စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဝန်းရံသူများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝန်းရံသူများကြား ပဋိပက္ခဖြစ်ပွားရာမှ လူ ၁ဦး သေဆုံးခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုပဋိပက္ခတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်္ကျီဝတ်ဆင်ထားသည့် ကိုမျိုးမင်းစိုး ဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် ယမန်နေ့က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကတော့ ပါတီစည်းရုံးရေးဆင်းရင်းနဲ့ စကားများကြတယ်။ မော်တော်ယာဉ်တွေနဲ့ စည်းရုံးရေး သွားကြရင်း အမည်မသိ လူ ဟိုဘက်၊ ဒီဘက် ရန်ဖြစ်ကြရင်း ဖြစ်တယ်။ ဟိုဘက်၊ ဒီဘက် စကားများ ရန်ဖြစ်ပြီး ဝိုင်းရိုက်ကြတာကနေ ဒဏ်ရာရ တယ်။ ဒဏ်ရာရရာကနေ ဆုံးသွားတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိ တစ်ဦး ကပြောသည်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာလ ၂၂ ရက်နေ့က USDP ဝန်းရံသူများနှင့် ဒေသခံများအကြား ဖြစ်ပွားခြင်းဖြစ်ပြီး နေအိမ် တစ်လုံး၊ ဆိုင်ကယ် ၇ စီးနှင့် ကိုဗစ်ထိန်းချုပ်ရေးအတွက် စစ်ဆေးရေးဂိတ်မှ ပစ္စည်းပစ္စများ တွန်းလှဲဖျက်ဆီးခံရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောသည်။
“NLD က ယာဉ်တန်း မရှိပါဘူး။ NLD အင်္ကျီဝတ်ပြီးတော့ ကိုယ့်အိမ်ရှေ့ကနေ ကိုယ် ကိုယ့်ရဲ့ ဆန္ဒကို ကိုယ်ဖော်ထုတ်တာ တော့ ရှိပါတယ်”ဟု ၎င်းကပြောသည်။
USDP ဝန်းရံသူအမျိုးသမီး ၁ဦးကမူ NLD ဝန်းရံသူများက လမ်းကို ပိတ်ဆို့ထားပြီး ဖွတ်များ၊ ဖွတ်မများစသည့် စကားလုံး များဖြင့် ဆဲဆို၊ အော်ဟစ်ပြီး ရန်စသည့် အပြုအမူများ စတင်ပြုလုပ်ရမှ ပဋိပက္ခ စတင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောသည်။
“NLD က ယာဉ်တန်း မရှိပါဘူး။ NLD အင်္ကျီဝတ်ပြီးတော့ ကိုယ့်အိမ်ရှေ့ကနေ ကိုယ် ကိုယ့်ရဲ့ ဆန္ဒကို ကိုယ်ဖော်ထုတ်တာ တော့ ရှိပါတယ်”
ယင်းသို့ ရိုက်နှက်မှု မဖြစ်ခင် ၎င်း၏ တူမဖြစ်သူနှင့် ၎င်းကိုလည်း NLD ပါတီအလံ တပ်ထားသည့် ပိုက်လုံးဖြင့် လှမ်းရိုက် ခြင်း၊ ဆံပင်လှမ်းဆွဲခြင်းတို့ကြောင့် ဆိုင်ကယ်လဲကျ ကျန်ခဲ့ကြောင်း ၎င်းက ပြောသည်။
“ကျမ မျှမျှတတ ပြောရရင်တော့ NLD က အရင် ရန်စတယ်ပေါ့နော်။ သူတို့ဘက်က ဝန်းရံတာပဲ ဖြစ်ဖြစ်၊ ကျမတို့ဘက်က ဝန်းရံတာပဲ ခဏလေးနဲ့ ပြီးသွားမယ့် ကိစ္စကို ရှေ့ကနေ ပိတ်ပြီး ရန်စလိုက်တာကနေ နောက်ပိုင်းမှာ ပြဿနာဖြစ်လို့ ရိုက် တယ်၊ နှက်တယ် ကိစ္စမှာတော့ ဆိုင်ကယ် ၄ စီး အတင်းကျော်ပြီး ဖြတ်သွား တာကိုတော့ ကျမတို့ လဲနေတာကနေ မြင်ရ တယ်။ အဲဒီနောက် ဆိုင်ကယ်တွေကို ဝုန်းဝုန်းနဲ့ ရိုက်နေကြ တာမြင်ရတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇီးကုန်းနယ်မြေရဲစခန်းတွင် ပုဒ်မ ၃၂၅/ ၂၉၄ /၁၁၄ ၊ ပုဒ်မ ၃၀၂/၂၉၄ / ၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖျက်ဆီးခံရသည့် နေအိမ်ပိုင်ရှင်၊ သေဆုံးသွားသူ၏ မိသားစုနှင့် ကာဘိုးကျေးရွာ အုပ်ချုပ်ရေးမှူးတို့က အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး USDP အင်္ကျီဝတ်ဆင်သူများက ရိုက်နှက်နေသော ရုပ်သံဗွီဒီယိုများရော၊ NLD အင်္ကျီဝတ်ဆင် ထားသူများက အော်ဟစ်ပိတ်ဆို့ကခုန်နေသော ရုပ်သံဗွီဒီယိုများပါ လူမှုကွန်ယက်တွေ ပြန့်နှံ့ လျက်ရှိသည်ကိုလည်း တွေ့ရ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီက အောက်တိုဘာ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ် ပြန်ချက်၌ ဝန်းရံသူများ အင်အားပြ လှုပ်ရှားရာတွင် အခြားပါတီများနှင့်လည်း ရံဖန်ရံခါ ထိပ်တိုက်ဆုံကြပြီး ပြဿနာအမျိုး မျိုး ဖြစ်ခဲ့ကြသည်ကိုလည်း တွေ့ရှိခဲ့ရပြီး ဖြစ်စဉ်အများစုမှာ တစ်ဖက်သော အဖွဲ့အစည်းများ၏ လွန်ကဲသော အပြုအမူများ ကြောင့် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် နီးကပ်လာသော ကာလအတွင်း မိမိတို့အဖွဲ့ချုပ်က ထာဝစဉ် ကိုင်စွဲ ကျင့်သုံးခဲ့သော အကြမ်းမဖက်သည့် မူဝါဒအတိုင်း ထိန်းသိမ်းလျက် ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းများကို မမှိတ်မသုဉ် ဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရွာတော်ဘူတာအနီး သံလွင်လမ်းမကြီးပေါ်တွင် NLD ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မဲဆွယ်စည်းရုံးရေး ယာဉ်တန်းပေါ် ပါသူများနှင့် အနီရောင် တီရှပ် ဝတ်ဆင်ထားသည့် လူငယ်တချို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ အပြန်အလှန် အမှုဖွင့်ကာ ဆောင်ရွက်ကြသလို၊ အောက်တိုဘာ ၃ရက်က မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မြို့နယ်အလုပ်မှု ဆောင် ဦးမြင့်နိုင်၏ နေအိမ်အား လူအုပ်စုဖြင့် ဖျက်ဆီးတိုက်မှု ဖြစ်ပွားခဲ့သည်။
You may also like these stories:
NLD ကို လူစုလူဝေးဖြင့် မထောက်ခံကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော
မဲဆွယ်ကာလ နိုင်ငံရေး အကြမ်းဖက်မှုများ ပေါ်ပေါက်
USDP ယာဉ်တန်းနှင့် လူငယ်တချို့ ရန်ပွဲ နှစ်ဖက်သက်သေများ စတင် စစ်
မြိုင်မြို့နယ် NLD စည်းရုံးရေးမှူးအိမ် အုပ်စုဖွဲ့တိုက်ခိုက်ခံရမှု ၁၉ ဦး ဖမ်းဆီးထား