မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၈ မြို့နယ်၌ အီတလီနိုင်ငံအခြေစိုက် ENI ရေနံကုမ္ပဏီက ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကို စမ်းသပ် ရှာဖွေသွားမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ သာစည်၊ မြစ်သား၊ ကျောက်ဆည်နှင့် စဉ့်ကိုင် စသည့် မြို့နယ်တို့မှ ကျေးရွာအုပ်စုပေါင်း ၃၇၀ ကျော် ပါဝင်သည့် မြေဧက ၁ ဒသမ ၃ သန်းကျော်၌ စမ်းသပ်ရှာဖွေမှုများ လုပ် ဆောင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက ဧရာဝတီသို့ ပြောသည်။
အီတလီ ကုမ္ပဏီသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်နှင့် အစိုးရအဖွဲ့ကို နိုဝင်ဘာလဆန်းပိုင်းတွင် စီမံကိန်းနှင့် ပတ် သက်၍ လာရောက် တင်ပြထားပြီး ဖြစ်ကာ အဆိုပါ လုပ်ကွက်ပတ်ဝန်းကျင်ရှိ ကျေးရွာ လူထုကိုလည်း ယခု နိုဝင်ဘာလ ထဲတွင် ကုမ္ပဏီဘက်က ရှင်းလင်း ပြောကြားမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးလှိုင်ဝင်းက “အခုအဆင့်က မြေသားဓာတု စမ်းသပ် စစ်ဆေးတာတွေ အရင် လုပ်မယ်။ ပြီးမှ စမ်းသပ်ရှာဖွေမှုတွေ လုပ် မယ်။ အဲဒီမှာမှ စီးပွားဖြစ် ထုတ်နိုင် မထုတ်နိုင်တာတွေ အဆင့်ဆင့် ဆက်လုပ်မှာပါ” ဟု ရှင်းပြသည်။
အဆိုပါ ကုန်းတွင်း လုပ်ကွက် PSC-K ကို အီတလီကုမ္ပဏီ ENI နှင့် ပြည်တွင်း ကုမ္ပဏီ Myanmar Petroleum Exploration & Production (MPEP) တို့ ၂၀၁၄ ခုနှစ်ကတည်းက တင်ဒါ အောင်မြင်ထားခြင်း ဖြစ်ပြီး ယင်းလုပ်ကွက်ကို အီတလီ ကုမ္ပဏီက ၉၀ ရာခိုင်နှုန်းနှင့် မြန်မာကုမ္ပဏီက ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်သည်။
မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရဲမင်းထွန်းက “ကျောက်ဆည်က သမိုင်း ကြောင်းမှာတော့ ရေနံထွက်ခဲ့တာတော့ မရှိဘူး။ ဓာတ်ငွေ့က နည်းနည်းထွက်တာ ရှိခဲ့ဖူးတယ်။ လူမှုပတ်ဝန်းကျင်အတွက် သေချာ ဂရုစိုက်မယ်ဆိုရင် ကြိုဆိုပြီးသားပါ။ တကယ် ထုတ်နိုင်တဲ့ အနေအထား ဖြစ်လာခဲ့ရင်တော့ အလုပ်အကိုင် အခွင့် အလမ်းတွေနဲ့ ဒေသဖွံ့ဖြိုးရေးတွေက တပါတည်း ဖြစ်လာနိုင်မယ်” ဟု ပြောသည်။
အီတလီ ကုမ္ပဏီ ENI သည် ယခု မန္တလေးတိုင်းမှ ကုန်းတွင်းလုပ်ကွက် PSC-K အပြင် မကွေးတိုင်းရှိ ဧက ၃ သိန်းကျော်ရှိ သည့် RSF-5 ကုန်းတွင်း လုပ်ကွက်၊ ဘင်္ဂလား ပင်လယ်အော်နှင့် မုတ္တမ ပင်လယ်ကွေ့ရှိ MD-2 နှင့် MD-4 လုပ်ကွက်များကို လည်း လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီ ဖြစ်သည်။
You May Also Like These Stories:
ရေနံမှော်တွင်း ကျင်လည်နေကြသူများ
မန္တလေးအိမ်ခြံမြေ ဈေးကွက် သိန်း၃၀၀ အောက် အကွက်ရိုက်မြေများ အရောင်းအဝယ်ဖြစ်
ရခိုင်ရှိ တရုတ်စီမံကိန်းမှ ဓာတ်အားဝယ်ယူရန် မြန်မာနှင့် စာချုပ်ချုပ်ဆို