တင်းမာမှုများ အရှိန်မြင့်တက်လာပြီး ရက်အနည်းငယ်အကြာ ဇန်နဝါရီလ ၈ ရက်နေ့တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် စစ်ရေးအရ နောက်ထပ် ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ပြန်ဆုတ်လိုက်သည်။ အီရတ်ရှိ အမေရိကန်နှင့် မဟာမိတ်တပ်များ၏ စခန်း၂ ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက်ပိုင်းတွင် အီရန်အစိုးရက နောက်ဆုတ်နေသည့် အသွင်ရှိကြောင်း သူက ပြောသည်။
ဇန်နဝါရီလ ၈ ရက် ဒုတိယသမ္မတ မိုက်ပန့်စ် Mike Pence၊ ကာကွယ်ရေး ဝန်ကြီး မာ့က်အက်စပါ Mark Esper နှင့် ယူနီဖောင်းဝတ် အခြားသော စစ်ဘက်အဆင့်မြင့် အရာရှိများ ခြံရံ၍ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော် ပင်မခန်းမဆောင်တွင် ထိုသို့မှတ်ချက်ချခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် အပတ်က အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အီရန် ထိပ်တန်းစစ်ဗိုလ်ချုပ် ကက်ဆမ်ဆိုလိုင်မာနီ သေဆုံးခဲ့ရခြင်းကို လက်တုန့်ပြန်သည့် တိုက်ခိုက်မှုကို အီရန်နိုင်ငံက ကြေညာခဲ့ပြီး နာရီ အနည်းငယ်အကြာတွင် ဖြစ်သည်။
“အီရန် နောက်ကိုဆုတ်သွားတဲ့ အသွင်ရှိတာက သက်ဆိုင်သူ အားလုံးအတွက် ကောင်းပါတယ်။ ကမာ္ဘအတွက် အလွန် ကောင်းတဲ့ကိစ္စဖြစ်ပါတယ်” ဟု ဒေါ်နယ်ထရမ့်က မိန့်ခွန်းစာသားဖော်ပြပေးသည့် ကိရိယာကို ကြည့်ရင်း ပြောကြား ခဲ့သည်။ “ကြိုတင်သတိပေးထားခြင်း၊ တပ်ဖွဲ့များဖြန့်ကျက်ခြင်းနဲ့ သတိပေးစနစ်က ကောင်းကောင်း အလုပ်လုပ်ခဲ့တာ တွေကြောင့် အမေရိကန် သို့မဟုတ် အီရတ်နိုင်ငံသားတွေရဲ့ အသက်တွေ မဆုံးရှုံးခဲ့ရပါဘူး”
နောက်ပိုင်းတွင် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့က်မေလီ Mark Milley က ပစ်မှတ်ထားခံခဲ့ရသည့် အခြေစိုက်စခန်းများမှ ထိခိုက် ပျက်စီးမှုများ၏ အနေအထားရ ဒုံးကျည်များ၏ ရည်ရွယ်ချက်သည် အမေရိကန်နှင့်မဟာမိတ်တပ်ဖွဲ့များ၏ အသက်ကို သတ်ဖြတ်ဖျက်ဆီးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျနော် မြင်တာ၊ သိတာတွေကို အခြေခံပြီးတော့ ကျနော်ယုံကြည်မိတာကတော့ သူတို့က အဆောက်အဦးတွေ ထိခိုက် ပျက်စီးဖို့၊ ယာဉ်တွေ၊ ပစ္စည်းကိရိယာတွေ နဲ့ လေယာဉ်တွေကိုဖျက်ဆီးဖို့နဲ့ လူတွေကို ဝန်ထမ်းတွေကို သတ်ဖို့ ရည်ရွယ်ခဲ့ပါ တယ်။ ဒါကကျနော့်ရဲ့ ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးအကဲဖြတ်မှု ဖြစ်ပါတယ်”ဟု မာ့က်မေလီက ဆိုသည်။ ဂြိုဟ်တု ဓာတ်ပုံများအရ ဒုံးကျည်များက Anbar ပြည်နယ် အယ်လ်အာဆဒ်စခန်းရှိ အဆောက်အဦးများကို ပျက်စီးစေခဲ့သည်။
သမ္မတ စကားပြောပြီး နာရီအနည်းငယ်အကြာတွင် ဘဂ္ဂဒက်မှ ခံတပ်သဖွယ် ခိုင်ခံ့သော သံတမန်ဧရိယာ အစိမ်းရောင်ဇုန်ကို ဒုံးကျည် ၂ ခုဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ကနဦး အစီရင်ခံစာများအရ အဆိုပါ ဒုံးကျည်များသည် ပြည်တွင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါ။ သို့သော်လည်း အီရန်နှင့် နီးစပ်သည့် အချို့သော အီရတ်ပြည်သူ့စစ်များ၏ အန္တရယ်နှင့် ပတ်သက်သော သတိပေးချက်တခု ဖြစ်ခဲ့သည်။
ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းက ကက်ဆမ်ဆိုလိုင်မာနီ အသတ်ခံရပြီး များမကြာမီတွင် (စစ်ရာဇဝတ်မှုတခု ဖြစ်လာရန် အလားအလာရှိသော) အီရန်ယဉ်ကျေးမှုဆိုင်ရာ နေရာ ၂ ခုကို ဗုံးကျဲမည်ဟုသူက ခြိမ်းခြောက်ခဲ့သည့် ရန်လိုသော ကြေညာချက်များနှင့် twitter မှ ရေးသားမှုများထက် များစွာ ပို၍ သတိရှိနေခဲ့သည်။ မကြာသေးမီရက်များအတွင်း အမေရိကန်နိုင်ငံက လေထီး တပ်ဖွဲ့ဝင် ၃၅၀၀ ကို အရှေ့ အလယ်ပိုင်းသို့ စေလွှတ်ခဲ့ပြီး အမေရိကန် နိုင်ငံသားများကို သူတို့၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများကြောင့် အဆိုပါဒေသမှ ထွက်ခွာရန် တိုက်တွန်းခဲ့သည်။
အမေရိကန်နိုင်ငံက အီရန်၏ ရန်လိုမှုကို တုန့်ပြန်ရာတွင် ရွေးချယ်စရာများကို ဆက်လက် အကဲဖြတ်သွားမည်ဖြစ်ပြီး အီရန်အစိုးရအပေါ် နောက်ထပ်အရေးယူမှုများ ချမှတ်သွားမည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ သို့သော် သူက အသေးစိတ် ပြောဆိုရှင်းပြခြင်း မရှိခဲ့ပါ။ အီရန်နိုင်ငံအပေါ် ကြီးလေးသော ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများက ရှိနှင့်ပြီး ဖြစ်ပြီး အမေရိကန်၏ နောက်ထပ်ဆောင်ရွက်မှုများက စီးပွားရေးအရ များစွာကွဲပြားမှုများ ဖြစ်စေလိမ့်မည်ဟု အချို့ ကျွမ်းကျင်သူများက ယုံကြည်ကြသည်။
သမ္မတက အမေရိကန် စစ်တပ်၏ ကြီးမားသော အင်အားကို အလေးအနက် ဖော်ပြခဲ့သော်လည်း သူ၏ အစိုးရက ပဋိပက္ခကို ရှာခဲ့ခြင်း မဟုတ်ကြောင်း ပြောသည်။
“ကျနော်တို့ရဲ့ ဒုံးကျည်တွေက ကြီးမားတယ်။ စွမ်းအားပြင်းပြီး တိကျသေချာတယ်။ သေစေနိုင်တယ်။ တည်ဆောက်ဆဲ အသံထက်မြန်တဲ့ ဒုံးကျည်တွေ အများကြီးရှိတယ်” ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ “ကျနော်တို့မှာ ဒီလို ကြီးမားတဲ့ စစ်အင်အားနဲ့ ပစ္စည်းကိရိယာတွေရှိနေတာက အဲဒါတွေကို ကျနော်တို့ သုံးရမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ကျနော်တို့ အဲဒါကို မသုံးချင်ကြပါဘူး။ ”
နိုဝင်ဘာလတွင် ပြန်လည် ရွေးချယ်ခံရရေး မဲဆွယ်လှုပ်ရှားမှုများ ပြုလုပ်နေသည့် သမ္မတအနေဖြင့် သူ၏ အစိုးရအဖွဲ့၏ မလှုပ်သာ မလှည့်သာ ဖြစ်စေသော ကိုင်တွယ်ပုံနှင့် ပတ်သက်၍ မကြာသေးမီရက်များအတွင်း အကြီးတန်း ဒီမိုကရက်များ ၏ ပြင်းထန်သော ဝေဖန်မှုများ နှင့် ရင်ဆိုင်ခဲ့ရသည်။ သမ္မတလောင်း အမည် စာရင်းတင်သွင်းမှုတွင် ရှေ့ဆုံးမှ ပြေးနေသူဟု ရှုမြင်ခံထားရသော ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင် Joe Biden က ဒေါ်နယ်ထရမ့်သည် အမေရိကန် နိုင်ငံအား အီရန်နှင့် စစ်ဖြစ်ရသည့် အန္တရာယ်နှင့် အလွန်နီးအောင် လုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ကက်ဆမ်ဆိုလိုင်မာနီကို ပစ်မှတ်ထားရန် ဆုံးဖြတ်ချက်နှင့် ပြဿနာမှ အခြားသောရှုထောင့်များကို အစိုးရအဖွဲ့မှ အကြီးတန်း အရာရှိများက ကွန်ဂရက်လွှတ်တော်သို့ တံခါးပိတ် တင်ပြမှုများ ပြုလုပ်ခဲ့သော်လည်း အဓိက ပြဿနာများနှင့် ပတ်သက်၍ ရှောင်ရှားနေခဲ့ကြခြင်းကြောင့် သူတို့အပေါ် အဓိကပါတီ ၂ ခုလုံးမှ လွှတ်တော်ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြသည်။
“သူတို့ မဖြေခဲ့တဲ့ အရေးကြီးတဲ့ မေးခွန်းတွေ အများကြီးရှိပါတယ်” ဟု ဒီမိုကရက် အထက်လွှတ်တော်အမတ် ချက်ရှူးမား Chuck Schumer က ပြောသည်။ “မေးခွန်းတွေက စပြီးခက်လာပြီဆိုရင် သူတို့က ရှောင်ထွက်သွားတော့တာပဲ”
ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် မိုက်လီး Mike Lee က “ လွှတ်တော်အမတ်သက်တမ်း ၉ နှစ်အတွင်း ကျနော် ပါဝင် ဆောင်ရွက်ခဲ့ရတဲ့ စစ်ရေးဆိုင်ရာ ကိစ္စတခုမှာ အဆိုးရွားဆုံး ရှင်းလင်းတင်ပြမှု” ဟု ခေါ်ဝေါ်ခဲ့ကြောင်း CNN သတင်းဌာန ကပြောသည်။ ပြဿနာကို အစိုးရအဖွဲ့၏ ကိုင်တွင်ဖြေရှင်းပုံက အမေရိကန် မဆန်ဘဲ လုံးဝလက်ခံနိုင်ဖွယ်ရာမရှိဟု မိုက်လီးက ပြောကြားခဲ့သည်။
ဇန်နဝါရီလ ၉ ရက်နေ့တွင် အောက်လွှတ်တော်က ၎င်းတို့၏ ခွင့်ပြုချက် မပါဝင်ဘဲ အီရန်နိုင်ငံ အပေါ် အမေရိကန်က စစ်ရေးအရ ဆောင်ရွက်မှုကို အဆုံးသတ်ရန် တောင်းဆိုသည့် စစ်အင်အားဆိုင်ရာ ဆုံးဖြတ်ချက်တခုကို မဲပေး ဆုံးဖြတ်သည်။
ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းသည် အီရန်က အီရတ် နိုင်ငံရှိ အမေရိကန်နှင့့် မဟာမိတ်တပ်များ၏ အခြေစိုက်စခန်းများကို ဒုံးကျည် တဒါဇင်ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အီရတ်အစိုးရ၏ အဆိုအရ Anbar ပြည်နယ် ရှိ အယ်လ်အာဆဒ် လေတပ်အခြေစိုက် စခန်းကို မပေါက်ကွဲခဲ့သည့် ပဲ့ထိန်း ဒုံးကျည် ၂ ခုအပါအဝင် ၁၇ ကြိမ် ထိမှန်ခဲ့သည်ဟု သိရသည်။ နောက်ထပ်ဒုံးကျည် ၅ စင်းဖြင့် မြောက်ပိုင်းမြို့တော် Erbil မှ အခြေစိုက်စခန်း ပစ်မှတ် ထားတိုက်ခိုက်ခြင်း ခံခဲ့ရပြီး ဇန်နဝါရီလ ၈ နေ့က ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီခန့်တွင် စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ပေးပို့သောစာတစောင်တွင် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး Majid Takht Ravanchi က အဆိုပါတိုက်ခိုက်မှုများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း အရ မိမိကိုယ်ကို ကာကွယ်ရန် ခွင့်ပြုထားသည့် “တိုင်းတာတွက်ချက်ထားပြီး ဖြစ်သော အချိုးညီသည့် လုပ်ရပ်” ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အီရန်နိုင်ငံက အရှိန်မြင့်တင်ရန် သို့မဟုတ် စစ်ပွဲဆင်နွဲရန် မကြိုးစားခဲ့ကြောင်းလည်း သူက ထပ်ပြောသည်။
သို့သော်လည်း တိုတောင်းသော ကာလအတွင်းမှာပင် ၂ ဘက်လုံးက ထိပ်တိုက်ရင်ဆိုင်မှုမှ ပြန်လည်ဆုတ်ခွာနေကြပုံ ရသည့် အချိန်တွင် အရှေ့အလယ်ပိုင်းရှိ ကြားခံများမှတဆင့် ရန်စောင်မှုများက ဆက်လက်ဖြစ်ပေါ်နေနိုင်သည်ဟု လေ့ လာသုံးသပ်သူများက သတိပေးခဲ့သည်။ အီရန်နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှုများ ရှိလာနိုင်ချေကိုလည်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးခဲ့ပြီး ဖြစ်သည်။
အီရန် ခေါင်းဆောင် အလီခါမေနီ Ali Khamenei က ဗုံးကျဲတိုက်ခိုက်ခြင်းသည် အမေရိကန်အတွက် “မျက်နှာကို အရိုက်ခံလိုက်ရခြင်း” ဖြစ်သည်ဟု ပြောဆိုလိုက်သည်။ သို့သော်လည်း အီရန်အစိုးရတွင် ဒေသတွင်းမှ ၎င်း၏ရန်သူ များကို နှင်ထုတ်ရန် ပိုမို ကျယ်ပြန့်သည့် ရည်မှန်းချက်က ရှိနေဆဲ ဖြစ်ကြောင်း သတိပေးခဲ့သည်။ အီရန်သမ္မတ ဟက်ဆန်ရူဟာနီ Hassan Rouhani က လုပ်ကြံ သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ နောက်ဆုံးအဖြေမှာ အမေရိကန်တပ်ဖွဲ့အားလုံးကို ဒေသတွင်းမှ မောင်းထုတ်ရန် ဖြစ်လိမ့်မည် ဟုပြောကြားခဲ့သည်။
သူ၏ ဇန်နဝါရီလ ၈ ရက်နေ့ မိန့်ခွန်းတွင် ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအား နယူကလီးယား လက်နက်တခု ရရှိရန် ခွင့်ပြုမည် မဟုတ်ကြောင်း ထပ်မံကတိပြုခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် အမေရိကန် နိုင်ငံက ထွက်ခွာခဲ့သည့် ၂၀၁၅ ခုနှစ် အီရန်နှင့် နယူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်ရန်နှင့် အမေရိကန် နှင့် အီရန်အကြားတင်းမာမှုများ မြင့်တက်ရသည့် အဓိက အကြောင်းရင်း ဖြစ်သည့် အဆိုပါ ကိစ္စအတွက် သဘောတူညီချက်အသစ် တခု ရရှိရေး ဆောင်ရွက်ရန် ကမာ္ဘ့ အင်အားကြီးနိုင်ငံများကို တိုက်တွန်းလိုက်သည်။ အီရန်နိုင်ငံက နယူကလီးယားလက်နက်များ ရရှိရေး ကြိုးစားနေခြင်းမရှိကြောင်း ပယ်ချထားပြီး နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရေးကို ငြင်းဆိုခဲ့သည်။
“အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ အနေနဲ့ အဖြစ်မှန်ကို အသိအမှတ်ပြုဖို့ အချိန်ရောက်ပါပြီ” ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ “အခု အချိန်မှာ သူတို့အနေနဲ့ အီရန်သဘောတူညီချက် သို့မဟုတ် JCPOA ရဲ့ အကြွင်းအကျန် တွေကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။ ကမာ္ဘကြီး ကို ပိုမို လုံခြုံပြီး ငြိမ်းချမ်းတဲ့နေရာဖြစ်စေမယ့် အီရန်နဲ့ သဘောတူညီမှု တခု ရရှိရေးကို အတူတကွ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ”
ဒေါ်နယ်ထရမ့်က အသေးစိတ်ကို မရှင်းပြဘဲ “အရှေ့အလယ်ပိုင်း ဖြစ်စဉ်တွင် ပိုမို ပါဝင်ပတ်သက်ဖြစ်လာရန် ” NATO ကို တောင်းဆိုသွားမည်ဟု ပြောသည်။ ဒေါ်နယ်ထရမ့်သည် ယခင်က NATO မဟာမိတ်အဖွဲ့ကို အကြိမ်ကြိမ် ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး ကက်ဆမ်ဆိုလိုင်မာနီကို လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်၍ သူတို့ကို သတိပေးရန် ပျက်ကွက်ခြင်းအားဖြင့် သူ၏ ဥရောပများအပေါ် ထပ်မံ၍ သူစိမ်းဆန်ခဲ့သည်။
ဒေါ်နယ်ထရမ့်၏ မှတ်ချက်များနှင့် ပတ်သက်၍ အီရန် အာဏာပိုင်များထံမှ ချက်ချင်းတုန့်ပြန်လာမှု မရှိခဲ့ပါ။ အစိုးရတပိုင်း သတင်းဌာနဖြစ်သည့် Fars သတင်းအေဂျင်စီကမူ အမေရိကန်သမ္မတ၏မှတ်ချက်များကို “ခြိမ်းခြောက်မှုများမှ ကြီးမားသော ဆုတ်ခွာခြင်း” ဟု ဖော်ပြခဲ့သည်။
ဘားရက်အိုဘားမား၏ အစိုးရကာလအတွင်း အမျိုးသားလုံခြုံရေးကောင်စီ တွင် အလုပ်လုပ်ခဲ့သည့် စီအိုင်အေအရာရှိတဦးလည်းဖြစ်သော နဒ်ပရိုက်စ် Ned Price က အဆိုပါမိန့်ခွန်းသည် အမေရိကန် နိုင်ငံကို အီရန်နှင့် စစ်ပွဲဖြစ်မည့် အန္တရာယ် နှုတ်ခမ်းမှ ဝေးကွာသွားစေသည် ဟုဆိုသည်။
“အီရန်နဲ့ ဖြစ်မယ့်စစ် ပွဲကို ရှောင်ရှားတာက အကောင်းဆုံးရလဒ်လို့ အများကမျှော်လင့်ထားတဲ့ အချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဆင်မခြင်ချဉ်းကပ်မှုက အန္တရာယ်ရှိတဲ့ ပကတိတရား တခုကို ဖန်တီးခဲ့ပါတယ်” ဟု နဒ်ပရိုက်စ်က ဆိုသည်။ “သူ့မိန့်ခွန်းနဲ့ အတူ ဒေါ်နယ်ထရမ့်က အများမျှော်လင့်ချက်ပြည့်မီရေးမှာ အလွန်နိမ့်တဲ့ အတိုင်းအတာတခုအထိတော့ ရောက်ကောင်း ရောက်ပါလိမ့်မယ်။ ဒါပေမယ့် ရောက်တယ်ဆိုရုံလေးပါပဲ။ တချိန်တည်းမှာပဲ သူ့ လုပ်ရပ်တွေက နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ကင်းလွတ် မနေပါဘူး။ ဒီအပြင် ကမာ္ဘတဝှမ်းက အမေရိကန် တွေနဲ့ ကျနော်တို့ရဲ့ မိတ်ဖက်တွေက အခုဆိုရင် များပြားတဲ့ စိန်ခေါ်မှုတွေ ပိုတိုးလာမယ့် ခြိမ်းခြောက်မှုအောက်မှာ ရှိနေပါတယ်။”
သို့သော်လည်း ကက်ဆမ်ဆိုလိုင်မာနီကို လုပ်ကြံရန် ခွင့်ပြုချက်ပေးလိုက်ခြင်းအားဖြင့် ဒေါ်နယ်ထရမ့်က အီရန်အစိုးရ၏ တဆင့်ခံများနှင့် စစ်တပ်များကို ထိတ်လန့်သွားစေခဲ့သည် ဟု နဒ်ပရိုက်စ်က မှတ်ချက်ပေးသည်။
“သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင်တော့ သူတို့က ကက်ဆမ်ဆိုလိုင်မာနီ သေဆုံးမှုအတွက် လက်စားချေဖို့ အတွက် ဒေသတလွှားနဲ့ ဒေသအပြင်ဖက်မှာ တောင်မှ သူတို့တွေ ရှိနေတာကို အားသာချက်အဖြစ် ရယူပြီးတော့ တလ သို့မဟုတ် နှစ်တွေနဲ့တောင် ချီပြီးကြာနိုင်တဲ့ အားထုတ်မှုတခု လုပ်ဖို့ ကြိုးစားပါလိမ့်မယ်” ဟု နဒ်ပရိုက်စ်က ထပ်ပြောသည်။
ကိုးကား။ ။ The Guardian, Reuters
You may also like these stories:
အီရန်နဲ့ ဆော်ဒီကြား အာဆီယံ မွတ်စလင်တွေ ဘယ်ဘက်ရပ်မလဲ
အီရန် တိုက်ခိုက်မှု အပျက်အစီးနည်း ဟုဆို