အင်တာနက်သတင်း၊ NLD အစိုးရနဲ့ ရခိုင်တို့ရဲ့ စိုးရိမ်ချက်

လင်းငယ်
ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် တုတ်တချောင်း ကိုင်ဆောင်ထားသော ရခိုင်အမျိုးသမီးကြီးကို ၂၀၁၂ ခုနှစ် အဓိကရုဏ်းများကြား မြင်ရစဉ် / Reuters
Want create site? Find Free WordPress Themes and plugins.

သတင်းနှစ်ပုဒ်ကို ပထမဆုံး ပြောပြချင်ပါတယ်။ ထိုင်း လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ထိုင်းနိုင်ငံ မြောက်ပိုင်း ရေကြီးတဲ့ ကိစ္စမှာ သွားမကြည့်တာနဲ့ ပတ်သက်ပြီး ထိုင်း လူမှူကွန်ယက်တွေနဲ့ သတင်းစာတွေမှာ ဝေဖန်ကြပါတယ်။ ဝန်ကြီးချုပ်က သူ့ဝန်ကြီးတွေနဲ့ အစိုးရဌာနတွေ ကောင်းကောင်းအလုပ်လုပ်လို့ ရအောင် မသွားတာလို့ အကြောင်းပြပါတယ်။

အစဉ်အဆက် နိုင်ငံရေး ခေါင်းဆောင်တွေဟာ ပြည်သူတွေ အရေးပေါ်အခြေအနေနဲ့ ဒုက္ခရောက်နေပြီဆိုရင် မဖြစ်မနေ သွားရောက် ကြည့်ရှူ့ကြလေ့ရှိပါတယ်။ အခုချိန်မှာလည်း အရင် ဝန်ကြီးချုပ်ဟောင်း အပါအဝင် နိုင်ငံရေးသမားတွေကတော့ ချက်ချင်းဆိုသလို အရောက်သွားကြပါတယ်။ ရေကြီးပြီး နောက်ငါးရက်ကြာလို့ ချာအွတ်သွားတဲ့အချိန်မှာတော့ လုပ်စရာက များများစားစား မရှိတော့ပါဘူး။ ဒါကို သတင်းစာတွေက ဝန်ကြီးချုပ်လွတ်သွားတဲ့ လှေကြုံအခွင့်အရေးဆိုပြီး ဝေဖန်ပြီး ဝန်ကြီးချုပ်ဟာ လာလတ့္တံသော ရွေးကောက်ပွဲတွေမှာ နိုင်ငံရေသမားတစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ ဒီထက်ပိုပြီး ပြည်သူတွေအတွက် တွေးတတ်ဖို့ လိုပါလိမ့်မယ်လို့ ပြောကြပါတယ်။

နောက်တပုဒ်က အခုတလော မြန်မာ့ဆိုရှယ် မီဒီယာများမှာ ပြန့်နှံ့နေတဲ့ ဗြိတိသျှ သံအမတ်ရဲ့ သမီးလေးကို မြန်မာ နာမည်ပေးတဲ့ ကိစ္စပါ။ သိပ်ပြီး ထူးခြားတဲ့ အကြောင်းအရာတော့ မဟုတ်ပေမယ့် လူငယ်တွေကြားမှာ တော်တော်ကို စိတ်ဝင်စားတာ တွေ့ရပါတယ်။ တချို့ကလည်း စနောက်ကြပါတယ်။ ဗြိတိသျှလူမျိုးတစ်ယောက်က ပြောတဲ့ပုံစံနဲ့ ပြောရင်း ဝေငှကြပါတယ်။ ဗြိတိသျှတို့ရဲ့ အမျိုးသား သစ္စာဖောက်၊ အသားထဲက လောက်ထွက်၊ မျိုးနဲ့ရိုးနဲ့ တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ နေမဝင် အင်ပိုင်ယာတို့ရဲ့ သခင်မျိုးဟေ့ တို့ ဗြိတိသျှလို့ ကြွေးကြော်ခဲ့ရတာတွေကိုမှ မထောက်၊ တစ်ချိန်က အင်ပိုင်ယာရဲ့ လက်အောက်ခံ ဖြစ်ခဲ့တဲ့ ကျွန်မျိုးတို့ရဲ့ ယဉ်ကျေးမှုကိုမှ အထင်ကြီး လေးစားရသတဲ့လား စသည်ဖြင့် ရယ်စရာအဖြစ် ရေးကြပါတယ်။ ဒါပေမယ့် လူတွေတော်တော်များများက သဘောကျတဲ့ မှတ်ချက်တွေပြုကြပါတယ်။ ပြီးခဲ့တဲ့ အမေရိကန် သံမတ်ကြီး ဒဲရစ်မစ်ချယ်ကို ပြန်ပြီးမြင်ယောင်မိစေပါတယ်။ ဒီသတင်းဟာ အမှန်သာဆိုရင် အလကား လုပ်တာဖြစ်ပါ့မလားလို့ တွေးစရာဖြစ်ပါတယ်။ ယူတတ်မယ်ဆိုရင်လည်း သင်ခန်းစာတစ်ခုတော့ ရနိုင်ပါသေးတယ်။

ပြောချင်တာက မြန်မာပြည် နိုင်ငံရေးပါ။ NLD ပါတီဟာ အစဉ်အဆက် တိုင်းရင်းသားတော်တော်များနဲ့ ဆက်ဆံရေးကောင်းခဲ့ပေမယ့် ရခိုင်တိုင်းရင်းသားတွေနဲ့တော့ ဆက်ဆံရေး ကောင်းတယ်ပြောလို့ရတဲ့ အခြေအနေ မရှိခဲ့ဘူးလို့ ဆိုရမယ်။ နီးကပ်တဲ့ ဖြစ်ရပ်တွေထဲမှာဆိုရင် ၂၀၁၂ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားတချို့ကို ရခိုင်တိုင်းရင်းသားတွေက နားလည်မှူ လွဲမှားကာ အဆိုးမြင်နေခဲ့ကြပါတယ်။ အဆိုးဆုံးအခြေအနေက ၂၀၁၅ ရွေးကောက်ပွဲပြီး ပြည်နယ်အစိုးရ ရွေးချယ်တဲ့အချိန်မှာ ရောက်ရှိခဲ့ပါတယ်။ NLD ဟာ ရခိုင်ပြည်နယ်မှာ မဲအများဆုံးရတဲ့ ပါတီနဲ့ ဆွေးနွေးညှိနှိူင်ခြင်း မလုပ်နိုင်ခဲ့ဘဲ ပြည်နယ်အစိုးရကို ကိုယ့်ဘာသာ ရွေးချယ်ခဲ့ပါတယ်။ ဒီကနေ စလို့ ဆက်ဆံရေးဟာ ဆိုးရွားတဲ့ အနေအထားဖြစ်လာပါတယ်။

အခြားတဖက်မှာလည်း ရခိုင်တိုင်းရင်းသားတွေဟာ နှစ်ပေါင်းများစွာ မလုံခြုံမှူကို ရင်ဝယ်ပိုက်ကာ အရာရာကို ခံစားလွယ်တဲ့ အမြင်နဲ့ ကြည့်လေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူအခွင့်အရေး အိုင်ကွန်ဆိုတာကလည်း သူတို့အတွက် ခြောက်လန့်နေတဲ့ တစ္ဆေတစ်ကောင်လိုပါပဲ။ ဒီလို နောက်ခံအခြေအနေတွေဟာ NLD အစိုးရဖြစ်ချိန်မှာ ပြုပြင်ခွင့်ရတယ်လို့ မှတ်ယူကာ ကောင်းမွန်တဲ့ ဆက်ဆံရေး ပြန်ရအောင် တွန်းအားအဖြစ် သုံးနိုင်ပါတယ်။ အမှန်တကယ်မှာတော့ ဆန့်ကျင်ဘက်လမ်းကြောင်းကို သွားနေသလားလို့ ယူဆရလောက်အောင်ကို ဖြစ်ရပ်တွေက မီမောင်းထိုးပြနေပါတယ်။

သိပ်မကြာသေးခင် ကာလတုန်းက မြို တိုင်းရင်းသားတွေ အသက်ခံရတာတဲ့ ပတ်သက်လို့ အစိုရဘက်က ကျေနပ်လောက်တဲ့ လုပ်ဆောင်ချက်မျိုး မရှိဘူးဆိုပြီး ပြည်သူတွေ (အထူးသဖြင့် ရခိုင် ဒေသခံတွေ) ဒေါသထွက်နေခဲ့ကြတာပါ။ မပြေသေးတဲ့ စိတ်အခံမှာ အခု လတ်တလော အကြမ်းဖက်မှူတွေက ဘူးလေးရာ ဖရုံဆင့်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ပမာဏလည်း ကြီးတယ်လို့ ယူဆတာကြောင့်လား၊ မဖြစ်မနေ မလုပ်မဖြစ်ရတဲ့ အနေအထားလည်း ဖြစ်လာတော့ သတင်းတွေ လျင်လျင်မြန်မြန် ပိုရှိလာပါတယ်။ သို့သော် သတင်းများက မီဒီယာ အခြေပြု၊ လူမှူကွန်ယက် အခြေပြုဖြစ်နေပြန်တော့ တွန့်လိမ်ကောက်ကွေး လိုရာဆွဲရေးထားတဲ့ သတင်းတွေက အရင် ပလူပျံနေပါပြီ။

အရေးကြီးတဲ့ လစ်ဟာချက်တစ်ခုက လက်ရှိအစိုးရအနေနဲ့ စိတ်ပူပန်မှူ မြင့်မားလွယ်တဲ့ ရခိုင်ပြည်သူတွေနဲ့ ထိရောက်လျင်မြန်ပြီး နီးကပ်တဲ့ ဆက်ဆံရေး လမ်းကြောင်းတစ်ခု တည်ဆောက်မှူ လိုနေပြီလို့ ယူဆပါတယ်။ ဝေဖန်သူတွေကတော့ ဗဟိုချုပ်ကိုင်လွန်းတာ၊ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနည်းတာနဲ့ ပွင့်လင်းမြင်သာမှူ အားနည်းလွန်းတာတွေကြောင့် မလိုအပ်ဘဲ ဒေသခံ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှူကို မြင့်စေပြီး နဂိုကတည်းက အစိုးရအပေါ် ယုံကြည်မှူ နည်းသည့် အခြေအနေကို ပိုမို ဆိုးရွားစေခဲ့တယ်လို့ ပြောပါတယ်။

သမားရိုးကျ သတင်းထုတ်ပြန်တာ အပြင်လက်တွေ့မှာ ရခိုင်ဒေသခံ ပြည်သူတွေနဲ့ လက်ရှိအစိုးရရဲ့ ထိတွေ့ဆက်ဆံမှူဟာ အားရစရာမကောင်းပါဘူး။ အခုအချိန်အထိ နိုင်ငံ့ခေါင်းဆောင်တွေ ရခိုင်ပြည်နယ်ကို သွားရောက် ကြည့်ရှူ့ခြင်း မပြုတာဟာလည်း ပြောစမတ်ပြုစရာ ဖြစ်နေပါသေးတယ်။ အခြားနမူနာအဖြစ် ပြောရရင် လက်ရှိအစိုးရဟာ ပြည်သူကို ကျေးဇူးတင်ကြောင်း မကြာခဏထုတ်ဖော်ပြောလေ့ရှိပါတယ်။ ပြည်သူကို အသိအမှတ်ပြုတာ၊ ပီယဝါစာ ပြောတာ ကောင်းပါတယ်။ အလားတူပဲ ရခိုင်ဒေသခံတွေအတွက်ရော ဘယ်လို သင့်တင့်လျောက်ပတ်တဲ့ စကား၊ အပြုအမှူများ ပြုလုပ်သင့်ပါသလဲ။ ဘာဖြစ်လို့ ရခိုင် အရေးမှာလည်း အဲသည်လို လက်ရှိအခြေအနေတွေနဲ့ ပတ်သတ်ပြီး ပြည်သူတွေ စိတ်ပူပန်မှူ လျော့စေနိုင်မယ့် ထုတ်ပြန်ချက်မျိုး (အနည်းဆုံး) လုပ်မပေးနိုင်တာလဲ။

ကြေငြာချက် ထုတ်တာလောက်များ ဘာခက်တာမှတ်၊ ငါတို့က အမှန်တကယ် တည်ငြိမ်ဖို့အတွက် ခက်ခက်ခဲခဲ တွေ လုပ်နေရတာလို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမယ့် မှန်တာတွေ လုပ်နေရုံနဲ့ ရသလား။ မှန်တာတွေ လုပ်နေကြောင်း လူမသိသင့်ပါသလား။ လက်ရှိအစိုးရနဲ့ နှီးနွယ်တဲ့ သူတွေ အနေနဲ့ နေရာပေါင်းများစွာမှာ မပြောသင့်တဲ့ စကားပြောတာ၊ ပြောသင့်တာမပြောတာ ဥပမာ များစွာ ရှိပါတယ်။ ခါးသီးတဲ့ အမှန်တရားတွေကို ထုတ်ဖော်ပြောဆိုတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ပြည်သူတွေ လိုအပ်နေတဲ့အချိန်မှာ စိတ်ပူပန်မှူလျော့ပါးစေမယ့် ချိုသာတဲ့စကားများလည်း အလွန်မှကို အရေးကြီးပါတယ်။

လက်ရှိ ရခိုင်ပြည်သူတွေရဲ့ အသံကို နားထောင်ကြည့်ရင်၊ ပြည်သူ့ကိုယ်စားလှယ်တို့ ရှိရာ ပြည်နယ်လွှတ်တော်က အသံတွေကို နားထောင်ကြည့်ရင် လက်ရှိအစိုးရရဲ့ အစီအမံတွေကို လုံးဝအားမရဘူးဆိုတာ သိသာပါတယ်။ ပြည်နယ်အစိုးရကတော့ လုံခြုံရေး လုပ်ငန်းတွေကို အစွမ်းကုန် လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ပြောနေပေမယ့်လည်း ပြည်သူတွေကတော့ အမှန်တကယ် အဲ့သလို မခံစားရပါဘူး။ တချိန်တည်းမှာပဲ မွတ်စလင်အသိုက်အဝန်းအတွက်လည်း နိုင်ငံတကာ ဖိအားတွေက ပိုပြီး များလို့သာ လာနေပါတယ်။ လက်ရှိအစိုးရက အမှန်တကယ် လုပ်ဆောင်နေတယ်ဆိုရင်တောင်မှ ပြည်သူကို ဘယ်လိုနည်းလမ်းနဲ့ ပါဝင်အသိပေးစေသင့်လဲ စောကြောသင့်နေပါပြီ။

ရခိုင်ပြည်နယ်အရေးဟာ ရှူပ်ထွေးနက်နဲတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ အားလုံးပူးပေါင်း ဆောင်ရွက်မှ ရမယ်ဆိုတာလည်း သေချာပါပဲ။ ရှူပ်ထွေးတဲ့ ကိစ္စဖြစ်လို့ကို ပြည်သူတွေ (အထူးသဖြင့် စိုးရိမ်ပူပန်မှူ မြင့်လွယ်တဲ့ ရခိုင်တိုင်းရင်းသားတွေကို) ရှင်းရှင်းလင်းလင်း သိစေအောင် လုပ်နိုင်ဖို့က ပြဿနာကို တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်ခြင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပါလိမ့်မယ်။

ဒီလို အရေးကြီးတဲ့ နိုင်ငံရဲ့ ပြဿနာကို အထိခံ ထိခိုက်ခံစားရတဲ့ ဒေသခံပြည်သူတွေကို လုံလောက်တဲ့ အရေးစိုက်မှူ မပေးတာဟာ အလွန်ကို စဉ်းစားဖွယ်ရာပါ။ ဗဟိုမှာ လုပ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ ကော်မတီကလည်း ဘာတွေ လုပ်နေတယ်ဆိုတာ ကာယကံရှင် ပြည်သူတွေ မသိသလောက်ပါပဲ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ ရခိုင်ပြည်နယ်အရေးကို အမြဲအလေးထားဆောင်ရွက်လျက် ရှိကြောင်း ပြောပါတယ်။ ပြည်သူတွေကို သတင်းစာ ဖတ်ကြဖို့၊ ရုပ်မြင်သံကြားကြည့်ဖို့လည်း တိုက်တွန်းထားပါသေးတယ်။

ဒါပေမယ့် ဆိုခဲ့သလို သတင်းအချက်အလက်တွေသာ ထုတ်ပြန်ပြီး အခြား သဘောထား ဘာကိုမှ မပြောတဲ့အခါ ပြည်သူတွေ နားမလည်နိုင်တာ မထူးဆန်းတော့ပါဘူး။ ပြီးခဲ့တာတွေ မေ့ပြီးတော့ လက်ရှိအစိုးရအနေနဲ့ ရခိုင်လူထုနဲ့ ထဲထဲဝင်ဝင် ထိတွေ့ ဆက်ဆံပြီး နားလည်အောင် ကြိုးစားဖို့ သင့်ပြီလို့ ဆိုချင်ပါတယ်။

ပထဆုံးတင်ပြခဲ့တဲ့ သတင်းနှစ်ပုဒ်က ပေးတဲ့ သင်ခန်းစာ နှစ်ရပ်ကို ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် အနည်းဆုံး ဒီလို တွေ့ရနိုင်ပါမယ်။ ပြည်သူတွေ လိုအပ်ချိန်မှာ နိုင်ငံအကြီးအကဲ တစ်ယောက်အနေနဲ့ ဖေးမကူညီကြောင်း ပြကိုပြရမယ်ဆိုတဲ့ ထိုင်းဥပမာနဲ့ လူတွေရဲ့ နှလုံးသားကို ဦးတည်ထားပြီး မြန်မာတွေကို မြန်မာဆန်ကြောင်း၊ မြန်မာ့ ယဉ်ကျေးမှူကို မြတ်နိုးကြောင်းကို သိသာစေပြီး သွယ်ဝိုက်စည်းရုံးသွားတဲ့ ဗြိတိသျှသံအမတ်ရဲ့ ဥပမာတွေဟာ လက်ရှိအစိုးရ ရခိုင်ပြည်မှာ သုံးဖို့ လိုအပ်နေတဲ့ သင်ခန်းစာများ ဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်ထောင်စုနေ့မှာ ပင်လုံမှာပြောခဲ့တဲ့အထဲမှာ “ ပြည်သူ့နှလုံး မသိမ်းကြုံးက ဓါးသွားလည်းကြွေ၊ လှံလည်းခွေအံ့” လို့ ပါဝင်ပါတယ်။

ရခိုင်ဒေသခံတွေရဲ့ ပူပန်မှူ စစ်စစ်၊ စိတ်နေစိတ်ထားတွေကို သိအောင်ကြိုးစားပြီး သူတို့နဲ့ ကိုက်ညီမယ့် ပြည်သူ့နှလုံး သိမ်းကြုံးနိုင်မယ့် ဗျူဟာ တစ်ရပ် ရှိနေသလားဆိုတာဟာ ပြဿနာတွေကို ပိုကောင်းအောင် လုပ်နိုင်မယ့် အစိတ်အပိုင်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ ရခိုင်ဒေသခံတွေရဲ့ နှလုံးကို သိမ်းကြုံးနိုင်မယ့် မဟာဗျူဟာကို ဦးဆောင်ရမယ့် ဝန်ကြီးချုပ်ရဲ့ အာစလျှာစ နည်းလွန်းခြင်းနဲ့ အနေအေးလွန်းခြင်းက လူမှန်နေရာမှန် ဖြစ်ရဲ့လားဆိုတာလည်း ပြန်စဉ်းစားသင့်ပါတယ်။ ရခိုင်ပြည်နယ် ဒေသခံတွေနဲ့ ထဲထဲဝင်ဝင် ရဲရဲဝံ့ဝံ့ ဆက်ဆံခြင်းကသာ ပိုကောင်းတဲ့ အဖြေတွေရဲ့ အဖြေဖြစ်ပါလိမ့်မယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

(လင်းငယ်သည် စစ်တွေအခြေစိုက် ဆရာဝန်တဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading