ယခုနှစ် MWC (Mobile World Congress) ပွဲမှာ LG က G8 ၊ V50 ဖုန်းတွေနဲ့အတူ LG G8s ThinQ စမတ်ဖုန်းကို စတင် မိတ်ဆက်ခဲ့ပါတယ်။ လက်သွေးကြောပြပြီး ဖုန်းဖွင့်နိုင်တဲ့ Hand ID ၊ လက်နဲ့ ထိန်းချုပ်နိုင်တဲ့ Air Motions စတဲ့ အမိုက်စားနည်းပညာတွေ ပါဝင်တဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။
LG G8s ThinQ စမတ်ဖုန်းကို ကမ္ဘာ့ဈေးကွက်မှာ ယခုလကုန်လောက် စတင်ရောင်းချသွားမှာဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ကြေညာခဲ့ပါတယ်။ ထိုင်ဝမ်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ တပတ်က စတင်ရောင်းချခဲ့ပါတယ်။
LG G8s ThinQ မှာ G8 အတိုင်း Snapdragon 855 Chip ကိုပဲ အသုံးပြုထားပါတယ်။ FHD+ ရုပ်ထွက်အရည်အသွေးရှိတဲ့ ၆ ဒဿမ၂ လက်မအရွယ် OLED Panel နဲ့ ဖြစ်ပြီး၊ 18.7:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။ 6GB RAM နဲ့ 128GB Storage တို့ ပါဝင်မှာပါ။
ဒီဖုန်းရဲ့ ပထမဆုံး ထူးခြားချက်တခုကတော့ ရှေ့ကင်မရာကို 8MP တလုံးနဲ့ ToF နည်းပညာသုံး Z Camera တလုံး ပေါင်းစပ် အသုံးပြုထားတာပါ။ ToF ရှေ့ကင်မရာကနေ Hand ID နဲ့ Face Unlock နည်းပညာ ၂ ခု အသုံးပြုနိုင်မှာပါ။ Hand ID ဆိုတာကတော့ လက်ကသွေးကြောပုံစံကို မှတ်သားထားပြီး၊ ဖုန်းကို လက်ပြဖွင့်နိုင်တဲ့ နည်းပညာတခု ဖြစ်ပါတယ်။
ToF ကင်မရာ ပါတဲ့ နောက်ထပ်ကောင်းကျိုးတခုကတော့ Air Motion စနစ် ပါ။ ဖုန်းစခရင် ထိစရာ မလိုဘဲ လက်ဝှေ့ယမ်းပြရုံနဲ့ ဖုန်းကိုင်၊ သီချင်းဖွင့် စတဲ့ လုပ်ဆောင်ချက်အချို့ ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။
G8s ThinQ ရဲ့ ကျောဘက်မှာတော့ 12MP+13MP Ultrawdide+12MP Telephoto ကင်မရာ ၃ လုံးတွဲကို တွေ့မြင်ရမှာပါ။ ဘက်ထရီကတော့ 3,550mAh ဖြစ်ပြီး၊ Quick Charge 3.0 အားအမြန်သွင်းနည်းပညာ အသုံးပြုနိုင်ပါတယ်။ DAC ပါဝင်တဲ့ 3.5mm နားကြပ်ပေါက်၊ Bluetooth 5.0 ၊ NFC ၊ USB-C 3.1 တို့လည်း ပါဝင်ပါမှာပါ။
IP68 အဆင့် သတ်မှတ်ချက် ရရှိထားတဲ့ ရေစိုခံ ဖုန်းတလုံးဖြစ်သလို MIL-STD 810G အသိအမှတ်ပြု လက်မှတ်လည်း ရရှိထားတဲ့ ဖုန်းဖြစ်တာကြောင့် ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေနဲ့ အကြမ်းပတမ်း သုံးတဲ့ ဒဏ်တွေကိုလည်း ထိုက်သင့်သလောက် ခံနိုင်ရည် ရှိမှာပါ။
LG G8s ThinQ စမတ်ဖုန်းကို ဥရောပ၊ လက်တင်အမေရိက၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ယခုနှစ်ကုန်ပိုင်း စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကိုတော့ ဈေးကွက် တခုချင်းစီအလိုက် ထပ်မံ ကြေညာပေးသွားဖို့ ရှိပါတယ်။ အရောင်ကတော့ Mirror Black ၊ Mirror Teal နဲ့ Mirror White ၃ ရောင် ထုတ်ပေးသွားမှာပါ။
Ref: Android Central, GSM Arena
You may also like these stories:
G8 ThinQ ဖုန်းမှာ 3D ရှေ့ကင်မရာစနစ် ပါဝင်လာမှာဖြစ်ကြောင်း LG အတည်ပြု
LG W Series အသစ် စမတ်ဖုန်း ၃ မျိုး အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်
Qualcomm ကို တရားစွဲဆိုမှုမှာ LG ပါဝင်လာ
LG ကုမ္ပဏီထံမှ OLED နဲ့ LCD iPhone Display ပေါင်း သန်း ၂၀ ကျော်ကို Apple မှာယူ