ထိုင်း-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သည့် မဲဆောက်-မြဝတီကုန်သွယ်ရေး လမ်းကြောင်းသည် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါး အခြေအနေ ဖြစ်နေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများက ပြောသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့အကြား အာရှလမ်းပေါ်တွင် အာဏာသိမ်း စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သည့် ပူးပေါင်း မဟာမိတ်တပ်များအကြား ယခင်လကတည်းက တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ကုန်သွယ်ရေးလမ်း ရပ်ဆိုင်းထားရခြင်းဖြစ်သည်။
လမ်းပိတ်ထားရသည်မှာ ရက်ရှည်ကြာလာသဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ပြတ်တောက်လုနီးပါး ဖြစ်နေသလို ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရသည့် ကုန်စည်များမှာလည်း ဝန်ဆောင်ခနှင့် သွင်းကုန်ဈေးနှုန်းများ မြင့်တက်နေကြောင်း ကုန်သည်များ က ပြောသည်။
ရန်ကုန်-မြဝတီ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက “ကုန်သွယ်ရေးကတော့ အဆင်ပြေသလိုပေါ့။ မြဝတီကနေ ကော့ကရိတ် အဆင့်ဆင့်သယ်၊ ကော့ကရိတ်ကနေ ရန်ကုန်သွားတယ်။ အခုလိုပိတ်ထားတော့ အများ ကြီးတော့ မသွားရဘူးပေါ့။ ခရီးသည်ကတော့ တောလမ်းကနေ သွားရတာပေါ့။ ပိတ်ထားတာ ရက် ၂၀ လောက်ရှိပြီ။ ကုန်စည်သယ်ယူ ပို့ဆောင်စရိတ်တွေ တက်လာတာပေါ့။ အရင်က ၅ ထောင်ဆိုရင် အခု ၁ သောင်းပေါ့။ ကုန်ပစ္စည်း ဈေးတွေလည်း တက်တာပေါ့။ ကားခတွေလည်း ဈေးများသွားတယ်။ တောလမ်းဖြစ်တော့ သွားရလာရလည်း ခက်ခဲ သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ကော့ကရိတ်-သင်္ကန်းညီနောင်လမ်းပိုင်းကို ဖွင့်ပေးထားသော်လည်း အာရှလမ်းပိုင်းကို ပိတ်ထားသဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲများ ရှိနေပြီး ကုန်ကားတချို့မှာ တောလမ်းမှ ဖြတ်သန်းနေကြရပြီး နှောင့်နှေးကြန့်ကြာမှုဖြစ်ကာ သယ်ယူပို့ဆောင်ခနှင့် ကုန်ပစ္စည်းဈေး မြင့်တက် လာနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အာရှလမ်းပေါ်ရှိ တံတား ၃ စင်း ပျက်စီးသွားခဲ့ပြီး လက်ရှိတွင်လည်း တိုက်ပွဲများ ဆက်ရှိနေသဖြင့် ကုန်စည် ကူးသန်းနိုင်ရေး အခက်အခဲဖြစ်နေခြင်း ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
မြဝတီမြို့ ကုန်သည်တဦးက “တိုက်ပွဲဖြစ်တာ၊ လမ်းတွေ ပိတ်တာက ဟုတ်ပါတယ်။ တချို့ကားလေးတွေကတော့ အရင် လမ်းဟောင်းနဲ့ တောလမ်းကနေပြီးတော့ သွားကြတာတော့ရှိတယ်။ ဒီဇန်နဝါရီလကုန်ရင် ထိုင်းနဲ့ တရားဝင် ပြန်ရောင်း တော့မှာဆိုတော့ ကြိုတင်သွားတဲ့ ကား ၁ စီး၊ ၂ စီးတော့ ရှိနိုင်တယ်။ ကုန်ခြောက်ဖြစ်တော့ သိပ်တော့ စိုးရိမ်စရာ မရှိဘူးပေါ့နော်။ ဒါပေမယ့် တင်ပို့မယ့် ရာသီနီးလာတော့ အခုခြေအနေရဆို နည်းနည်းတော့ စိုးရိမ်ရတယ်။ လမ်းတွေ မှာ ကြာလို့ ကုန်စည်စီးဆင်းမှု နှောင့်နှေးရင် ဆုံးရှုံးမှုက ပိုများနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ လမ်းခရီးတလျှောက်တွင် စစ်ကောင်စီ၏ စစ်ဆေးမှုများ တင်းကြပ်သောကြောင့် နှောင့်နှေးကြန့်ကြာခြင်း၊ ပေးဆောင်ရသည့် ဝန်ဆောင်ခ များခြင်း၊ ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့် သွင်းကုန်ပို့ကုန်မူဝါဒများဖြစ်သည့် ပို့ကုန်ရငွေများကို ၆၅ ရာခိုင်နှုန်း ဖြတ်ယူခြင်း၊ ပို့ကုန်တင်သွင်းသည့် ပမာဏနှင့် ညီမျှသည့် သွင်းကုန်ကိုသာ တင်သွင်းခွင့်ပြုခြင်း စသည့် အခြေအနေများကြောင့် လည်း အခက်အခဲများ ရှိနေကြောင်း ၎င်းက ရှင်းပြသည်။
၎င်းက ဆက်၍ “အခုကတော့ လုံးလုံးကိုလမ်းပိတ်တော့ ပိုပြီး ဆိုးသွားတာပေါ့နော်။ ကားတွေကတော့ ပိတ်မိနေတယ်။ တချို့ကားတွေကျတော့ သွားလို့ရတဲ့နေရာကနေ ပတ်ပြီး သွားကြတာရှိတယ်။ ကုန်စိမ်းကားတွေ ဖြစ်တဲ့ ဂေါ်ဖီ ထုပ်တို့ ဘာတို့ကတော့ အခု ကော့ကရိတ်နဲ့ ကျူံဒိုးတို့မှာ ချပြီးတော့ ဈေးသက်သက်သာသာနဲ့ မြန်မြန်ရောင်းလိုက်ရတာမျိုးတွေ ရှိတယ်။ ကျန်တာတော့ မသိရသေးဘူး” ဟု ပြောသည်။
အာရှလမ်းမကြီးအနီးတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းသုံးတိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများကို ပြုလုပ်ခြင်းများ ရှိသလို ပြီးခဲ့သည့် ဒီဇင်ဘာနောက်ဆုံးပတ်အတွင်းကလည်း လေကြောင်း တိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ ကော့နွဲ့ရွာရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံထောင်ချီမှာလည်း ထွက်ပြေးတိမ်း ရှောင်နေရသည်။
ထိုင်း-မြန်မာ မြဝတီနယ်စပ် ကုန်သွယ်ရေးအနေဖြင့် မြန်မာဘက်မှ ဆန်၊ ဆန်ကွဲ၊ ဆန်မှုန့် အများဆုံး တင်ပို့သလို ငရုတ်သီး၊ ငရုတ်သီးစိမ်း၊ ရော်ဘာ စသည့် ရာသီထွက်ကုန်များ တင်ပို့ပြီး ထိုင်းဘက်မှ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ စက်ရုံသုံး ကုန်ကြမ်းပစ္စည်း၊ ယာဉ်ယန္တရားများ စသဖြင့် တင် သွင်းလျက်ရှိကာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာလ ၂၃ ရက်ထိ မြဝတီနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန် ဒေါ်လာ သန်း ပေါင်း ၁၅၇၇ ဒသမ ၆၅၄ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြထားသည်။
You may also like these stories:
တရုတ်-မြန်မာနယ်စပ်ဂိတ်များ လာမည့်နှစ်ဆန်း၌ ပြန်ဖွင့်မည်
လာတော့မည့် တရုတ်ခရီးသည်များအား ကာကွယ်ဆေးထိုးပေးရန် ထိုင်းခရီးသွားဝန်ကြီး တောင်းဆို