုတာတွေကို ဝိုင်းဝန်းပြီးတော့ အကြံ ပေးတယ်၊ ပါဝင်ပြီးတော့လည်း ကူညီတယ်။
ပုံစံ-၁၅ တွေ လက်ခံဆောင်ရွက်တဲ့ အပိုင်းတွေမှာဆိုရင် ကျနော်တို့တွေ သံရုံးရဲ့ ကိုယ်စားလိုမျိုး အများကြီးလုပ်ခဲ့ပါတယ်။ နောက်တခါ ဒီမှာရှိတဲ့ မဲဆန္ဒရှင်တွေကို အသိပညာပေးတာပေါ့၊ ကြိုတင် မဲကိစ္စတွေကို သတင်းတွေ ဖြန့်ဝေပေးတဲ့ အပိုင်း တွေ၊ ကူညီပေးတဲ့အပိုင်းတွေ လုပ်ပေးခဲ့ပါတယ်။အခုလက်ရှိမှာကျတော့ မဲရုံဖွင့်ထားပြီဆိုတော့ မဲရုံမှာ မဲပေးတဲ့ လုပ်ငန်းစဉ် တွေမှာ အတွင်း အပြင်ပေါ့လေ ကျနော်တို့အားလုံး ဝိုင်းဝန်းပြီးတော့ ကူညီ ဆောင်ရွက်ပေးနေပါတယ်။
မေး ။ ။ ကိုရီးယားမှာ ကြိုတင်မဲ ပေးခွင့်ရှိသူ ဘယ်လောက်ရှိသလဲ၊ လက်ရှိမှာ ဘယ်နှစ်ဦး ပေးပြီးပြီးလဲ။
ဖြေ ။ ။ ကြိုတင်မဲလက်မှတ် ပြန်ရထားတာက ၉၈၁၀ ပြန်ရပါတယ်။ အဲဒီအထဲကနေ ဒီကနေ့(အောက်တိုဘာ ၂ ရက်နေ့ ၆ ရက်နေ့) အထိ မဲပေးလိုက်တဲ့အားလုံးဆိုရင် ၄၅၉၁ ဦး ပေးထားပါတယ်။
မေး ။ ။ မဲစပေးတဲ့ ပထမရက်တွေမှာ လူစုလူဝေးနဲ့ အဆင်မပြေတာတွေရှိခဲ့ကြတာ၊ ဘာကြောင့်ပါလဲ။ သံရုံး က ကြိုတင်စီစဉ်မှု အားနည်းခဲ့တယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ကြိုတင်စီစဉ်ဆိုတာကတော့ သံရုံးနဲ့ ကျနော်တို့နဲ့ ပူးတွဲပြီးတော့ စီစဉ်ထားတာပေါ့နော်။ အဓိက ဘာ လဲဆိုတော့ ကျနော်တို့ ရည်ရွယ်တဲ့ပုံစံနဲ့ တကယ်ဖြစ်ပေါ်လာတဲ့ပုံစံနဲ့ ကွဲလွဲသွားတာပေါ့။ ကျနော်တို့တွက်ဆချက် လွဲသွားတာ။ ကျနော်တို့က ကိုဗစ်-၁၉ ရဲ့ အခြေအနေကြောင့် လူစုလူဝေး မဖြစ်စေချင်တဲ့အတွက် အစုလိုက်ပေါ့နော်၊ ကျနော်တို့ဆီကို ကြိုတင်ပြီးတော့ ဆက်သွယ်ပါ။ အစုလိုက်ပဲလာကြပါ။
တကယ်လို့ လိုအပ်တယ်ဆိုရင် ကျနော်တို့က နေရာထိုင်ခင်း ကျဉ်းတဲ့အခါကျတော့ ကားတွေနဲ့ အစုလိုက် အရွေ့အပြောင်း တွေ လုပ်မယ်ဆိုပြီး ပြင်ဆင်ထားတာ။ တဦးချင်းလာတဲ့ ပမာဏကိုတော့ သိပ်များများ မလာစေချင်လို့ပေါ့နော်။ အဲဒီလို မျှော်မှန်းပြီး အုပ်စုလိုက်ရွေ့လို့၊ ပြောင်းလို့ရအောင် စီစဉ်ထားတယ်။
ဒါပေမယ့် တကယ်လက်တွေ့ဖြစ်သွားတဲ့ အခြေအနေကျတော့ ကျနော်တို့ကို ကြိုတင် အကြောင်းမကြားဘဲနဲ့ ဆက်သွယ်မှု မလုပ်ဘဲနဲ့ မဲပေးချင်တဲ့ ဆန္ဒတက်ကြွစွာနဲ့ တဦးချင်းလာတဲ့ ပမာဏက ကျနော်တို့ မှန်းထားတဲ့ ပမာဏထက်ကို ၄ ဆ၊ ၅ ဆ လောက်များသွားတယ်။ အဲဒီအခါကျတော့ လူစုလူဝေး ဖြစ်သွားတာပေါ့။
ကျနော်တို့က လူစုလူဝေး မဖြစ်စေချင်လို့ လုပ်ပေမယ့် ပြောင်းပြန်ဖြစ်သွားတယ်။ အဲဒီအခါကျတော့ ကျနော်တို့ ဆွဲထားတဲ့ အစီအစဉ်က လုပ်လို့ မရတော့ဘူး ပေါ့ နော်။ ကျနော်တို့ လုပ်ထားတဲ့ အစုတွေကိုက ခဏဖယ်ထုတ်ပြီး ခွဲထားလို့ရတယ်။ တဦးချင်း ရောက်လာတဲ့သူတွေကို ကျတော့ ခွဲထုတ်လို့မရတော့ဘူး။ မှန်းထားတဲ့ ပမာဏဆိုရင် ထိန်းလို့ရပေမယ့် များသွားတဲ့အခါကျတော့ ထိန်းရတဲ့ အချိန်က ပိုကြာသွားတယ်။
မေး။ ။ အဲဒီလိုဖြစ်သွားတဲ့အခါက ကြုံခဲ့ရတဲ့ အခက်အခဲက ဘာဖြစ်သွားခဲ့လဲ။
ဖြေ။ ။ အခက်အခဲကတော့ လူစုလူဝေးနဲ့ ဖြစ်သွားတာပါ။ အဲဒါကို ကျနော်တို့ တော်တော်လေး ခဲခဲယဉ်းယဉ်းနဲ့ လျော့ချရ တယ်။ လူစုမြန်မြန်ကွဲအောင် ပုံစံအမျိုးမျိုးနဲ့ လုပ်ရတယ်။ ဒါပေမယ့် မဲပေးတဲ့နေရာမှာ အဆင်မပြေမှုဖြစ်တယ် ဆိုတာ ကတော့ မဟုတ်ဘူးဗျ။ အဲဒါတော့ ကျနော်ငြင်းရဲတယ်၊ ဘာကြောင့်လဲဆိုတော့ မဲရုံဝကို ရောက်သွားပြီးတော့ မဲပေးပြီး ပြန်ထွက်လာတဲ့အထိ လုပ်ငန်းစဉ်ကတော့ ချောတယ်။ အဲဒီနေရာမှာ ဘာအခက်အခဲမှမရှိဘူး။ အဲဒီနေ့(အောက်တိုဘာ ၂ )က မဲလက်မှတ်ပေါင်း ၁၆၂၈ စောင်ရတယ်။ အဲဒီပမာဏက မဲပေးတဲ့လုပ်ငန်းစဉ်မှာ ဘာမှ အထစ်အငေါ့ မရှိဘူးဆိုတာကို သက်သေပြတယ်။ မဲပေးတဲ့နေရာမှာ အခက်အခဲတွေရှိတယ်ဆိုတာကတော့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိ ရုံးဖွင့်ရက်မှာ မဲလာပေးသူနည်းပေမယ့် နောက်လာမယ့် ပိတ်ရက်တွေမှာ များလာဦးမယ့် အနေ အထားကို အဆင်ပြေအောင် သံရုံးက ဘယ်လိုစီစဉ်ထားတာ တွေ့ရပါသလဲ။
ဖြေ ။ ။ ပြင်ဆင်ထားပါတယ်။ ဒီတပတ်ကတော့ အဲဒီလောက်ကြီး ဖြစ်စရာအကြောင်း မရှိတော့ဘူးဗျ။ ဘာကြောင့်လဲ ဆိုတော့ အရင်အပတ်က ဖြစ်ရတာကလည်း ရုံးပိတ်ရက်တင် မကဘူး။ ကိုရီးယားနိုင်ငံရဲ့ ရိုးရာပိတ်ရက် ဖြစ်တဲ့အခါ ကျတော့ အားလုံးပိတ်သွားပြီးတော့ တနိုင်ငံလုံးမှာရှိတဲ့ လူတွေအကုန်လုံးရဲ့ အားလပ်ရက်က စုံသွားတဲ့အခါကျတော့ အကုန်လုံးက ဒီနေရာမှာလာပြီးတော့ စုသွားတဲ့ ပုံစံဖြစ်သွားပါတယ်။
အခုတခါကျတော့ ရုံးပိတ်ရက်က ၃ ရက် ဆက်တိုက် ပါပဲ။ သောကြာ၊စနေ၊ တနင်္ဂနွေဖြစ်တယ်။ ရုံးပိတ်ရက်ဖြစ်သော် လည်းပဲ ကိုရီးယားမှာ လုပ်ငန်းခွင်တွေရဲ့ ပိတ်လေ့ပိတ်ထ ရှိတဲ့ သဘော သဘာဝအရ အားလုံးစုံပြီးတော့ ပိတ်မှာ မဟုတ်ဘူး။ တချို့လူတွေက အလုပ်ဖွင့်တာ ရှိနေဦးမယ်။ ကျန်တဲ့သူကလည်း ၄၅၀၀ ဦးလောက်ပဲ ကျန်တာဆိုတော့ တရက်အတွင်းမှာ အများကြီး စုပြုံလာစရာ အကြောင်း မရှိတော့ပါဘူး။ ရှိလာခဲ့တယ်ဆိုရင်လည်း ကျနော်တို့ ထိန်းလို့ရပါတယ်။
အခုလည်း ကျနော်တို့ဆီမှာ ကြိုတင်ပြီးတော့ ဘယ်သူတွေ ဘယ်နေ့လာနိုင်မလဲဆိုတာကို စာရင်းတွေကောက်ပြီး တော့ တွက်ချက်ပြီးတော့ ထားပါတယ်။ အဲဒီအတွက်လည်းပဲ ကြိုတင်ပြီးတော့ ပြင်ဆင်ထားပါတယ်။
မေး ။ ။ မဲဆန္ဒရှင်များတဲ့ ကိုရီးယားသံရုံးအနေနဲ့ အရင်ကတည်းက မဲရုံခွဲထားပေးဖို့ကို မစီစဉ်ခဲ့တာလား၊ စီစဉ် ခဲ့တာရှိခဲ့ရင် ဘယ်လိုကြောင့် မထားဖြစ်တာလို့ ထင်ပါသလဲ။ သက်ဆိုင်ရာနိုင်ငံနဲ့ ဆွေးနွေးမှု ဘယ်လိုအခြေအနေ ရှိခဲ့ တယ်ဆိုတာ သိထားပါသလား။
ဖြေ ။ ။ ဒီကိစ္စကတော့ ကျနော်တို့တတွေ ၂၀၁၅ မှာလည်း ဆွေးနွေးခဲ့ကြတယ်။ ၂၀၂၀ မှာလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီသံရုံးတွေအားလုံးနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆွေးနွေးကြတဲ့အထဲမှာလည်း ဒီကိစ္စတွေ ပါဝင်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ သို့သော် မဲရုံခွဲလို့မရပါဘူး။ မရဘူးဆိုတာက လောလောဆယ်မှာရှိနေတဲ့ ရွေးကောက်ပွဲ ဥပဒေ၊ ကိုရီးယားမှာ ရှိနေတဲ့ ဥပဒေ အခြေအနေတွေအရ မဲရုံခွဲလို့ ရနိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး။ ဒါကို အကောင်အထည် ဖော်မယ် ဆိုရင်တော့ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းပြီးတော့ လုပ်ဆောင်မှရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ သံရုံး၊ သံတမန် အဆင့်နဲ့တော့ မဲရုံခွဲတဲ့လုပ်ငန်းက မဖြစ်နိုင်သေးပါဘူး ခင်ဗျ။
မေး ။ ။ ကြိုတင်မဲပေးဖို့အတွက် ပုံစံ-၁၅ တင်ပြီး မဲပေးခွင့်မရသူ အရေအတွက် ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ ဒီမှာတော့ သိပ်မရှိဘူးခင်ဗျ။ ကျနော်တို့ တင်လိုက်တာ ၁၀၁၆၉ ဦး။ မဲလက်မှတ်ပြန်ရတာက ၉၈၁၀ ဆိုတော့ လူ ၄၀၀ မပြည့်တပြည့်လေးပဲ ကျန်တာပေါ့။ အဲဒီထဲက သံရုံးကို ပြန်ပြီးတော့ တင်ပြတဲ့လူပမာဏက အလွန်နည်းပါတယ်။ ကျနော်သိသလောက် ဆယ်ဂဏန်းလောက်ပဲရှိတယ်။ အဲဒါကိုလည်း သံရုံးကနေ ရွေးကောက်ပွဲ ကော်မရှင်ကို ပို့မှာပေါ့ နော်။
အဲဒါကို ဒုတိယအကြိမ် ပြန်စစ်ဆေးလို့မှ မဲပေးခွင့်ရှိတယ်ဆိုရင် သူတို့မဲလက်မှတ်တွေ ပြန်ရမှာပေါ့။ အဲဒီလို ရှိပါ တယ်။ မဲလက်မှတ် ပြန်ပေးလာတယ်ဆိုရင် သံရုံးအနေနဲ့ လုပ်ပေးရပါလိမ့်မယ်။ မဲရုံးကြီး မဖွင့်ရင်တောင်မှ ဒီနေ့ ဒီရက်မှာ လာရောက်ပြီး မဲပေးနိုင်ပါတယ်ဆိုတာ လုပ်ပေးရပါမယ်။
မေး ။ ။ နောက်တချက်က တချို့နိုင်ငံတွေမှာ မဲလက်မှတ်တွေ တခြားနိုင်ငံကို မှားပြီး ပါသွားတာမျိုး ရှိပါတယ်။ ကိုရီးယားသံရုံးမှာရော ဒီလိုဖြစ်စဉ်ရှိပါသလား၊ ရှိတယ်ဆိုရင် ဦးရေဘယ်လောက်ရှိတယ်လို့ သိထားပါသလဲ။
ဖြေ ။ ။ ရှိပါတယ်။ မဲလက်မှတ်တွေက စက်တင်ဘာ ၂၉ ရက်နေ့ကပဲရောက်တယ်။ အဲဒီနေ့မှာပဲ မဲလက်မှတ်တွေနဲ့ မဲစာရင်းတွေ တိုက်ဆိုင်စစ်ဆေးရတာ ၃၀ ရက်နေ့မှာ အပြတ်လုပ်ရပါတယ်။ ဒီမဲလက်မှတ် ၉ ထောင်ကျော်ကို လုပ်တဲ့ အခါမှာ အခြားနိုင်ငံက မဲလက်မှတ်တွေ ကျနော်တို့ဆီ ပါလာတာတွေ့ပါတယ်။ မဲစာရင်းထုပ်တွေမှာလည်း တခြား မဲစာရင်း ထုပ်တွေ ကျနော်တို့ဆီပါလာတာ ရှိပါတယ်။
အဲ့ဒါတွေကတော့ အကုန်လုံး စာရင်းဇယားတွေနဲ့ ပြန်လည်လွှဲပြောင်း ပြီးတော့ ပြေလည်အောင် ဖြေရှင်းရပါတယ်။ အရေအတွက်ကတော့ အတိအကျ ပြောဖို့ ခက်ပါတယ်။ စစ်ဆေးမှုတွေပဲ ဦးစားပေးလုပ်ရတော့ အဲဒီအပိုင်းအထိ ကျနော်တို့ မသိတော့ပါဘူး။
မေး ။ ။ မဲပေးတဲ့နေရာမှာ မဲဆန္ဒရှင်တွေရဲ့ အခက်အခဲတွေ ဘာတွေရှိခဲ့လဲ။ ဥပမာ- မဲလက်မှတ်မှာ ကော်မရှင် တံဆိပ်မပါတာ၊ စွန်းရာ၊ ခြစ်ရာပါတာမျိုးတွေပေါ့။
ဖြေ ။ ။ အခုထိတော့ ကျနော်တို့ အဲဒီလိုမျိုး မကြားသေးဘူး။ သိရသလောက်တော့ မဲလက်မှတ်တွေမှာ တံဆိပ်တွေ၊ အကုန်လုံး ပြည့်ပြည့်စုံစုံ ပါပါတယ်။ နောက်တခုက တိုင်းရင်းသားမဲလည်း မပါဘူးဆိုတာ မကြားသေးဘူး။ ကျနော်လည်း ဒါကို အမြဲတမ်း နားစွင့်နေပါတယ်။ အမြဲလည်းမေးပါတယ်။ ကျနော်တို့ဆီတော့ အဲဒီလိုပြဿနာ မတွေ့သေးပါဘူး။
မေး ။ ။ ရွေးကောက်ပွဲအထောက်အကူပြု ကော်မတီအနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ယခုရွေးကောက်ပွဲ အကြား ဘာတွေ ကွာခြားသွားတယ်လို့ သုံးသပ်မိပါသလဲ။
ဖြေ ။ ။ ကွာခြားမှု ပြောမယ်ဆိုရင်တော့ မဲဆန္ဒရှင်တွေဘက်က မဲပေးဖို့အတွက် တက်ကြွမှုကတော့ တော်တော်ကြီး ကို မြင့်တက်လာပါတယ်။ အရေအတွက်တွေတော့ မပြောတော့ဘူး။ တော်တော်ကို မြင့်တက်လာတယ်။ ပုံစံ-၁၅ တွေကို လည်း တင်တယ်။ တကယ်လည်း လာပြီးတော့ မဲပေးတယ်။ ဒါက အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် မကွာခြားတာက ဘာလဲဆိုတော့ ကော်မရှင်ရဲ့ လုပ်ပုံကိုင်ပုံတွေကတော့ မကွာခြားပါဘူး။
၂၀၁၅ မှာတုန်းက ကျနော်တို့ တွေ့ကြုံခဲ့တဲ့ဟာတွေကို Report လုပ်ပြီးတော့ ကျနော်တို့ ပို့ပါတယ်။ ဒီအချက်၊ ဒီ အချက် တွေဟာ ပြုပြင်သင့်ပါတယ်ဆိုပြီးတော့ ကျနော်တို့ပြောပါတယ်။ နောက်ပြီးတော့ ပုံစံ-၁၅ ဖြည့်ရတဲ့ စနစ်တွေကအစ ပြုပြင်ဖို့ ကောင်းပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘာမှမထူးခြားပါဘူး။ မဲစာရင်းတွေဆိုရင်လည်း ၂၀၁၅ တုန်းက ရှုပ်ပွနေတဲ့ ပုံစံတွေက အခုလည်းပဲ ခပ်ရှုပ်ရှုပ်ပါပဲ။
ကျနော်တို့မှာ တော်တော်ကြီးကို ခက်ခက်ခဲခဲနဲ့ အချိန်ကိုလုပြီး လုပ်ရပါတယ်။ အဲဒါတွေကတော့ ကော်မရှင်ဘက်က ဘာမှထူးခြားမှု သိပ်ပြီးမရှိလာဘူး လို့ ကျနော်တို့က ပြောချင်ပါတယ်။ လုပ်ထုံးလုပ်နည်းမှာ ဘာမှ ထူးထူးခြားခြားမရှိဘူး။
အခုလို ကိုဗစ်-၁၉ ကာလနဲ့သွားကြုံတဲ့အခါကျတော့ လေယာဉ်တွေက နေ့တိုင်းမရှိဘူး။ အဲဒီတော့ ပုံမှန်အချိန်ဇယား ဆွဲထားတဲ့အထဲမှာပဲ ကိုဗစ်-၁၉ ကိုလည်း ကျော်ဖြတ်ရတဲ့အခါကျတော့ အချိန်အခက်အခဲလည်း အင်မတန် ကြုံပါတယ်။
နောက်ပြီးတော့ ဒီစာရင်းဇယားကိစ္စတွေမှာလည်း တိုးတက်လာသင့်တဲ့ Soft Copy တွေ၊ စနစ်တကျ ဖြစ်သင့်တဲ့ ဟာတွေ က မဖြစ်ဘဲနဲ့ အကုန်လုံးက ထိုနည်းလည်းကောင်းပဲ ပြန်လုပ်ရတယ်။ မဲစာရင်းတွေကို အင်တာနက် ကနေ၊ Facebook တွေကနေ တွေ့ပါလိမ့်မယ်။
အကုန်လုံးက ကိုယ့်ရဲ့အချက်အလက်တွေကို ဖွင့်ပြီးတော့ ကြေညာပေးနေရတယ်။ တကယ် ဆိုရင် ကျနော်တို့ ရည်ရွယ်ချက်က အဲဒီလိုလုပ်ဖို့မဟုတ်ဘူး။ မဲစာရင်းအမှတ်စဉ် လူနာမည်နဲ့ မှတ်ပုံတင်အမှတ်လောက် ကိုပဲ ချုံ့ပြီးတော့ ကြေညာချင်တာ။ ဖြစ်နိုင်ရင်။
မလိုအပ်တဲ့ဟာတွေကို လျော့နိုင်သမျှ လျော့ထားခဲ့မယ်၊ ဒီလိုရည်ရွယ်ထားတာ။ တကယ်တမ်းကျတော့ မလုပ်နိုင်ဘူး။ သူတို့လုပ်ထားတဲ့စနစ်တွေက မလုပ်နိုင်တဲ့အခါကျတော့ ရှိတာတွေအကုန်လုံးကို ဖွင့်ချပေးလိုက်ရတယ်။ အဲဒီလိုမျိုးတွေ။ ဒါတွေက မဖြစ်သင့်ဘူး။ သံရုံးဘက်ဆိုရင်လည်း ဝန်ထမ်းက ၁၀ ဦးပဲရှိတယ်။ ကျန်တဲ့ အလုပ်တွေလည်း ရှိသေးတော့ မနိုင်ဘူး။ ဖြစ်သင့်တာက ကော်မရှင်ကနေ ဒီဟာတွေကို ကျွမ်းကျင်တဲ့သူ ၁ ဦးလောက် ဒီမှာ လာပြီး တာဝန်ချထား ပေးမယ်ဆိုရင် အဆင်ပြေနိုင်တာပေါ့။ အဲဒီလိုမဟုတ်ရင် လုပ်ရကိုင်ရတာက အဲဒီလိုအခက်အခဲတွေကတော့ အများကြီး ပါပဲ။
မေး ။ ။ ကြိုတင်မဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ ။ ။ ကျနော်တို့ခန့်မှန်းထားတာက ကြိုတင်မဲ ၇၀၀၀ ထောင်ကျော်လောက် ရမယ်လို့ ခန့်မှန်းထားပါတယ်။ သဘာဝ ကျစွာနဲ့ ပုံစံ-၁၅ တင်ထားကြပေမယ့် လာမပေးဖြစ်မယ့် သူတွေလည်းရှိနိုင်သေးတာကိုး။ ဒါပေမယ့် အားလုံးရဲ့ တက်ကြွနေ တဲ့ ဆန္ဒတွေကို ပြည့်ဝစေဖို့ အတွက်ကိုလည်း ကျနော်တို့က အဖက်ဖက်က အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက် ပေးနေတာ ဖြစ်တဲ့အတွက် မဲဆန္ဒရှင်တွေကလည်း လာပေးကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
ဒီပိတ်ရက်တွေမှာ ကြိုတင်မဲလုပ်ငန်းတွေက အောင်အောင်မြင်မြင် ဖြစ်သွားမယ်လို့လည်း မျှော်လင့်ပါတယ်။ အခက်အခဲကာလကို ကျော်ဖြတ်ခဲ့ပြီလို့ သတ်မှတ်နိုင်ပါတယ်ခင်ဗျာ။
You may also like these stories:
မြန်မာ့ရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်မှု တိုးတက်လာသည့် လက္ခဏာများ တွေ့နေရ
ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ ဒုတိယခြေလှမ်း သို့မဟုတ် ၂၀၂၀ရွေးကောက်ပွဲ
ကိုရီးယားရောက် မြန်မာများ ကြိုတင်မဲပေးရာ၌ အခက်အခဲများကြောင့် လှည့်ပြန်ရ
စနစ်တကျ မဲပေးခွင့်ရလာတဲ့ စင်ကာပူရောက် မြန်မာတွေရဲ့ ကြိုတင်မဲ