အစိုးရအဆက်ဆက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွေကနေ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း များစွာ နှစ်စဉ် ဝင်ငွေ ရှာဖွေခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ (ယူရိုငွေ ၂ ဒသမ ၂ ဘီလီယံ) ကျော် ဝင်ငွေရှာဖွေပေးနိုင်ပေမယ့် နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံကို တရားမဝင် မှောင်ခို တင်ပို့မှုတွေကြောင့်မြန်မာ့ကျောက်မျက် ရောင်းချမှုဝင်ငွေ စံချိန်မချိုးနိုင်တော့တဲ့ အခြေအနေ ဆိုက်ရောက်နေပါ တယ်။
မြန်မာနိုင်ငံက အဖိုးတန် ကျောက်မျက်ရတနာမျိုးစုံ ထွက်ရှိပေမယ့် အဓိကအားဖြင့် ဝင်ငွေရှာဖွေ ပေးနေတဲ့ ကျောက်မျက် ရတနာ တခုကတော့ ကျောက်စိမ်းပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အတိုက်အခံ နိုင်ငံရေး သမားတွေကို ဖိနှိပ်မှုကြောင့် အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံကြီးတွေကနေ မြန်မာ့ ကျောက်မျက် ရတနာရောင်း ဝယ်မှုတွေကို စီးပွားရေးပိတ်ဆို့ထားတာမို့ အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာ့ကျောက်စိမ်းကို အဓိကထား ဝယ်ယူနေတဲ့ နိုင်ငံတခုအဖြစ် ရပ်တည်နေပါတယ်။
တရုတ်ကုန်သည် တွေက ပြိုင်ဘက်မရှိတဲ့ ဝယ်လက်တဦးတည်း အနေနဲ့ မြန်မာ့ကျောက်စိမ်းတွေ ဝယ်ယူ နေပေ မယ့် မြန်မာ့ကျောက်စိမ်းတွေကို ဈေးနှိမ်ဝယ်ချင်ကြပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ အတွင်း မှာ ကျင်းပ ခဲ့တဲ့ ၄၈ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာရောင်းချပွဲမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ကျော် ဝင်ငွေ စံချိန်ချိုးပြီးတဲ့ နောက်တရုတ်အစိုးရက မြန်မာ့ကျောက်စိမ်း ဝယ်ယူမယ့် တရုတ် ကုန်သည်တွေကို ဝယ်ယူတဲ့ ငွေကြေး ပမာဏရဲ့ ၃၃ ရာခိုင်နှုန်းကနေ ၃၄ ရာခိုင်နှုန်းအထိ အခွန်ကောက်မယ်လို့ ကြေညာ ခဲ့ပါတယ်။
အဲဒီကြေညာချက်ကြောင့်ပဲ မြန်မာ့ကျောက် စိမ်း ဝယ်လိုအား ထိုးကျသွားပြီး ၂၀၁၂ ခုနှစ်မှာ ကျင်းပတဲ့ ၄၉ ကြိမ် မြောက် မြန်မာ့ကျောက်မျက် ရတနာရောင်းချပွဲမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ကျော်ကျော် သာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွေကို တရုတ်ကုန်သည်တွေ လာရောက်မှုကတည်း တနှစ် ထက် တနှစ် ကျဆင်းခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် ကျောက်မျက်ပြပွဲမှာ လာရောက်တဲ့ ပြည်တွင်းပြည်ပ ရတနာ ကုန်သည် ၈၀ဝ၀ ကျော်ရှိခဲ့ပြီး တရုတ်ကုန် သည်တွေ အများဆုံး ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တရုတ် ရတနာ ကုန်သည်တွေ လာရောက်မှု တဖြည်းဖြည်းနည်းလာခဲ့ပြီး ကျောက် မျက်ရောင်းချပွဲတွေမှာ တရုတ် ကုန်သည် အပါအဝင် ပြည်တွင်းပြည်ပ ကုန်သည် ၄၀ဝ၀ နဲ့ ၆၀ဝ၀ ကြား သာရှိပါတော့တယ်။
၂၀၁၄ ဇွန်လ ၂၄ ရက်ကနေ ဇူလိုင်လ ၆ ရက်နေ့ထိ နေပြည်တော်မှာ ကျင်းပနေတဲ့ ၅၁ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲမှာ ပြည်တွင်းရတနာကုန်သည် ၂၀၆၅ ဦးနဲ့ တရုတ်လူမျိုး ရတနာကုန်သည် ၄၀၂၂ ဦး အပါ အဝင် ပြည်ပ ရတနာ ကုန်သည် ၄၀၆၀ ဦး တက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။
ကျောက်မျက် ပြပွဲတွေမှာ မြန်မာ့ကျောက်စိမ်း ကို အစဉ်တစိုက် ဝယ်ယူအားပေးနေတဲ့ တရုတ် ကုန်သည်တွေ ဘယ်ရောက် ကုန်လဲဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ တရုတ်ကုန်သည်အများစုက မြန်မာနိုင်ငံက တရား မဝင် ခိုးထုတ်လာတဲ့ မှောင်ခို ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေကိုသာ အဓိက ဝယ်ယူလာ ကြခြင်းပါပဲ။
သတ္တုတွင်းဝန်ကြီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး တဦးကလည်း မြန်မာ့ကျောက်စိမ်းတွေ တရားဝင် ရောင်းချ မှုထက် တရားမဝင် လမ်းကြောင်းကနေ ပုံစံမျိုးစုံနဲ့ ရောင်းချမှုတွေ အတော်များများ ရှိနေတယ်ဆို တာကို သဘောတူပါတယ်။ မှောင်ခို ရောင်းချမှု ပမာဏက တရားဝင် ရောင်းချနေတဲ့ ပမာဏထက် များစွာ များပြား နေတယ်လို့ သိရပါ တယ်။
“ပြည်ပနိုင်ငံကလေ့လာတဲ့လူတွေက ဒီနိုင်ငံကို ရောက်လာပြီး ကျနော်တို့ဝန်ကြီးဌာနက တာဝန်ရှိ သူတွေ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က တာဝန်ရှိတဲ့ လူတွေဆီကို တဖက်ဆီ သွားရောက် တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ခဲ့ဖူးတယ်။ သူတို့ရဲ့ စစ်တမ်းတွေအရ ပြည်ပနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ရောင်းချတာတွေက ပိုများနေတယ်လို့ ဆိုတယ်” လို့ သတ္တုတွင်းဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ဆိုပါတယ်။
အစိုးရအနေနဲ့ ကျောက်စိမ်းတွေ တရားမဝင် လမ်းကြောင်းကနေ တရုတ်နိုင်ငံအထိ စီးဆင်းနေ တာသိပါ လျက် နဲ့ ဘာကြောင့် ထိရောက်စွာအရေးယူ နိုင်ခြင်းမရှိပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။ ပြည်တွင်းစစ်ပါပဲ။ မြန်မာ အစိုးရ စစ်တပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား နှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် မြန်မာ့ကျောက်စိမ်းတွေ မှောင်ခို ခိုးထုတ်နိုင်တဲ့ အခြေအနေ ရောက်ရှိနေရတာပါပဲ။ အစိုးရ စစ်တပ်နဲ့ KIA ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကျောက်စိမ်းကလည်း အကြောင်းအရင်း တရပ်အဖြစ် ပါဝင် နေပါတယ်။
တရားမဝင် လမ်းကြောင်းကနေ ကျောက်စိမ်း တွေထွက်ရှိနေတာက ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနစ်နာ တယ် ဆို ပေမယ့်လည်း အစိုးရအနေနဲ့ တရားမဝင် ကျောက်မှောင်ခို စီးဆင်းမှုကို ထိရောက်စွာ ဟန့်တားနိုင်တဲ့ အခြေ အနေ မရှိသေးဘူးလို့ အစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။
“ဖားကန့်လိုနေရာမျိုးမှာ တာဝန်ကျလို့ သွား ရင်တောင် နယ်မြေကကြမ်းတော့ အုပ်ချုပ်မှုပိုင်းမှာ မလွယ်ဘူး။ ညဘက်ဆို အပြင်တောင်ထွက်ဖို့ခက် တယ်။ မှော်ထဲရောက်နေတဲ့ လူတွေကို နေရပ်ဒေသ တွေဆီပြန်ပို့တော့ လည်း သူတို့က အခြားလမ်းကြောင်းကနေ နည်းလမ်းအမျိုးမျိုးနဲ့ ပြန်ရောက်လာကြတာပဲ။ ပြီးရင် ခိုးပြီးပြန် လုပ်နေ ကြပြန်ရော။ နယ်မြေကျယ်တာကြောင့်လည်း ဖြစ်မယ်” လို့ သတ္တုတွင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူ တဦးက ဆိုပါတယ်။
အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကချင် ပြည်နယ် တွင်းမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ အားလုံးရပ်ဆိုင်းဖို့ အစိုးရက အမိန့်ထုတ်ထားပေမယ့် တရား မဝင် ကျောက်စိမ်း တူးဖော်မှုတွေ၊ တရားမဝင် ကျောက်စိမ်းရောင်းဝယ်မှုတွေက တနေ့ တခြား ကြီးထွားလို့ လာနေပါတယ်။
နယ်မြေငြိမ်းချမ်းမှု မရှိတဲ့ ကချင်ပြည်နယ် အတွင်းကို တရုတ်ကုန်သည်တွေ ကိုယ်တိုင်လာရောက်ပြီး ကျောက် စိမ်းဝယ်ယူတာ၊ ကျောက်စိမ်းတူး ဖော်ရေးတွေ ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေကြောင့် ဈေးကွက် မှာ မြန်မာ့ကျောက်စိမ်းတွေ ဈေးပေါပေါနဲ့ တရုတ်နိုင်ငံဆီကို အလုံးအရင်းနဲ့ လှိမ့်ဝင်နေပါတယ်။
ကချင်ပြည်နယ် မိုးညှင်းဒေသမှာရှိတဲ့ ဝေခါ မှော်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းလုပ်ကိုင် နေသူ ကိုလွင်လွင် က “အများစုက ဒီမှော်ထဲမှာပဲ အလုပ်ဖြစ်နေတယ်။ ကြိုက်ဈေးတွေ့ရင် ရောင်းတာပဲ။ လော်ပန် တွေကလည်း ငွေကို အတိ အကျ ပေးတယ်။ သိန်း ထောင်ကျော်တန် ကျောက်တွေဆိုရင် ဒီလုပ် ကွက်မှာတင် ပွဲဖြစ်သွားကြတာများတယ်။ အဲ့ဒီထက် ပိုများပြီး သိန်းသောင်းချီတန်တဲ့ ကျောက်တွေဆိုရင် ဟိုဘက်ကို (တရုတ်နိုင်ငံ) ထွက်ပြီး ရောင်းကြတာ များတယ်” လို့ ဧရာဝတီကို ပြောတယ်။
နယ်မြေငြိမ်းချမ်းမှု မရှိတဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ၊ ကျောက်စိမ်း ရောင်းချမှု တွေကို KIA က ထိန်းချုပ်ထားပြီး တရားဝင် KIA ကို အခွန်ဆောင်ရတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် လည်း KIA မသိလိုက်ဘဲ တရုတ်ဈေးကွက် ဆီရောက်သွားတဲ့ ကျောက်စိမ်း ရောင်းဝယ်ဖောက် ကားမှုတွေ ကလည်း အမြောက်အမြားရှိနေပါတယ်။
“မှော်ထဲမှာက ငွေကပေါတယ်။ ယုံကြည်မှုအရ အလုပ်လုပ်နေကြရတယ်။ ပြပွဲမှာ သွားရောင်းရတာက အလုပ်ပို ရှုပ်တယ်။ ဟိုက ကြိုက်ရောင်းကြိုက် ဝယ်လို ပုံစံမျိုး။ ဝယ်တဲ့လူတယောက် ကြည့်နေချိန်မှာတောင် နောက် ထပ် ဝယ်လက်က လုယက်ပြီး ဝယ်တာမရှိဘူး။ ပြပွဲမှာ တရားဝင်ရောင်းရင် အခွန် အခ၊ သယ်ယူစရိတ်စတဲ့ လုပ်ငန်းတွေက ပိုများတယ်လေ။ ဒါကြောင့် ဒီလိုမှော်ထဲမှာ အရောင်းအဝယ်က ပိုဖြစ်တာများတယ်” လို့ ကျောက်ကုန်သည် ဦးသန်းနိုင်ဦးက ပြောဆိုသည်။
လတ်တလော အမေရိကန် ပြည်ထောင်စုက ၂၀ဝ၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ Burmese Jade (Junta’s Anti-Democratic Efforts) Act of ၂၀ဝ၈ ကို ၂၀၁၃ ခုနှစ်အတွင်းမှာ ဆက်လက်သက် တမ်းတိုးထားခဲ့တာကြောင့် မြန်မာ့ ကျောက်မျက် ရတနာတွေ၊ မြန်မာ့ ကျောက်စိမ်းတွေအနေနဲ့ တရုတ် ဈေးကွက်နဲ့ တရုတ်ဝယ်လက်ကို သာ အဓိက ထား မှီခိုနေရဦးမှာပါပဲ။
မြန်မာနိုင်ငံက ရတဲ့ ကျောက်မျက်ရတနာ ကုန် ကြမ်းတွေကို တရုတ်တွေက ကုန်ချောအဖြစ်ပြန်လည် ထုတ် လုပ် ပြီး နိုင်ငံတကာ ဈေးကွက်တွေဆီကို တင်ပို့နေတာမို့ ပြည်တွင်းစစ် မပြီးသမျှ၊ ငြိမ်းချမ်းရေး မရသမျှ ကာလပတ်လုံး တရုတ်ကုန်သည်တွေအတွက် ဈေးပေါပေါနဲ့ အရည်အသွေးကောင်းတွေ မှောင်ခိုရနိုင်တဲ့ တရား မဝင် ဈေးကွက်က ဆက်လက်တည်ရှိ နေမှာဖြစ်ပါတယ်။