ဆောင်းပါး

ကမ္ဘာ့အမွေအနှစ် ဖြစ်သော်လည်း ပုဂံ အနာဂတ် မရေရာသေး

Want create site? Find Free WordPress Themes and plugins.

မကြာသေးမီကမှ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဖြစ်သွားသည့် ပုဂံရှေးဟောင်းမြို့တော်ရှိ မြေသားလမ်းများတွင် ခြေဦးတည်ရာ သွားလာရခြင်းသည် အမြဲလိုလို အံ့သြဖွယ် တမျိုးမျိုးနှင့်ကြုံစေနိုင်သည်။ ရာစုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော နီစွေးစွေး ဘုရားများကို အစုလိုက် တွေ့နိုင်သလို ကွင်းပြင်ထဲတွင် ထီးထီးဖြစ်နေပြီး ထူးခြားသော ဗိသုကာလက်ရာများဖြင့် တန်ဆာဆင်ထားသည့် ဂူဘုရားထဲတွင် ၁၂ ရာစု လက်ရာ နံရံဆေးပန်းချီများကို မမျှော်လင့်ဘဲ တွေ့နိုင်ပါသည်။

သို့သော် မင်္ဂလာစေတီနှင့် ကပ်လျှက်လမ်းတခုထဲသို့ ဝင်သွားပါက ဆောက်လက်စ ဟိုတယ် လုပ်ငန်းခွင် အတွင်း တည်ရှိနေသည့် ရှေးဟောင်းဘုရားများ ကို တွေ့ရမည်ဖြစ်ပြီး ထိုမြင်ကွင်းသည် မြင်ရသူအဖို့ အထက်ဖော်ပြပါ အံ့သြစရာများနှင့်မတူ တမူထူးနေပါလိမ့်မည်။ သမိုင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သည့် ထိုဘုရားများ ဟိုတယ်ဝန်းအတွင်း ရှိနေခြင်းသည် အမြင်မသင့်တော်လှသလို၊ ဘာသာရေးအရလည်း မလေးစားရာ ကျနေသည်။

အမေရိကန်နိုင်ငံ အခြေစိုက် ဟီလ်တန် ဟိုတယ်လုပ်ငန်းစုနှင့် ပြည်တွင်းမှ ဧဒင်အုပ်စု ကုမ္ပဏီလီမိတက်တို့၏ ဖက်စပ် စီမံကိန်းဖြစ်သော အခန်းပေါင်း ၂၂၀ ပါသည့် ဟီလ်တန်ပုဂံဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကြိုဆိုပါသည်။

မပြီးသေးသည့် Hilton Bagan ဟိုတယ် ဧည့်လက်ခံရာ အဆောက်အဦးအနီး ရှေးဟောင်းဘုရားတဆူ ရှိနေသည်/ ဧရာဝတီ

ထိုဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းများမှာ ပြီးစီးသလောက် ဖြစ်နေသော်လည်း ဟိုတယ်ဝန်းအတွင်း ဧရာဝတီ မြစ်ကမ်းပါးတွင်မူ စားသောက်ခန်းမဆောင် အတွက် ဆောက်လုပ်ရေး လုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် ဆောက်ရွက်ဆဲ ဖြစ်သည်။ ထိုတည်ဆောက်ဆဲ လုပ်ငန်းခွင်မှ ခဲတပစ် အကွာတွင် ရှေးဟောင်း ဘုရားများ ရှိနေပြန်သည်။ ထိုစီမံကိန်း နှစ်ခုစလုံးသည် မြန်မာ အစိုးရနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က သတ်မှတ်ထားသော စတုရန်း ကီလိုမီတာ ၅၀ ခန့်ကျယ်သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း ကျရောက်နေပြန်သည်။

ဟီလ်တန်ပုဂံအပြင် အော်ရီယန် ပဲလေ့စ် ဟိုတယ် ဝင်းအတွင်းရှိ နန်းမြင့်မျှော်စင်၊ ပုဂံသံတဲဟိုတယ်၊ ပုဂံဟိုတယ်၊ ပုဂံသီရိပစ္စယာ ဟိုတယ်၊ ဟိုတယ်သရပါဂိတ်နှင့် ဧရာဟိုတယ်အပါအဝင် ရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်း ကျရောက်နေသည့် အခြားလုပ်ငန်းများလည်း ရှိသည်။ ၎င်းတို့ ဝန်းထဲတွင် ရှေးဟောင်း ဘုရား၊ ပုထိုးနှင့် စေတီများကဲ့သို့သော ရှေးဟောင်းအမွေအနှစ်များ ရှိနေသည်။

ဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံ ၃၅၉၅ ခု တည်ရှိနေသည့် ပုဂံ၏ ရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း ကြီးမားသော ခေတ်မီဟိုတယ်များ ရှိနေခြင်းသည် သက်တမ်း နှစ်တထောင်ကျော် ရှိနေပြီဖြစ်သော ပုဂံ၏ တည်တံ့ခိုင်မြဲမှုကိုသာ မက၊ ထူးခြားစစ်မှန်မှု ကိုလည်း ထိခိုက်စေကာ UNESCO ၏ မကြာသေးမီက ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ခြင်းကိုပါ ထိခိုက်စေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ပုဂံကို UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် ထောက်ခံချက်ပေးခဲ့သည့် ပြင်သစ်အခြေစိုက် နိုင်ငံတကာ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ဖြစ်သော ရှေးဟောင်း အဆောက်အအုံများနှင့် နယ်မြေများဆိုင်ရာ နိုင်ငံတကာကောင်စီ (ICOMOS) က အလယ်ခေတ် ရှေးဟောင်မြို့တော်ဖြစ်သော ပုဂံနှင့် ပတ်သက်သည့် အကဲဖြတ်အစီရင်ခံစာတွင် ဟိုတယ်များသည် ရှေးဟောင်နယ်မြေကို ကျူးကျော်ပြီး ဗုဒ္ဓဘာသာ အထိန်းအမှတ် အဆောက်အအုံများ၏ မြင်ကွင်းနှင့် လိုက်လျောညီထွေ မရှိကြောင်းနှင့် ဟိုတယ် တိုးချဲ့ရေး လုပ်ငန်းများနှင့် အသစ် ဆောက်လုပ်မှုများလည်း ဆက်လက် လုပ်ဆောင်လျှက် ရှိကြောင်း ယခုနှစ် မတ်လတွင် မှတ်ချက်ချသည်။

လက်ရှိ တည်ဆောက်နေသော စီမံကိန်းများအပါအဝင် ဟိုတယ်များသည် ပုဂံကို ထိခိုက်စေကြောင်း ICOMOS ၏ မြန်မာနိုင်ငံအဖွဲ့ခွဲ ICOMOS Myanmar ဒုဥက္ကဋ္ဌ ဦးဆန်းဦးက ဧရာဝတီသို့ ပြောသည်။

Aureum Palace ဟိုတယ်ဝင်းအတွင်းရှိ ရှေးဟောင်းပုထိုး/ ဧရာဝတီ

“ပုဂံရဲ့ တခြားနဲ့ မတူထူးခြားချက်က ဘုရားတင်မဟုတ်ဘူး။ အဲဒီ ဘုရားတွေရှိတဲ့ ဘေးပတ်ဝန်းကျင် (Archaeological landscape) ပါ ပါတယ်။ အဲဒီတော့ ဟိုတယ်တွေ ဆောက်တာက Archaeological landscape ကိုပါ ထိခိုက်စေတာကို ဘယ်သူမှ မငြင်းနိုင်ဘူး” ဟု သူက ပြောသည်။

ထိုပြဿနာကို ဖြေရှင်းရန်အတွက် မြန်မာအစိုးရသည် ပုဂံကိ ုကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် အဆိုပြု လုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ပုဂံအတွက် စီမံခန့်ခွဲရေးစီမံချက် (Management Plan) ကို UNESCO သို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်းခဲ့သည်။ ထိုစီမံချက်တွင် ခရီးသွားလုပ်ငန်း တိုးတက်လာခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ပြဿနာများနှင့် သဘာဝဘေးအန္တရာယ်များ စသည့် အခြား ပြဿနာများကို မည်သို့ ဖြေရှင်းမည်ကို တင်ပြထားသည်။

ဧည့်သည်များ တည်းခိုနေထိုင်ရေး ပြဿနာကို ရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ပြီး ဟိုတယ်များနှင့် တည်းခိုခန်းများသည် အမွေအနှစ်များကို မထိခိုက်ရေး အတွက် ဇုန်အတွင်းရှိ လက်ရှိ ဟိုတယ်များနှင့် တည်းခိုခန်းများကို ပြန်လည်စိစစ်မည်ဟု စီမံခန့်ခွဲရေး စီမံချက်တွင် အစိုးရက ကတိပြုထားသည်။

“ဥပဒေပြဌာန်းချက်နှင့် ကိုက်ညီသော မြို့အတွင်းမှ ဟိုတယ်များမှအပ ယဉ်ကျေးမှု နယ်မြေအတွင်း တည်ရှိနေသော ဟိုတယ်များနှင့် အပမ်းဖြေစခန်းများ အားလုံးကို ၂၀၂၈ ခုနှစ် နောက်ဆုံးထား ဖယ်ရှားမည်။ ထိုကဲ့သို့သော အပမ်းဖြေစခန်းများ ဆက်လက် တည်ဆောက်ခြင်းကို ရပ်ဆိုင်းမည်။ ဟိုတယ်များအားလုံးကို လုံးဝဖယ်ရှားပစ်ပြီး ထိုနယ်မြေကို ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ပြန်လည်ဖြစ်စေရန် ပြန်လည် ပြုလုပ်မည်။ လုပ်ငန်း အဆင့်ဆင့်ကို သက်ဆိုင်ရာ ပိုင်ရှင်များကို ထိုသို့ ဆောက်ရွက်မည့် လုပ်ငန်းအဆင့်ဆင့်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရန် လိုသည်” ဟု ထို စီမံခန့်ခွဲရေးစီမံချက်က ဆိုသည်။

လက်တွေ့တွင် ဟိုတယ်များ ပြဿနာသည် အစိုးရအတွက် ကြီးမားသော စိန်ခေါ်မှုကိုဖြစ်စေသည်။ ဟိုတယ်များ၏ အနီးရှိ ရှေးဟောင်း အဆောက်အအုံများအပေါ် သက်ရောက်မှုများကို ပိုင်ရှင်များ၊ နိုင်ငံတကာ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ကျွမ်းကျင်သူများနှင့် တိုင်ပင်အကဲဖြတ်ပြီး ရေရှည်ဖြေရှင်းမှုများ ဖော်ထုတ်ရန် လိုသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဆိုသည်။

“ဒီကိစ္စက လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး” ဟု သူက ပြောသည်။

ပထမ နိုင်ငံတော်

မန္တလေးတိုင်းအတွင်း ဧရာဝတီမြစ်ကမ်းပါး တလျှောက် တည်ရှိနေသော ပုဂံသည် ၁၁ ရာစုမှ ၁၃ ရာစုအထိ အထွဋ္ဋ်အထိပ် ကာလကို ဖြတ်သန်းခဲ့သည်။ အနော်ရထာသည် ဧရာဝတီမြစ်ဝှမ်း ဒေသတလျှောက် သူ့အာဏာကို ပြန်နှံ့စေခဲ့ပြီး ယနေ့မြန်မာနိုင်ငံ နယ်နိမိတ် နီးပါးရှိသော နိုင်ငံတော်ကို တည်ထောင်ခဲ့သည်ဟု ‘ပျောက်ဆုံးသွားသော ခြေရာများ၏ မြစ်’ အမည်ရှိ သူ၏စာအုပ်တွင် သမိုင်းပညာရှင် သန့်မြင့်ဦးက ဖော်ပြခဲ့သည်။

အနော်ရထာသည် နိုင်ငံတောင်ပိုင်းရှိ သထုံကို သိမ်းယူပြီးနောက် မလေးကျွန်းဆွယ်အထိ ဆက်လက် သိမ်းပိုက်နိုင်ကာ ပြည်ပ ကူးသန်းရောင်းဝယ်ရေး အနေဖြင့် သီဟိဠ်ုနှင့် အိန္ဒိယ တောင်ပိုင်းမှသည် တောင်တရုတ် ပင်လယ်အထိ ဝေးကွာသောဒေသများက ကုန်သည်များမှတဆင့် ကမ္ဘာ့စီးပွားရေးမှ အကျိုးအမြတ်ရအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ပုဂံဘုရားများ/ ဧရာဝတီ

ထို့အပြင် အနော်ရထာသည် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့ခြင်းအတွက် သာမက ထေရဝါဒ ဗုဒ္ဓသာသနာကို အားပေးခြင်း အတွက်လည်း ကျော်ကြားသည်။ ဘာသာတရား လွန်စွာကိုင်းရှိုင်းသူ တဦးအနေဖြင့် သူသည် ပုဂံနှင့် အခြားနေရာအနှံ့အပြားတွင် ဘုရားကျောင်းကန်များ တည်ဆောက်သည်။

ပုဂံသည် ၁၂ ရာစုတွင် အထွဋ်အထိပ် အရောက်ဆုံးဖြစ်ပြီး ထိုအချိန်အတွင်း ဧရာဝတီ မြစ်ကမ်းတလျှောက်တွင် ခမ်းနား ထည်ဝါလှသည့် ဘုရားပုထိုးများ ပေါ်ပေါက်လာသည်ဟု ထိုသမိုင်း ပညာရှင်က ဆိုသည်။ ထိုအချိန်တွင် ပုဂံသည် တောင်အာရှ တခုလုံးမှ အနုပညာနှင့် အတွေးအခေါ်များကို ရယူ ပြောင်းလဲကာ တီထွင်ဖန်တီးမှုနှင့် စွမ်းရည် မြင့်မားသည့် လူ့အဖွဲ့အစည်း ဖြစ်နေပြီးဖြစ်သည်ဟု ဆိုသည်။

“အလယ်ခေတ် ပုဂံနိုင်ငံတော်ရဲ့ အထူးခြားဆုံးအချက်က ပြင်ပကမ္ဘာကို တံခါးဖွင့်ထားတာနဲ့ ပတ်ဝန်းကျင် ဒေသတခုလုံးက အတွေးအခေါ်တွေနဲ့ အတုယူစရာတွေကို ဆွဲယူပြီး အဲဒါတွေကို စစ်မှန်တဲ့ ယဉ်ကျေးမှုပေါင်းစုံ ဗဟိုချက်အဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ စွမ်းရည်ပဲ” ဟု ဦးသန့်မြင့်ဦးက ဧရာဝတီသို့ ပြောသည်။

ပုဂံခေတ်ပျက်ပြီး နှစ်ပေါင်း တထောင်ကျော် ကြာမြင့်ပြီးသည့် ယနေ့အချိန်တွင်မူ ခမ်းနားထည်ဝါသော ပန်းတမော့ လက်ရာများရှိသည့် ဘုရားပုထိုးစေတီ ၃၀၀၀ ကျော်သည် တချိန်က ကောင်းစားခဲ့သော ထို ဗုဒ္ဓဘာသာ နိုင်ငံတော်၏ မိုင်ချီ ကျယ်ပြန့်သည့် ဖုန်ထူသော လွင်ပြင်ထဲတွင် နေရာအနှံ့ကျဲပြန့်လျှက် ကျန်ရှိနေသည်။

ဓမ္မယံကြီးစေတီနှင့် ဘုရားဖူးများ/ ဧရာဝတီ

တခြားသော ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် နေရာများနှင့်မတူဘဲ ပုဂံသည် ရှေးဟောင်း အမွေအနှစ်များနှင့် အတူ ယှဉ်တွဲနေထိုင်သည့် လူမှု အသိုင်းအဝိုင်းများလည်း ရှိနေသည်။

ICOMOS က ပုဂံကို ယူနက်စကို အတွက် ထောက်ခံသည့် အချက်များထဲတွင် “ပုဂံသည် အာရှဒေသ တလွှားတွင် တွေ့ရသော တခြား ဗုဒ္ဓဘာသာ ဗိသုကာနှင့် အနုပညာ လက်ရာများ၏ ပြောင်မြောက်မှုထက်ပင် ပိုမိုထူးခြား ပြောင်မြောက်သည်” ဟု ထည့်သွင်း ဖော်ပြသည်။ ပုဂံကို ဇူလိုင်လ ၆ ရက်နေ့က ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ထည့်သွင်းခဲ့ပြီး ၂၀၁၄ ခုနှစ်က ရှေဟောင်းပျူမြို့တော်များ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ် ဖြစ်လာခဲ့သည်။

လူကဲ့ရဲ့ဖွယ် ဖြစ်ခဲ့ရခြင်း

ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် ၁၉၉၆ တွင် စစ်အစိုးရက ပထမဆုံးအကြိမ် အဆိုပြုခဲ့သည်။ ထို အဆိုပြုချက်အတွက် အထောက်အကူပြုစေရန် စစ်အစိုးရသည် ရှေးဟောင်း အမွေအနှစ်အနီးတွင် လူများ ရောနှော မနေသင့်ဟု အကြောင်းပြကာ ပုဂံမြို့ဟောင်းအတွင်းရှိ ဘုရားများ အနီးတွင်နေသော မိသားစု ရာပေါင်းများစွာကို နေရာရွှေ့ပြောင်းခဲ့သည်။ တချိန်တည်းတွင် စစ်အစိုးရသည် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတချို့ကိုလည်း စတင် လုပ်ကိုင်သည်။ သို့သော် ပုဂံကို မည်သို့ စီမံခန့်ခွဲ ထိန်းသိမ်းမည် ဆိုသော အသေးစိတ် စီမံခန့်ခွဲရေးစီမံချက် မရှိခြင်း၊ အခြေခံအဆောက်အအုံနှင့် ခရီးသွားလုပ်ငန်း စီမံချက် မရှိခဲ့ခြင်းတို့ကြောင့် ထိုအဆိုပြုချက်မှာ ပယ်ချခံခဲ့ရသည်။

ထိုသို့ ပယ်ချလိုက်ခြင်းသည် ထိုစဉ်ကအာဏာရှိ ဗိုလ်ချုပ်ကြီးများ၏ မာနကို ထိခိုက်စေခဲ့ပုံရသည်။ ၎င်းတို့သည် ပုဂံ ရှေးဟောင်းအမွေအနှစ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကိုယ့်ဖာသာကိုယ် လုပ်မည်ဟု ဆုံးဖြတ်ခဲ့ကြပြီး ၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် ပုဂံ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အရှိန်မြှင့်ကာ အကြီးအကျယ် လုပ်ကြသည်။ သူတို့ လုပ်ဆောင်ချက်များသည် ပြုပြင်ထိန်းသိမ်းရေးထက် အသစ်ပြန်လည် ဆောက်လုပ်ခြင်းများ ဖြစ်ခဲ့ပြီး ဆီလျော်မှုမရှိသည့် ပစ္စည်းများကို သုံးခဲ့ခြင်းတို့ကြောင့် ပုဂံ၏ ထူးခြား စစ်မှန်မှုအပေါ် သက်ရောက်မှုရှိခဲ့သည်ဟု ICOMOS က ဆိုသည်။ ထိုလုပ်ငန်းများကို ဦးစီးသူမှာ ထိုစဉ်က ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်ဖြစ်ပြီး သူ့ကိုယ်သူ “ပုဂံရှေးဟောင်း ယဉ်ကျေးမှု လက်ရာများကို ကာကွယ် ထိန်းသိမ်းလာသူ” ဟု ညွှန်းဆိုလေ့ ရှိသည်။

“UNESCO ပြောသမျှ အကုန်လိုက် မလုပ်နိုင်ဘူး။ ပုဂံကို အသိအမှတ်ပြုချင်ပြု မပြုချင်နေ၊ တို့ယဉ်ကျေးမှု အမွေအနှစ် တွေကို တို့ဖာသာ ထိန်းသိမ်း စောင့်ရှောက်ရမယ်” ဟု ၂၀၁၀ ပြည့်နှစ်များ အစောပိုင်းတွင် သူက သတင်းထောက်များအား ပြောခဲ့ဖူးသည်။

သရပါတံခါး/ ဧရာဝတီ

ကံကောင်းထောက်မသည်မှာ ဗိုလ်ချုပ်ကြီးများ၏ ပြုပြင်ထိန်းသိမ်းရေး ရောဂါ သည် ပုဂံကို ကြီးကြီးကျယ်ကျယ် မထိခိုက်စေခဲ့ခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ပုဂံကို ဒုတိယအကြိမ်မြောက် အမည်စာရင်း တင်သွင်းသောအခါ ICOMOS က ၎င်းတို့၏ အကဲဖြတ် အစီရင်ခံစာတွင် “အဆိုပြု ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည် ကျယ်ပြန့်သော မူလ သမိုင်းဝင် ဖွဲ့စည်းတည်ဆောက်မှုများ၊ ရှေးဟောင်း သုတေသနရင်းမြစ်များ၊ နံရံဆေးရေး ပန်းချီနှင့် ပန်းပုများဖြင့် စစ်မှန်မှုကို ထိန်းသိမ်းထားသည်” ဟု ဖော်ပြခဲ့သည်။

ပုဂံ စီမံခန့်ခွဲရေး စီမံချက်ကို UNESCO သို့ ၂၀၁၈ ခုနှစ်တွင် တင်သွင်းချိန်အထိ ပုဂံတွင် အမွေအနှစ်များ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး အားလုံးကို လွှမ်းခြုံနိုင်သည့် လမ်းညွှန်ချက်များ၊ အထူးသဖြင့် ဟိုတယ်ကဲ့သို့သော တည်ဆောက်ရေး လုပ်ငန်းများကို ထိန်းချုပ်သည့် လမ်းညွှန်ချက်များ မရှိသလောက်ပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေဖြစ်သော ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ၁၉၉၈ ခုနှစ်ကမှ ပြဋ္ဌာန်းခဲ့သည်။

ထိုသို့ပြဋ္ဌာန်းချိန်မှာ ကမ္ဘာ့အမွေအနှစ် စာရင်းအတွက် အဆိုပြုချက်ကို ပယ်ချခံရပြီး ၂ နှစ်ကြာမှသာ ဖြစ်သည်။

သို့သော် စစ်အစိုးရခေတ်အတွင် ကျယ်ပြန့်သော အဂတိလိုက်စားမှုများ၊ ခရိုနီဝါဒနှင့် ဆွေမျိုးဉာတိ ကောင်းစားရေး ဝါဒများကြောင့် ပုဂံ၏ ရာစုနှစ်ချီ သက်တမ်းရှိသည့် ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေးနှင့် ပတ်သက်လျှင် ထိုဥပဒေသည် သက်ရောက်မှု မရှိသလောက် ဖြစ်ခဲ့ရသည်။ ယခု အငြင်းပွားဖွယ် ဖြစ်နေသော ဟိုတယ်များနှင် ဟိုတယ်စီမံကိန်းအများစုကို ယခင်စစ်အစိုးရနှင့် သမ္မတ ဦးသိန်းစိန် လက်ထက်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်မတ်လက ရာထူးစွန့်ခွာချိန် မတိုင်မီလေးတွင်ပင် ဦးသိန်းစိန်အစိုးရသည် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်တည်ဆောက်ရေး စီမံကိန်း ၄၂ ခုကို ခွင့်ပြုခဲ့သည်ဟု လက်ရှိအစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၏ အဆိုအရ သိရသည်။ ထိုစီမံကိန်း ၄၂ ခုအနက် ၂၅ ခုမှာ တည်ဆောက်ပြီးလုနီး ဖြစ်သောကြောင့် ယခု အစိုးရက ပြန်လည် ခွင့်ပြုခဲ့ရပြီး မစတင် ရသေးသည့် ၁၇ ခုကို ခွင်မပြုခဲ့ကြောင်း သူရဦးအောင်ကိုက ၂၀၁၆ ခုနှစ် စက်တင်ဘာလက ပြောသည်။

ပုဂံဒေသခံများအတွက်မူ ထိုဟိုတယ်များသည် နာကြည်းဖွယ်ရာ တခုဖြစ်နေသည်။ ၎င်းတို့ နေထိုင်ခဲ့ရာ နေရာများတွင် ဟိုတယ်များ မှိုလိုပေါက်လာသည်ကို ကြည့်ပြီး ၎င်းတို့ကို ထိုနေရာများမှ နှင်ထုတ်ခဲ့ခြင်းသည် ပြင်ပမှ ငွေရှင်ကြေးရှင်များအတွက် ဟိုတယ်များ ဆောက်နိုင်ရန် နှင်ထုတ်ခဲ့ခြင်းလားဟု ထင်မိကြသည်။ ထို့အပြင် ၎င်းတို့သည်၎င်းတို့၏ နေအိမ်နှင့် အဆောက်အအုံများ တည်ဆောက်ရာတွင်နှင့် စီးပွားရေး လုပ်ငန်းငယ်များ လုပ်ဆောင်ရာတွင် ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်မည်စိုး၍ အစိုးရ၏ တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာကြရသော်လည်း ကြီးမားသော ဟိုတယ်ကြီးများသည် ရာစုနှစ်များစွာ သက်တမ်း ရှိသည့် ရှေးဟောင်း ဘုရားကျောင်းကန်များနှင့် ဘေးချင်းယှဉ် ပေါ်ပေါက်လာကြသည်။

“ကျနော်တို့တွေက ဟိုတယ်တွေအတွက် စတေးလိုက်ရတယ်လို့ပဲ ကျနော်တို့ ခံစားကြရတယ်” ဟု မကြာသေးမီက ပုဂံမြို့ဟောင်းသား ဖြစ်ခဲ့ဖူးသူ ကိုနိုင်နိုင်ထွန်းကပြောသည်။

ဧရာဝတီမြစ်ကမ်းဘေးတွင် ဆောက်နေသော Hilton Bagan ၏ စားသောက်ခန်း/ ဧရာဝတီ

ကန်တော့ပုလ္လင် ဘုရားအနီးရှိ သူ၏နေအိမ်ဟောင်းမှာ ယခုအခါ ပုဂံဟိုတယ်၏ တိုးချဲ့နေရာ ဖြစ်နေပြီ ဖြစ်သည်။

လတ်တလော ပုဂံတွင် လိုင်စင်ရဟိုတယ် ၈၅ ခုရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပုဂံဌာန ခွဲ၏ အဆိုအရသိရသည်။ ၎င်းတို့အားလုံးနီးပါးသည် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ရှိနေပြီး တချို့ ဟိုတယ်ဝန်း အတွင်းတွင် ရှေးဟောင်း ဘုရားများ ရှိနေသောကြောင့် ပြင်ပမှ ဧည့်သည်များ အနေဖြင့် သွားရောက်နိုင်ခြင်း မရှိလု နီးပါး ဖြစ်နေသည်။ သို့သော် ဧည့်သည်များက တောင်းဆိုပါက ထိုဘုရားပုထိုး စေတီများကို ဖူးခွင့်ပေးကြောင်း ပုဂံရှိ ရှေးဟောင်း သုတေသန ဌာနခွဲက ပြောသည်။

အကျပ်အတည်း ကျရောက်နေသော ရှေးဟောင်းအမွေအနှစ်များ

ဟိုတယ်များသည် ယခင်အစိုးရများ၏ အမှားများ၏ ဆိုးမွေဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

“ကျနော်တို့က ဒီအမှားတွေကို ဆက်ခံခဲ့ရတာဖြစ်ပြီး အခုအဲဒါတွေကို ဘယ်လို အကောင်းဆုံး ဖြေရှင်းရမလဲ ဆိုတာ ကြိုးစားနေရတယ်” ဟု သူက ပြောသည်။

“အရင်က တည်ဆောက်ပြီး ဟိုတယ်တွေကို အခု ဥပဒေနဲ့မညီလို့ ဆိုပြီး ဘူဒိုဇာနဲ့ ထိုးပစ်လို့မရဘူး။ ဒီပြဿနာကို ကျနော်တို့ အဖြေရှာရမယ်” ဟု သူက ၂၀၁၉ တွင် ပြဋ္ဌာန်းခဲ့သော ယဉ်ကျေးမှု အမွေအနှစ် ဇုန်များ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အသစ်ကို ရည်ညွှန်း ပြောကြားသည်။

ယခုနှစ် ဖေဖော်ဝါရီလာက ပြဋ္ဌာန်းခဲ့သော ထိုဥပဒေအရ အနီးရှိ ရှေးဟောင်း အမွေအနှစ်များကို ထိခိုက် စေသည့် မည်သည့် တည်ဆောက်ရေး လုပ်ငန်းကိုမဆို သက်ဆိုင်ရာက တားမြစ်နိုင်သည်။

ထိုပြဿနာကို ဖြေရှင်းရန် ရှေးဟောင်းအမွေအနှစ်များ အပေါ် ဟိုတယ်များ၏ ထိခိုက်မှု မည်မျှ ရှိသည်ကို ဦးစွာ အကဲဖြတ်ရမည် ဖြစ်ကြောင်း ဦးအောင်အောင်ကျော်က ပြောသည်။ ထို့နောက် ရလဒ်များကို အစိုးရ၊ UNESCO ကျွမ်းကျင်သူများနှင့် ဟိုတယ်ပိုင်ရှင်များက သုံးသပ်ပြီး ထိခိုက်မှုကို မည်သည့် အတိုင်းအတာအထိ လျှော့ချရန် ဖြစ်နိုင်သည်ကို ညှိနှိုင်းရမည်ဟု သူက ပြောသည်။ တည်ဆောက်ဆဲ ဟိုတယ်များစာရင်းကို တောင်းခံသော အခါ “ မသင့်တော်ပါဘူး” ဟု ပြောပြီး ပေးရန် ငြင်းဆိုသည်။

ဟိုတယ်များကို ၂၀၂၈ ခုနှစ်တွင် ပြောင်းရွှေရမည် ဆိုသည် စီမံခန့်ခွဲရေး စီမံချက်တွင်ပါသည့် အစီအစဉ်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ရှေးဟောင်း အမွေအနှစ်များအပေါ် ဟိုတယ်များ၏ ထိခိုက်မှု မည်မျှ ရှိသည်ကို ဦးစွာ အကဲဖြတ်ရမည်ဖြစ်ကြောင်းကိုသာ ဖြေကြားပြီး “အခု လောလောဆယ် ကျနော် သိတာကတော့ ဒါပဲ။ လတ်တလော ဘာမှထပ်မပြောနိုင်သေးဘူး” ဟု သူက ပြောသည်

ရှေးဟောင်းဘုရားများကြားက ဆောက်လက်စ Hilton Bagan ၏ ဧည့်လက်ခံရာ ဌာန/ ဧရာဝတီ

စီမံခန့်ခွဲရေးစီမံချက်တွင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း တည်ဆောက်ရေး လုပ်ငန်းများ ရပ်မည်ဟု အစိုးရက ကတိပြုထားသော်လည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီးသည့်နောက် မကြာမီ ဇူလိုင်လ အစောပိုင်း အထိပင် ဆက်လက် တည်ဆောက် နေကြသည်။ ၎င်းတို့အနက်တခုမှာ ရှေးဟောင်းဘုရား ၂၂ ဆူရှိနေသည့် ဟီလ်တန်ပုဂံ ဟိုတယ် ဝန်းအတွင်းရှိ ဧရာဝတီ မြစ်ဘေးမှ စားသောက်ခန်းမဆောင် ဖြစ်သည်။

ထိုဝင်းအတွင်းရှိ ရှေးဟောင်း ဘုရားပုထိုး စေတီများကို လေ့လာရန် သွားရောက်စဉ်အတွင်း ဧရာဝတီ သတင်းဌာနသည် တည်ဆောက်ရေး လုပ်ငန်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့လေ့လာစဉ် ဟိုတယ်မှ လုံခြုံရေးအစောင့် အနည်းဆုံး သုံးဦး လိုက်ပါစောင့်ကြပ်ခဲ့ကြသည်။ စီမံကိန်း နယ်မြေဟု အကြောင်းပြကာ အနီးရှိ တည်ဆောက်ပြီးစီးလုနီး ဖြစ်သော ဟိုတယ်နှင့် တည်ဆောက်ဆဲ စားသောက်ဆောင်ကို ဓာတ်ပုံ မရိုက်ရန် အကြိမ်ကြိမ် သတိပေးသည်။ မြစ်ကမ်းသို့ မျက်နှာမူထားသော စီမံကိန်းကို ရိုက်ထားသည့် ဓာတ်ပုံများ အားလုံးကို ဖျက်ခိုင်းသည်။ စီမံကိန်းအကြောင်း မေးသောအခါ “ဆောက်လုပ်ရေး လုပ်ငန်းခွင်” ဟုသာ ဖြေသည်။

မြစ်ကမ်းပါးရှိ တည်ဆောက်ရေး လုပ်ငန်းအပြင် ဟိုတယ်သည် ဝန်းအတွင်းရှိ ရှေးဟောင်း ဘုရားပုထိုး စေတီများနှင့် နီးကပ်လွန်းသောကြောင့် ပညာရှင်များအနေဖြင့် စိုးရိမ်ကြောင်း ပြောကြားပြီးဖြစ်သည်။ မြန်မာနိုင်ငံ ဗိသုကာများအသင်းက ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်သွင်းသည့် ၂၀၁၅ ခုနှစ် အစီရင်ခံစာတွင် ထိုဟိုတယ်ဝန်း အတွင်းရှိ အဆောက်အအုံများသည် ရှေးဟောင်း အဆောက်အအုံများနှင့် နီးကပ်လွန်းကြောင်း ထိုစဉ်က သတ်မှတ်ထားသည့် အကွာအဝေး ကန့်သတ်ချက်ကိုပင် ချိုးဖောက်နေကြောင်း သတိပေးခဲ့သည်။

“အချို့သောဟိုတယ် အဆောက်အအုံများသည် ရှေးဟောင်း အဆောက်အအုံများနှင့် ၁၂ ပေအထိပင် နီးကပ်နေသည်” “၁၉၉၀ ပြည့်နှစ်က ထုတ်ပြန်ထားသော ပုဂံအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ထုံးလုပ်နည်း အရ အဆောက်အအုံအားလုံးကို ရှေးဟောင်း အမွေအနှစ်များမှ အနည်းဆုံး ပေ ၉၀ အကွာသို့ ရွှေ့ရန်အကြံပြုသည်” ဟု ဧရာဝတီသတင်းဌာနက ကြည့်ရှုခဲ့သော ထိုအစီရင်ခံစာကဆိုသည်။

သို့သော် ထိုအကြံပြုချက်များကို လိုက်နာခြင်း မရှိသလောက်ပင်ဖြစ်ကြောင်း မကြာသေးမီက ပုဂံ ခရီးစဉ်အတွင်း တွေ့ခဲ့ရသည်။ ဥပမာဆိုရပါက အဝင်ဝမှ ပြီးစီးလု တထပ် အဆောက်အအုံ အများအပြားမှာ ရှေးဟောင်းဘုရား များနှင့် ခဲတပစ် အကွာတွင် ရှိနေသည်။

ထိုအဆောက်အအုံများသည် ဧည့်ကြို ခန်းမဆောင် နေရာများဖြစ်ကြောင်းနှင့် ၎င်းတို့ကို ဆက်လက် ထားရှိရမည် သို့မဟုတ် ဖြိုဖျက်ရမည်နှင့် ပတ်သက်ပြီး အစိုးရထံမှ ညွှန်ကြားချက်ကို စောင့်နေကြောင်း ဟီလ်တန်ပုဂံ၏ ပြည်တွင်း မိတ်ဖက် ဧဒင်အုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။

ထိုဟိုတယ်သည် ယခင်က ဟိုတယ်ဇုန်အတွင်း ရှိခဲ့သောကြောင့် စစ်အစိုးရက ခွင့်ပြုခဲ့ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများကို ဦးသိန်းစိန် အစိုးရခေတ်တွင် စတင်ခဲ့ကြောင်း သူက ရှင်းပြသည် (ထို ဟိုတယ်ဇုန်ကို နောင်တွင် ဖျက်သိမ်းပြီး ရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်း ထည့်သွင်းခဲ့သည်)။ မြစ်ကမ်းခြေကို မျက်နှာမူသော စားသောက်ဆောင်ခန်းမ စီမံကိန်းမှာမူ လက်ရှိအကွာအဝေး လမ်းညွှန်ချက်ဖြင့် ကိုက်ညီကြောင်း သူက ရှင်းပြသည်။

၂၀၁၄ ခုနှစ် လုပ်ထုံးလုပ်နည်းအရ မည်သည့် တည်ဆောက်ရေး လုပ်ငန်းမဆိုသည် သမိုင်း အမွေအနှစ် အဆောက်အအုံမှ အနည်းဆုံး ပေ ၁၂၀ အကွာအဝေး ရှိရန်လိုသည် (သို့သော် မြစ်ကမ်းခြေနေရာသည် ရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း ပါဝင်နေသောကြောင့် ထိုစီမံကိန်းသည် တည်ဆောက်ရေး ကန့်သတ်နယ်မြေ အတွင်း ကျရောက်နေသည်)။

အစိုးရက စီမံခန့်ခွဲမှု စီမံချက်တွင် ဖော်ပြထားသည့်အတိုင်း ၂၀၂၈ ခုနှစ်တွင် ဟိုတယ်များ ရွှေ့ပေးရမည် ဆိုသည့် အစီအစဉ်ကို လိုက်နာမည်လားဟု မေးသောအခါ ဦးချစ်ခိုင်က ယခု စီမံကိန်းသည် ငွေအများအပြား ရင်းနှီးထားရ သောကြောင့် ဟိုတယ်ကို ဆက်လက် လုပ်ကိုင်ချင်သော်လည်း ပုဂံရှိ ဟိုတယ်တိုင်း ရွှေ့ပြောင်းပေးလျှင် သူလည်း လိုက်နာမည်ဟု ရှင်းပြသည်။

“အခုအချိန်အထိတော့ ဘာလုပ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အစိုးရဆီက ဘာညွှန်ကြားချက်မှ မရသေးဘူး။ အခု ကျနော်တို့က အခြေအနေကို စောင့်ကြည့်နေရတာ” ဟု သူက ပြောသည်။ ဟီလ်တန်ပုဂံဟိုတယ်မှ တောင်ဘက်သို့ ဆက်ဆင်းသွားလျှင် ရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း စေတနာကြီးဘုရားအနီး မြစ်ကမ်း ပတ်ဝန်းကျင်တွင် စန္ဒာဟိုတယ် ရှိသည်။ စန္ဒာဟိုတယ်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်း အင်ဒရူး ပက်ထရစ်၏ ဇနီး ဒေါ်ခင်စန္ဒာဝင်းက မန်နေဂျင်းဒါရိုက်တာ အဖြစ် ဆောင်ရွက်သည့် စန္ဒာ ကုမ္ပဏီက တည်ဆောက်သည်။

အပင်များနှင့် ကွယ်နေသောကြောင့် ထိုစီမံကိန်းကို လမ်းမမှ မမြင်ရပေ။ သို့သော် အနီးကပ်ကြည့်သောအခါ အပင်များ အနောက်တွင်ရှိသော ဆောက်လက်စ အဆောက်အဦးများကို တွေ့ရသည်။

ဆောက်လက်စ Sanda ဟိုတယ်/ ဧရာဝတီ

ဧရာဝတီက ဆက်သွယ် မေးမြန်းသောအခါ ထိုကုမ္ပဏီမှ မန်နေဂျာ ဒေါ်သဲမမငြိမ်းက ထို အခန်း ၁၄ ခန်းပါ ဟိုတယ်သည် ပြီးစီးပြီဖြစ်ပြီး အလှဆင် လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အီးမေးလ်ဖြင့် အကြောင်း ပြန်သည်။ ထိုဟိုတယ်ကို ဦးသိန်းစိန်အစိုးရက ခွင်ပြုခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရက ၂၀၁၇ ခုနှစ်တွင် တည်ဆောက်ခွင့် ပေးသည်ဟု သူက ပြောသည်။

“ဟိုတယ်သည် ပုဂံ၏ အမွေအနှစ်များကို မထိခိုက်နိုင်ဟု မိမိတို့ အနေဖြင့် ယုံကြည်ပါသည်” ဟု ဒေါ်သဲမမငြိမ်းက အီးမေးလ်တွင် ရေးသည်။ ၎င်းတို့၏ ကုမ္ပဏီသည် ပုဂံကို ထိန်းသိမ်းရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်သည်ဟုလည်း သူက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် ပုဂံကို ကမ္ဘာ့အမွေအနှစ် ကော်မတီ စာရင်း ဝင်နိုင်ရေးအတွက် လုံးပန်းနေသည့် အချိန် (၂၀၁၇) တွင် ထိုဟိုတယ်ကို တည်ဆောက်ခွင့် ပေးခဲ့သည်ဟု ဧရာဝတီက လေ့လာ သိရှိရသည်။ ထိုတိုက်ဆိုင်မှုနှင့် ပတ်သက်ပြီး မေးမြန်းသောအခါ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က “အရင်ကတည်းက ခွင့်ပြုထားလို့ ဆက်လုပ်ခွင့် ပေးတာပါ။ အဲဒီနောက် ဘာစီမံကိန်းမှ ဆက်ခွင့်မပြုဘူး” ဟု သူက ပြောသည်။

နှောင်ကြိုးတန်းလန်း

ပုဂံသည် မကြာသေးမီက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာခဲ့သော်လည်း ထိုသို့ ဖြစ်လာနိုင်ရေး အတွက် စည်းကမ်း ကန့်သတ်ချက်များ ရှိနေသည်။ စီမံခန့်ခွဲရေး စီမံချက်ပါ ကတိကဝတ်များကို အစိုးရက ဖြည့်ဆည်းရမည် ဖြစ်ပြီး ဟိုတယ်များနှင့် ပတ်သက်သည်များ အပါအဝင် ICOMOS ၏ အခြား နောက်ထပ် အကြံပြုချက်၂၀ ကိုလည်း လိုက်နာ ဆောင်ရွက်ရမည် ဖြစ်သည်။

ကျူးကျော်ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ အခြား အဆောက်အအုံများကို ဖယ်ရှားခြင်းနှင့် ပုဂံရှိ ဟိုတယ်များ အတွက် အဆင့်လိုက် နည်းလမ်းနှင့် ရေရှည် ဆောင်ရွက်ရန် ဗျူဟာကို ထည့်သွင်း စဉ်းစားရန် လိုအပ်ခြင်းအပြင် ဟိုတယ်ဇုန် သတ်မှတ်ရန်နှင့် လက်ရှိ အဆောက်အအုံများကို လိုအပ်သော အပြောင်းအလဲများ ပြုလုပ်ရန် ဟိုတယ်များနှင့် ပတ်သက်သည့် ဗျူဟာချမှတ်ရေး အတွက် အစိုးရအနေဖြင့် UNESCO နှင့် ပူပေါင်း ဆောင်ရွက်ရန်လည်း ICOMOS က တိုက်တွန်းထားသည်။

“တည်ဆောက်ရေး လုပ်ငန်းသစ်များ အားလုံးသည် ရှေးဟောင်း အမွေအနှစ်များ ထိခိုက်မှု အကဲဖြတ်ချက် အတိုင်းသာ ဖြစ်ရမည်ဖြစ်ပြီး ဟိုတယ် တည်ဆောက်ရေးဇုန် ဖြစ်နိုင်သည့် ဟိုတယ်ဇုန်တွင်လည်း အဆောက်အအုံ အမြင့်နှင့် အခြား တည်ဆောက်ရေးလုပ်ငန်းများ၊ ဒီဇိုင်းပြဿနာများ စသည်တို့နှင့် ပတ်သက်သည့် စည်းကမ်းသက်မှတ်ချက်များ ပါဝင်သင့်ပြီး ဟိုတယ်ဇုန် တည်ဆောက်ရေးသည် ပုဂံ ဒေသ ခရီးသွားလုပ်ငန်း ဗျူဟာတွင် ပါဝင်သင့်သည်” ဟု ထိုအဖွဲ့၏ အကြံပြုချက်က ဆိုသည်။

၂၀၁၆ မြေငလျင်ကြောင့် ပြန်လည်ထိန်းသိမ်းစောင့်ရှောက်နေရသော ဘုရားတဆူ/ ဧရာဝတီ

မြန်မာအစိုးရသည် ထိုအကြံပြုချက်များ အကောင်အထည် ဖော်ခြင်းနှင့် ပတ်သက်ပြီး မြန်မာ အစိုးရသည် ကမ္ဘာ့အမွေအနှစ် ဌာနသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးထားပြီး အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။ ကတိကဝတ်နှင့် အကြံပြုချက်များကို တိကျစွာ လိုက်နာခြင်း မရှိပါက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခံရခြင်း အနေအထားကို ထိခိုက် နိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

“သမိုင်းအမွေအနှစ် အဆောက်အအုံတွေ ဘယ်လောက် ထိခိုက်မှု ရှိ မရှိဆိုတာကို စမ်းစစ်နိုင်ဖို့ တည်ဆောက်ဆဲ စီမံကိန်း အားလုံးကို ရပ်ရမယ်။ ရှေးဟောင်း ယဉ်ကျေးမှုဇုန်ထဲမှာ အမွေအနှစ်တွေ ထိခိုက်တာမျိုး ဘာမှကို လုပ်ခွင့်မရှိတဲ့ အတွက် မရပ်ရင် ပုဂံအတွက် အန္တရာယ်ရှိတယ်” ဟု ယခင် UNESCO ညှိနှိုင်းရေးမှူးနှင့် ယခု ပုဂံအမွေအနှစ် စီမံခန့်ခွဲမှုတွင် ပါဝင်ဆောင်ရွက်နေသူ ဒေါ်ဥမ္မာမျိုးက ပြောသည်။

ခရီးသွားလုပ်ငန်းသည် ပုဂံအနာဂတ်၏ အစိတ်အပိုင်းဖြစ်ပါက လက်ရှိ ကျန်ရှိနေသည်များကို စနစ်တကျ ကာကွယ်ရန်နှင့် သုတေသနနှင့် ပညာရပ်ဆိုင်ရာ လေ့လာမှုများ ပြုလုပ်ရန် လွန်စွာ အရေးကြီးသည်ဟု သမိုင်း ပညာရှင် ဒေါက်တာ သန့်မြင့်ဦးက ယုံကြည်သည်။

“ဒါပေမယ့် ဂရုစိုက် စီမံဖို့လိုတယ်။ လက်တဆုပ်စာ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အကျိုးအမြတ် ရှိစေမယ့် မူဝါဒတွေအစား၊ လစာကောင်းတဲ့ အလုပ်တွေဖန်တီးပြီး ဒေသခံတွေအတွက် အကျိုးအများဆုံး ရှိစေမယ့် ရေရှည် ခရီးသွားလုပ်ငန်း သေနင်္ဂဗျူဟာ လိုတယ်” ဟု သူက ပြောသည်။

သို့သော် ဧရာဝတီ မြစ်ကမ်းတလျှောက်နှင့် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းမှ ဆက်လက် လုပ်ဆောင်ဆဲ စီမံကိန်းများကို ကြည့်ပါက ပုဂံ ရင်ဆိုင်နေရသည့် ပြသနာများအတွက် အဖြေကို ကာလတို အတွင်း ရရှိနိုင်မည် မဟုတ်ပေ။

ရှေးဟောင်းအမွေအနှစ် ထိခိုက်မှု အကဲဖြတ်ချက်သည် ပုဂံရှိ ရှေးဟောင်း အဆောက်အဦများ ထိန်းသိမ်းရန် အတွက် လိုအပ်လှသည်ကို ဝန်ခံသော်လည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် ကိုယ်တိုင် ထိုအကဲဖြတ်ချက်များ မည်သည့်အချိန်တွင် စတင်မည်ကို မသိပေ။

“ဒါက ထပ်ဆွေးနွေးဖို့ လိုသေးတယ်။ ဘယ်တော့ အကောင်အထည်ဖော်မလဲ ဆိုတာ ပြောရခက်တယ်” ဟု သူက ပြောသည်။

(Kyaw Phyo Thar ၏ Despite World Heritage Status, Bagan’s Future Far From Assured ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

ယဉ်ကျေးမှု အမွေအနှစ်ကို မထိခိုက်ဘူး ဆိုရင် ဆက်လက် တည်ရှိလို့ ရတယ်

ကျိုင်းတုံ ဟော်နန်း မြေနေရာ ပြန်ရရှိရေး ဒေသခံများ ကြိုးပမ်းနေ

မြန်မာ့ရေခဲသမိုင်းတွင် အရေးပါခဲ့သည့် ဆူးလေလမ်းပေါ်က ဒိုင်းမွန်းရေခဲစက်

Did you find apk for android? You can find new Free Android Games and apps.
Loading