ဂျပန်နိုင်ငံမှာ ယူကေ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ခံထားရသူ ၃ ဦးဟာ ယူကေကို ခရီးသွား ရာဇဝင် မရှိဘဲ ကူးစက်ခံထားရတယ်လို့ ကျန်းမာရေးဌာနက ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာတော့ ကူးစက်ခံလမ်းကြောင်းကို ရှာဖွေ ဖော်ထုတ်နေပါတယ်။
ကူးစက်ခံထားရတဲ့ ၃ ဦးဟာ တိုကျိုမြို့ အနောက်ဘက် ၁၂၅ မိုင်အကွာ ရှီဇူအိုကာခရိုင်မှာ နေထိုင်သူဖြစ်ပြီး ယူကေကို ခရီးသွားရာဇဝင် မရှိသလို၊ ဗြိတိန်က ပြန်လာသူတွေနဲ့လည်း ထိတွေ့မှု မရှိဘဲ မျိုးကွဲသစ် ကူးစက်ခံထားရတာပါ။ ကျန်းမာရေး တာဝန်ရှိသူတွေကတော့ ရှီဇူအိုကာမှာ ကူးစက်မြန် ယူကေ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ထားခြင်း မတွေ့ရသေးပေမယ့် အဆိုပါ ၃ ဦးရဲ့ ကူးစက်ခံရမှု လမ်းကြောင်းကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ လက်ရှိအချိန်ထိ ပြည်ပက ပြန်လာသူတွေမှာ ဗြိတိန်၊ တောင်အာဖရိကနဲ့ ဘရာဇီးနိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ထားသူ ၄၅ ဦး ရှိပါတယ်။ ဇန်နဝါရီလ အစောပိုင်းကစလို့ ဂျပန် ပြည်တွင်း COVID-19 ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် မြို့တော် တိုကျိုအပါအဝင် ခရိုင် ၁၁ ခုကို အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။
ကူးစက်သူ အသက် ၂၀ အရွယ်နဲ့ အသက် ၆၀ အရွယ် နှစ်ဦးဟာ ဒီလအစောပိုင်းမှာ ရောဂါလက္ခဏာတွေ ပြလာတာ ဖြစ်ပါတယ်။ နောက်ထပ် အသက် ၄၀ အရွယ်တဦးကတော့ အသက် ၂၀ အရွယ် ကူးစက်သူနဲ့ အနီးကပ် ထိတွေ့ခဲ့သူပါ။
ကျန်းမာရေးဌာနဝန်ကြီး Norihisa Tamura က ပြည်တွင်းမှာ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုတွေကို ဖော်ထုတ်ဖို့အတွက် ဒေသတွင်း ကူးစက်ထားသူတွေရဲ့ နမူနာတွေကို စုံစမ်း ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ နိုင်ငံအတွင်း ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ထားတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
ဂျပန်မှာ တရားဝင်ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၃၃၄,၃၂၈ ဦး ရှိနေပြီး သေဆုံးသူကတော့ ၄,၅၄၈ ဦး ရှိပါတယ်။ အင်္ဂါနေ့က ထုတ်ပြန်ချက်အရ ပထမဆုံးအကြိမ် တရက်တည်း သေဆုံးသူ ၁၀၄ ဦးရှိတဲ့ထဲက တိုကျိုက ၁၆ ဦး၊ အိုဆာက ၁၃ ဦး၊ ဆိုင်တမက ၁ ၀ ဦးစီ ရှိတယ်လို့ ဖော်ပြထားပါတယ်။
တိုကျိုမြို့တော်မှာ ကူးစက်နေတဲ့ ကူးစက်မှုအသစ်တွေဟာ ကူးစက်ရာ လမ်းကြောင်းကို ရှာဖွေဖို့ မလွယ်ကူတာကြောင့်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဂျပန်နိုင်ငံတဝန်းမှာ COVID-19 တတိယလှိုင်း ရိုက်ခတ်မှုကို ခံစားနေရပြီး ဇန်နဝါရီ ၈ ရက်က အမြင့်ဆုံးအဖြစ် တရက်တည်း ကူးစက်လူနာ ၇,၈၈၃ ဦး ရှိခဲ့ပါတယ်။
Ref: Japan Times
You may also like these stories:
သီရိလင်္ကာမှာ ကိုဗစ် ကာကွယ်ဆေးရည် သောက်ခဲ့တဲ့ ဝန်ကြီး ဗိုင်းရပ်စ် ကူးစက်ခံရ
ပြင်သစ်မှာ COVID-19 နေ့စဉ် ကူးစက်မှုနှုန်း ၆ ပတ်ကျော်အကြာမှာ မြင့်တက်လာ
မလေးရှားမှာ နေ့စဉ် ကိုဗစ် ကူးစက်နှုန်း ၄,၀၀၀ ကျော်နဲ့ စံချိန်တင် မြင့်တက်