မြန်မာနိုင်ငံဘက်ခြမ်းတွင် ကိုဗစ်ရောဂါဖြစ်ပွားသူများပြားခြင်းနှင့် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား မိသားစု ထံမှ ရောဂါပိုး တွေ့ရှိပြီးနောက် ထိုင်နိုင်ငံက နှစ်နိုင်ငံကုန်သွယ်ရေးကို တပတ်ခန့် ယာယီရပ်ဆိုင်းလိုက်သည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂)မှ ပြုလုပ်နေသည့် ပုံမှန်ကုန်သွယ်ရေး နှင့် နယ်စပ်ကုန်သွယ်ရေး အားလုံးကို အောက်တိုဘာလ ၁၈ ရက်နေ့(ယနေ့ ညနေ ၃နာရီမှ) စ၍ အောက်တိုဘာ ၂၅ ရက်နေ့အထိ ယာယီရပ်ဆိုင်း လိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံသို့ ကုန်စည်များ သယ်ဆောင်ပေး နေသည့် ကုန်တင် ယာဉ်မောင်းတချို့တွင် ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိခဲ့သလို၊ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသား မိသားစုတွင် ကိုဗစ်ရောဂါပိုး တွေ့ပြီးနောက် ယခုကဲ့သို့ ကုန်သွယ်ရေးကို ယာယီရပ်ဆိုင်း လိုက်ဖြစ်သည်။
“အမှတ် ၂ တံတားကတော့ မပိတ်သေးဘူး၊တနိုင်ငံတည်းက သဘောဆန္ဒနဲ့ ပိတ်လို့ရတာ မဟုတ်ဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံဘက်က သူ့ဘက်က လုပ်လို့ရတဲ့ ကုန်သွယ်ရေးအပိုင်းတွေအားလုံးကို ယာယီ ကန့်သတ်လိုက်တာပါ” ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ တံတားပိတ်ဖို့ ဆိုတာက နှစ်နိုင်ငံဝန်ကြီးဌာနအချင်းချင်းတွေ ဆွေးနွေးညှိနှိုင်းရမယ့် ကိစ္စပါ။ ပြည်ထောင်စုအဆင့်ကို တင်ပြပြီး ဆုံးဖြတ်ချက်ရမှာ ဖြစ်ပါတယ်။ အခုက ဒေသတွင်း ကုန်သွယ်ရေးရယ် ပုံမှန်၊ နယ်စပ် ကုန်သွယ်ရေးတွေကို ယာယီကန့်သတ်တာ” ဟု ရှင်းပြသည်။
လက်ရှိအချိန်တွင် ကုန်သွယ်ရေးကိစ္စများကို ယာယီအကန့်သတ်များ လုပ်ဆောင်လိုက်သော်လည်း နှစ်နိုင်ငံမှ ပြည်တော် ပြန်များ အပြန်အလှန်စိစစ်လက်ခံခြင်းနှင့် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ နှင့် ဆက်စပ်သည့် ကုန်ပစ္စည်းများ တင်သွင်းတင်ပို့ခြင်းများကို နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနအချင်းချင်း ဆက်လက် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးတေဇာအောင်က “ ကိုဗစ်နဲ့ ပတ်သက်ရင်က ဘယ်ပေါ်လစီ မှန်တယ်မှားတယ်ဆိုတာက ပြောရခက်ပါတယ်။ အားလုံးက အကောင်းဆုံးဖြစ်မယ့် မူဝါဒတွေနဲ့ လိုက်ပြီး လုပ်နေရတာပေါ့” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့မှ စတင်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးကို နယ်စပ်ကုန်သွယ်ရေး ထိန်းချုပ်မှုဇုန် (Border Control Facility – BCF) သို့သာ ဝင်ရောက်ခွင့်ပြုပြီး နှစ်နိုင်ငံကုန်တင်ယာဉ်များနှင့် ကုန်ပစ္စည်းလဲလှယ် တင်ဆောင်သည့် စနစ်ဖြင့်သာ ကုန်သွယ်ရန် ကန့်သတ်ထားခဲ့သည်။
သို့သော် ထိုင်းနိုင်ငံသားတချို့ က မဲဆောက်- မြဝတီ ဆက်သွယ်ထားသည့် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပိတ်ပစ်ရန် ဆန္ဒပြမှုများ ရှိခဲ့သည်။
ထို့နောက် မဲဆောက်မြို့လည် ထုံထောင်းရပ်ကွက်မှ မြန်မာနိုင်ငံသား မိသားစုထံတွင် ကိုဗစ်ရောဂါပိုးရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့သဖြင့် ယမန်နေ့က အဆိုပါရပ်ကွက်ကို Lockdown ချပြီးနောက် တပ်ခ်ခရိုင် လက်ထောက်အုပ်ချုပ်ရေး မှူးမှ ထိုင်း- မြန်မာချစ်ကြည်ရေး တံတားကို ယာယီပိတ်ရန် ရှိကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ကာ ဆိုခဲ့သည်။
ယခုအခါ နှစ်နိုင်ငံကုန်သွယ်မှုကို ကန့်သတ်မှုများထပ်တိုးလိုက်ခြင်းကြောင့်ကြောင့် ယာယီရပ်ဆိုင်းထားရမည့် အခြေ အနေပင် ဖြစ်သည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ ဒုတိယ ကုန်သွယ်မှု အများဆုံးလုပ်ဆောင်သည့် ကုန်သွယ်ရေး စခန်း ဖြစ်ပြီး ပုံမှန်ကာလတွင် ၁ ရက်လျှင် ကုန်စည်စီးဆင်းမှုသည် ကားအစီးရေ ၃၀၀ မှ ၅၀၀ ကြား ကုန်သွယ်လျက်ရှိသည်။
မြန်မာဘက်နိုင်ငံဘက်က လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် ပြောင်း၊ ဆန်ကွဲ၊ နှမ်း အပါအဝင် ရေထွက်ကုန် တချို့ကို တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံဘက်က စားသောက်ကုန်၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်သုံးဆီများ အပါအဝင် ဆောက်လုပ်ရေးပစ္စည်းများ ပြန်လည်တင်သွင်းလျက်ရှိသည်။
စက်တင်ဘာလက မယ်ဆိုင်- တာချီလိတ် အမှတ် ၂ တံတားမှ ကုန်စည်ကူးသန်းသွားလာမှုနှင့် ပတ်သက်၍ ထိုင်းဘက်သို့ မြန်မာကားများ လာရောက်ခွင့် လျောချလိုက်သည့်အတွက် မြန်မာဘက်မှလည်း ထိုင်းကားဝင်ရောက်ခွင့်ကို ဆတူ လျော့ချခဲ့ရာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ကုန်စည်များ ကြန့်ကြာမှုများ ရှိလာသဖြင့် ထိုင်းနိုင်ငံဘက်မှ ပုံမှန်ဖြစ်လာစေရန် ဆွေးနွေးညှိနှိုင်းတောင်းဆိုမှု ရှိခဲ့သည်။
You may also like these stories:
ကိုဗစ် အကန့်အသတ်များကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အခက်အခဲဖြစ်
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သန်း ၁၂၀၀ နီးပါး တိုးတက်
တာချီလိတ်-မယ်ဆိုင် ကြား ယာဉ်ဖြတ်သန်းခွင့် အပြန်အလှန်ကန့်သတ်
တာချီလိတ်-မယ်ဆိုင် ပုံမှန်ကုန်သွယ်ရေး ပြန်ဖြစ်ရန် ထိုင်းနိုင်ငံက ပြန်လည်ညှိနှိုင်း
တာချီလိတ်- မယ်ဆိုင် ကုန်သွယ်ရေး အကန့်အသတ်များ ပြန်ဖြေလျှော့ရန် သဘောတူမှုရ