၂၀၂၁၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်းမှာ စစ်အာဏာသိမ်း အစိုးရရဲ့ လူမဆန်တဲ့ ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြည်သူတရပ်လုံးနဲ့အတူ သတင်းမီဒီယာတွေကလည်း တသားတည်း ခံစားခဲ့ရပါတယ်။ စစ်ကောင်စီဟာ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကို မြင်သာထင်သာ ပြုလုပ်ခဲ့ပါတယ်။ သတင်းဌာန ၁၂ ခုဟာ အာဏာသိမ်းပြီး လအနည်းငယ်မှာပဲ လိုင်စင်ရုပ်သိမ်းခံရပြီး တချို့သော သတင်းဌာနတွေကို စစ်တပ်က ဝင်ရောက် စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းပြီးစက စလို့ ယနေ့အထိ အဖမ်းခံခဲ့ရသူ သတင်းထောက်စုစုပေါင်း ၁၃၅ ယောက်အထိ ရှိပြီး အဲ့ဒီအထဲက ၄၈ ဦးဟာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။ အလွတ်တန်း ဓာတ်ပုံဆရာ တဦးဟာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။ ကျန်ရစ်တဲ့ သူ့ရဲ့ နေအိမ်ကို အာဏာသိမ်းအစိုးရက ချိတ်ပိတ်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးငယ်လေးကိုလည်း ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ လွတ်လပ်တဲ့ မီဒီယာ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ အယ်ဒီတာတွေ၊ သတင်းထောက်တွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်တာ၊ မိသားစုနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေကို ဖမ်းဖို့ ကြိုးစားတာ အစရှိတဲ့ လူမဆန်တဲ့ လုပ်ရပ်များစွာကိုလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသေးတယ်။
စစ်အာဏာသိမ်း အစိုးရကို ထောက်ခံသူတချို့က တယ်လီဂရမ်နဲ့ အခြား လူမှုကွန်ရက်မီဒီယာတွေ ပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးဖို့၊ ဒါမှမဟုတ် သတ်ပစ်ဖို့ အစရှိတဲ့ ခြိမ်းခြောက်လှုံ့ဆော်မှုတွေ ရှိနေတာကိုလည်း မြန်မာနိုင်ငံရဲ့ သတင်းထောက်တွေဟာ ရင်ဆိုင်နေရပါတယ်။
စစ်အာဏာသိမ်း အစိုးရကို ထောက်ခံသူတချို့က တယ်လီဂရမ်နဲ့ အခြား လူမှုကွန်ရက်မီဒီယာတွေ ပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးဖို့၊ ဒါမှမဟုတ် သတ်ပစ်ဖို့ အစရှိတဲ့ ခြိမ်းခြောက်လှုံ့ဆော်မှုတွေ ရှိနေတာကိုလည်း မြန်မာနိုင်ငံရဲ့ သတင်းထောက်တွေဟာ ရင်ဆိုင်နေရပါတယ်။ တချို့ ခြိမ်းခြောက်မှုတွေမှာ ဆိုရင် နေရပ်လိပ်စာ အပြည့်အစုံနဲ့ မိဘဆွေမျိုးတွေပါ မချန် လူမှုကွန်ရက်ပေါ် တင်ပြီး သတ်ပစ်ဖို့၊ ဖမ်းဆီးထောင်ချဖို့ အစရှိတဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို တောက်လျှောက်လုပ်နေတာ ဖြစ်ပါတယ်။
ဒီလို ဖမ်းဆီး ဖိနှိပ်မှုတွေကြောင့် လွတ်လပ်တဲ့ မီဒီယာအဖွဲ့အစည်းတွေဟာ ပြည်တွင်းမှာ ဆက်လက် မရပ်တည်နိုင်တော့ဘဲ၊ တချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်ရာ နယ်မြေနဲ့ နယ်စပ်ဒေသတွေကို အဖွဲ့အစည်းလိုက် ရွှေ့ပြောင်းကြရပါတယ်။ အဖွဲ့အစည်းတွေတင်လား ဆိုတော့ မဟုတ်ပါဘူး။ ပြည်တွင်းမှာ အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ကိုင်နေသူတွေ၊ ဆောင်းပါးရှင်တွေ ဟာလည်း တဦးချင်းအလိုက် စစ်ကောင်စီရဲ့ အာဏာစက်ကနေ လွတ်အောင် ပြေးကြရပါတယ်။ အရင်က သတင်းထောက် လုပ်ခဲ့ဖူးပြီး တခြား အသက်မွေးဝမ်းကြောင်း တခုခုကို ကူးပြောင်းခဲ့ပြီး သူတွေကိုတောင်မှ ခြိမ်းခြောက်မှုတွေ ရှိတဲ့အတွက် သတင်းထောက်ဆိုတာနဲ့ မလုံခြုံတော့တဲ့ ဘဝမှာ နေ့နေ့ညည နေထိုင်နေ ကြရပါတယ်။
ကိုယ့်ဌာနက တာဝန်ယူ ရွှေ့ပြောင်းပေးတဲ့အတွက် လုံခြုံရာနေရာကို ရွှေ့ပြောင်းပြီး အလုပ်ဆက်လုပ်နေတဲ့ မြန်မာ သတင်းထောက်တွေ ရှိသလို၊ ပြည်တွင်းမှာပဲ ဆက်နေပြီး သတင်းလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေတဲ့ သတင်းသမားတွေလည်း အများကြီးရှိပါတယ်။ ပြည်တွင်းမှာ ဆက်ရှိနေတဲ့ သတင်းသမား တွေဟာ လုံခြုံရေးအရ တနေရာကနေ တနေရာ ရွှေ့ပြောင်းနေထိုင်နေကြရပြီး နေ့နေ့ညည အမြဲ လုံခြုံရေးသတိနဲ့ နေထိုင်လုပ်ကိုင်နေကြရတာပါ။
သတင်းအမှန်တွေကို ရသင့်ရထိုက်တဲ့အချိန်မှာ ရနေသမျှ ကာလပတ်လုံး ပြည်သူဟာ မျက်စိပွင့် နားပွင့် ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီက တလျှောက်လုံး မလိုချင်ခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။
ဒါတွေဟာ စစ်ကောင်စီရဲ့ မြင်သာထင်ရှားတဲ့ သတင်းမီဒီယာအပေါ် ဖိနှိပ်မှုတွေဖြစ်ပါတယ်။ လွတ်လပ်တဲ့ မီဒီယာတွေကို အစွမ်းကုန်ဖိနှိပ်ပြီး ပြည်သူလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းရယူပိုင်ခွင့်ကို ပိတ်ပင်နေတာ ဖြစ်ပါတယ်။ ဘာကြောင့် ပိတ်ပင်နေတာလဲ ဆိုရင် စစ်မှန်တဲ့ သတင်းတွေ ပြည်သူအကြား စီးဆင်းပြီး ပြည်သူတွေက မှန်ကန်သင့်တော်တဲ့ အလုပ်တွေလုပ်မှာ၊ အတွေးတွေ တွေးမှာကို ကြောက်လို့ ဖြစ်ပါတယ်။ သတင်းအမှန်တွေကို ရသင့်ရထိုက်တဲ့အချိန်မှာ ရနေသမျှ ကာလပတ်လုံး ပြည်သူဟာ မျက်စိပွင့် နားပွင့် ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီက တလျှောက်လုံး မလိုချင်ခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။ ပြည်သူကို အမှောင်မချနိုင်သရွေ့ စစ်တပ်ဟာ အနိုင်မရပါဘူး။ ဒါကြောင့်မို့လို့ မဇ္ဇျိမနဲ့ ဒီဗီဘီ ရုပ်သံလိုင်းတွေ ဖမ်းယူလို့ရတဲ့ PSI စလောင်းတွေကအစ ဖြုတ်သိမ်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာနဲ့ သက်ဆိုင်တဲ့ လူ့စွမ်းအား အရင်းအမြစ် မှန်သမျှကို ဆုတ်ယုတ်သွားအောင် ဖမ်းဆီးထောင်ချ သတ်ပစ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဆိုက်ဘာဥပဒေ အသစ်ကို စတင်ပြီး VPN သုံးတဲ့ သူမှန်သမျှ ရာဇဝတ်သားအဖြစ် ဖမ်းဆီးလို့ရအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒီလို အခက်အခဲတွေ အမျိုးမျိုးကြားကမှ သတင်းတွေအဆက်မပြတ် တင်ဆက်နေတဲ့ လွတ်လပ်တဲ့ မီဒီယာတွေကို ကျေးဇူးတင် လေးစားရပါတယ်။ သတင်းစာ ဆရာ၊ ဆရာမတွေဟာ နေ့စဉ်နဲ့အမျှ သတင်း ဖြစ်ရပ်အမှန်တွေကို ပရိသတ်ဆီ ပို့ပေးနိုင်ဖို့ စိတ်အင်အား၊ လူအင်အား၊ အချိန်တွေကို ရင်းနှီးမြှုပ်နှံ ထားရပါတယ်။ နေ့တိုင်း တက်လာနေတဲ့ တိုက်ပွဲသတင်း၊ တော်လှန်ရေးရဲဘော်တွေ ကျဆုံးတဲ့သတင်း၊ ကျေးရွာတွေ မီးရှို့ခံရတဲ့သတင်း အစရှိတဲ့ အနိဋ္ဌာရုံတွေကို ပရိသတ်ထက်အရင် သိမြင်ကြားကြရတဲ့အပြင် ထိခိုက်ခံစားရသူတွေနဲ့ တိုက်ရိုက် ဆက်သွယ်နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိနေကြမှာ ဖြစ်ပါတယ်။
ဒီလို ဖိနှိပ်မှုတွေနဲ့ လုပ်ငန်းလုပ်ကိုင်ရတဲ့ အခြေအနေတွေဟာ ခက်ခဲမှာ အမှန်ပါပဲ။ အာဏာသိမ်း စစ်ကောင်စီက ဘယ်လိုပဲ ဖိနှိပ်နေပါစေ မြန်မာ ပြည်သူတွေဟာ အရည်အသွေးရှိတဲ့ သတင်း အချက်အလက်တွေ ရယူဖို့ ထိုက်တန်ပါတယ်။ ဒါကြောင့်လည်း လွတ်လပ်တဲ့ မီဒီယာတွေဟာ စစ်ကောင်စီရဲ့ အာဏာစက်အောက်ကနေ ထွက်ပြီး လွတ်လပ်တဲ့၊ လူသားဆန်တဲ့၊ ဘက်လိုက်မှု ကင်းတဲ့ သတင်းတွေကို တင်ဆက်ဖို့ ကြိုးစားနေကြတာပဲ မဟုတ်လား။
ဇွန်လ ၂၂ ရက်နေ့က မကွေးတိုင်းမှာ PDF တွေ လိုက်ပါလာတဲ့ ဖောကားယာဉ် တိုက်ခိုက်ခံခဲ့ရပြီး တပ်ဖွဲ့ဝင် ၁၂ ဦး (၉ ဦးလို့လည်းတွေ့) ကျဆုံးပြီး ၃ ဦး အဖမ်းခံရတယ် ဆိုတဲ့ သတင်းတက်လာပါတယ်။ ဒီသတင်းကြောင့် အားလုံး စိတ်နှလုံး ထိခိုက်ကြရပြီး သတင်းပေး ဒလန်ကြောင့် ဖြစ်တယ်ဆိုတာမျိုး လူမှုကွန်ရက်မှာ ဆွေးနွေးကြတာတွေ ရှိပါတယ်။
ပွင့်ဖြူ ဖြစ်ရပ်မှာ အဓိက တာဝန်ရှိတဲ့ စစ်ကောင်စီဘက်က ဗိုလ်မှူး မင်းပိုင်စိုး ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ မိသားစု ဓာတ်ပုံတပုံ ဖြစ်ပါတယ်။ ဓာတ်ပုံဟာ ကြည်တောက်ရှင်းပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ မျက်နှာကို ကွယ်ထားတာ၊ ဝါးထား ပေးတာမျိုး မရှိပါဘူး။
သိပ်မကြာခင်မှာပဲ စာဖတ်ပရိသတ် အခိုင်အမာရရှိထားပြီး အောင်မြင်တဲ့ လွတ်လပ်တဲ့ မီဒီယာကြီး ၂ ခုကနေ သတင်းတပုဒ် တက်လာပါတယ်။ အဲဒါကတော့ ပွင့်ဖြူ ဖြစ်ရပ်မှာ အဓိက တာဝန်ရှိတဲ့ စစ်ကောင်စီဘက်က ဗိုလ်မှူး မင်းပိုင်စိုး ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ မိသားစု ဓာတ်ပုံတပုံ ဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံမှာ စစ်တပ်ယူနီဖောင်းနဲ့ လူတယောက်က သမီးမိန်းကလေး တဦးကို ချီပွေ့ထားပြီး သူ့ဘေးမှာတော့ သားယောကျ်ားလေး တဦးကို ပွေ့ထားတဲ့ အမျိုးသမီးတဦး ပါပါတယ်။
ဓာတ်ပုံဟာ ကြည်တောက်ရှင်းပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ မျက်နှာကို ကွယ်ထားတာ၊ ဝါးထား ပေးတာမျိုး မရှိပါဘူး။ သတင်းဌာန နောက်တခုကဆိုရင် ဗိုလ်မှူး မင်းပိုင်စိုးနဲ့ ပွင့်ဖြူ ဖြစ်ရပ်မှာ အဓိက တာဝန်ရှိတယ် ဆိုသူတွေရဲ့ အမည်နဲ့ ဖုန်းနံပါတ်တွေကိုပါ တင်ထားတာ တွေ့ရပါတယ်။ မှတ်ချက်ပေးသူတွေထဲမှာလည်း “မင်းမိသားစုတော့ လွတ်အောင်ပြေး” “သေဖို့သာပြင်ထား” “ဝဋ်က နေ့မကူးဘူး” အစရှိတဲ့ အမုန်းစကားတွေကို ဖောဖောသီသီ တွေ့ရပြန်ပါတယ်။
ဒီမီဒီယာကြီး ၂ ခုစလုံးဟာ သတင်းတင်ဆက်မှုတွေကို သဘောကျလို့ အာဏာသိမ်းပြီးစ ကတည်းက တောက်လျှောက် စောင့်ဖတ်လာခဲ့တဲ့ ဌာနတွေ ဖြစ်ပါတယ်။ ပွင့်ဖြူမှာ ကိုယ့် ညီ/ မောင်တွေ ကျဆုံးခဲ့ရတာ မှန်ပေမယ့် သတင်းဌာနအနေနဲ့ ဒီလို သတင်းမျိုး တင်တာဟာ မှန်ကန်ရဲ့လားလို့ သံသယ ရှိမိပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တွေကိုယ်တိုင်တောင် ဗိုလ်မှူးမင်းပိုင်စိုးရဲ့ မိန်းမနဲ့ ကလေးတွေအပေါ် ထိခိုက်နာကျင်လိုစိတ် ရှိပါ့မလားလို့ တွေးမိစေချင်မိတယ်။
စစ်ကောင်စီဘက်က တယ်လီဂရမ် ချန်နယ်တွေမှာ သတင်းစာဆရာ၊ ဆရာမတွေ၊ လှုပ်ရှားတက်ကြွသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအကြောင်း ပုံနဲ့တကွ တင်ပြီး သတ်ဖို့ဖြတ်ဖို့ ဖမ်းဆီးဖို့ လှုံ့ဆော်တာနဲ့ သတင်းဌာနကြီး ၂ ခုရဲ့ သတင်း ၂ ပုဒ်ဟာ ဘာကွာခြားချက်များ ရှိပါသလဲ။
တဖက်က စစ်ကောင်စီဟာ မီဒီယာနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအပေါ် နည်းအမျိုးမျိုးနဲ့ ဖိနှိပ် ချုပ်ချယ်တဲ့အခါ ကျနော်တို့ မခံချင်ဒေါသ ဖြစ်ရတယ်။ မိဘကို ဖမ်းချင်တာ၊ မတွေ့လို့ ကလေးငယ်လေးတွေကို ဖမ်းခေါ်သွားတဲ့အခါ၊ သားသမီးကို မတွေ့လို့ မိအိုဖအိုတွေကို ဖမ်းဆီးသွားတဲ့အခါ ကျနော်တို့ ဘယ်လို ခံစားရပါသလဲ။ မန္တလေးက ရှေ့နေအမျိုးသမီးလေး မဖြူဖြူခိုင်ဟာ သူ့အစား သူ့မိသားစုဝင်တွေကို ဖမ်းဆီးသွားတဲ့အတွက် သူ့ကိုယ်သူ သတ်သေသွားခဲ့တဲ့ သတင်းကို ဖတ်ရတဲ့အခါ ကျနော်တို့ ဘယ်လို ခံစားခဲ့ရပါသလဲ။ စစ်ကောင်စီဘက်က တယ်လီဂရမ် ချန်နယ်တွေမှာ သတင်းစာဆရာ၊ ဆရာမတွေ၊ လှုပ်ရှားတက်ကြွသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအကြောင်း ပုံနဲ့တကွ တင်ပြီး သတ်ဖို့ဖြတ်ဖို့ ဖမ်းဆီးဖို့ လှုံ့ဆော်တာနဲ့ သတင်းဌာနကြီး ၂ ခုရဲ့ သတင်း ၂ ပုဒ်ဟာ ဘာကွာခြားချက်များ ရှိပါသလဲ။
ကျနော်တို့ဟာ ကျနော်တို့ မကြိုက်တဲ့၊ လက်မခံနိုင်တဲ့ စနစ်တခုကို တော်လှန်နေရင်းကနေ ကျနော်တို့ ကိုယ်တိုင် ကျနော်တို့မကြိုက်တဲ့ စနစ်ကြီး တခုကို ထူထောင်နေမိမှာ စိုးရိမ်မိပါတယ်။ အဖိနှိပ်ခံရလွန်းတဲ့ ပြည်သူအများစုဟာ မကျေနပ်စိတ်၊ ဒေါသစိတ်တွေနဲ့ ပြည့်နေကြတာပါ။
အမျိုးသမီးတိုင်းနဲ့ ကလေးတိုင်းဟာ ဘယ်လို ပဋိပက္ခအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အကာအကွယ်ပေး ခံရဖို့ ထိုက်တန်သလို၊ အကာအကွယ်ပေးဖို့ တာဝန်ဟာ လွတ်လပ်တဲ့ မီဒီယာတွေမှာ အပြည့်အဝ ရှိပါတယ်။
ဒီလို အခြေအနေမျိုးမှာ သတင်းမီဒီယာတွေက စာဖတ်သူကို ရှေ့ဆောင်လမ်းပြပြီး အမှန်တရားနဲ့ လူသားဆန်မှုကို မြှင့်တင်ပေးရမယ့်အစား၊ ဒေါသနဲ့ လက်စားချေလိုစိတ်တွေ ဖြစ်အောင် လုပ်ပေးနေတာဟာ မှန်ရဲ့လား ဆိုတာ ပြန်စဉ်းစားကြသင့်ပါတယ်။ မြန်မာနိုင်ငံလို နိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံ၊ အခြေအနေမျိုးမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။
ပွင့်ဖြူရဲဘော် ၁၂ ဦးကျဆုံးအောင် လုပ်ခဲ့တဲ့ ဗိုလ်မှူးမင်းပိုင်စိုးနဲ့ အပေါင်းအပါများဟာ သူတို့လုပ်ရပ်အတွက် တာဝန်ယူရမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကို မီဒီယာက ဖော်ပြရေးသားရာမှာ သတင်းတပုဒ်လိုပဲ ပါဝင်သင့်တဲ့ သက်သေ အထောက်အထားတွေ၊ ပြောစကားတွေ၊ ပတ်ဝန်းကျင် ဖြစ်ရပ်တွေနဲ့သာလျှင် ကျင့်ဝတ်နဲ့ အညီ ဖော်ပြသင့်ပါတယ်။ အမျိုးသမီးတိုင်းနဲ့ ကလေးတိုင်းဟာ ဘယ်လို ပဋိပက္ခအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အကာအကွယ်ပေး ခံရဖို့ ထိုက်တန်သလို၊ အကာအကွယ်ပေးဖို့ တာဝန်ဟာ လွတ်လပ်တဲ့ မီဒီယာတွေမှာ အပြည့်အဝ ရှိပါတယ်။ ဒီတာဝန်ကို မယူချင်ဘူးဆိုရင်တော့ လွတ်လပ်တဲ့ မီဒီယာများသည်လည်း စစ်ကောင်စီရဲ့ ဟန်ငြိမ်းဦးအဆင့်ကို သက်ဆင်းသွားမှာပဲ ဖြစ်ပါတယ်။
(ယဉ်ငြိမ်းချမ်း သည် သတင်းထောက်နှင့် အယ်ဒီတာ ဟောင်းတစ်ဦး ဖြစ်သည်။)
You may also like these stories:
စစ်အာဏာသိမ်းဆန့်ကျင်ရေးနဲ့ ရာသီသွေးလာချိန်
နွေဦးတော်လှန်ရေးလှိုင်းလုံးထဲက LGBTIQ များ
ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး