LGBT (Lesbian, Gay, Bisexual, Transgender) တယောက်အနေနဲ့ ရဲဝင့်စွာ ရပ်တည်နေခဲ့တဲ့ Makeup Artist မေဦး (Magic) ကတော့ လတ်တလော LGBT ကောင်လေးတယောက် ကိုယ့်ကိုယ်ကို သတ်သေပြီး သေဆုံးသွားတဲ့သူအပေါ် မူတည်ပြီး လူငယ်တွေကို ခွန်အားဖြစ်စေမယ့် ဆွေးနွေးတိုင်ပင်မှုမျိုး မြန်မာနိုင်ငံမှာ လုပ်ဖို့ လိုအပ်လာပြီလို့ ပြောပါတယ်။
“ဒီကလေး (မောင်ကျော်ဇင်ဝင်း) ဖြစ်သွားတဲ့အပေါ်မှာ မေဦးတို့ စဉ်းစားတယ်။ နိုင်ငံခြားမှာဆိုရင် Counselling (ဆွေးနွေးတိုင်ပင်မှု) ဆိုတာ ရှိတယ်။ ကိုယ့်ရဲ့ ဘယ်လိုအရေးအရာပဲဖြစ်ဖြစ် တယောက်တည်း ခံစားလာရပြီဆိုရင် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ မပြောချင်ရင် အဲဒီဆွေးနွေးလို့ ရတဲ့နေရာတွေ အများကြီးရှိတယ်။ မေဦးတို့ဆီမှာ လုံးဝ မရှိဘူး။ ဗဟုသုတ အရမ်းနည်းနေကြတယ်”
“ကိုယ်ဆိုရင်လည်း တခါတလေ ခံစားရတဲ့အကြောင်းတွေကို ကိုယ့်သူငယ်ချင်းကို ပြောပြလို့ မရရင် ဘယ်သူ့ကို သွားပြောမလဲ။ အဲ့လို ရှိတယ်။ ဒီလိုနေရာတွေ ဖြစ်ပေါ်လာဖို့အတွက် လိုတယ်။ လူငယ်တွေအတွက် ခွန်အားဖြစ်နိုင်မယ့် အဖွဲ့အစည်းတွေ လိုအပ်လာပြီ။ မီးမောင်းထိုးပြနေတာ။ အဖြေ ရှာရတော့မယ်။ အဲ့လိုမျိုး လုပ်သွားဖို့အတွက် အစီအစဉ်တွေ ရှိပါတယ်”လို့ မိတ်ကပ် မေဦး (Magic) က ပြောပါတယ်။
မောင်ကျော်ဇင်ဝင်း သေကြောင်းကြံစည်ကာ သတ်သေသွားတာနဲ့ ပတ်သက်ပြီး တချို့သော သူများက အခြောက်တယောက် သေသွားတာ ဘာဖြစ်လဲလို့ ပြောကြတဲ့အပေါ် များစွာစိတ်မကောင်းဖြစ်ရတယ်လို့ မေဦးက ဆိုပါတယ်။
“တချို့လူ တော်တော်များများက အခြောက်တယောက် သေသွားတာ ဘာဖြစ်လဲလို့ ပြောကြတယ်။ စိတ်တော်တော် မကောင်းဘူး။ မေဦးတို့က ဒီကလေးဆုံးသွားတာကို အခြောက်ရယ်၊ LGBT ရယ်လို့ ကြည့်တာ မဟုတ်ဘူး။ လူ့လောကကြီးမှာ တန်ဖိုးရှိတဲ့ လူတယောက် ဆုံးရှုံးသွားတယ်။ သူ ပညာတတ်တယ်။ သူ့မိဘ၊ သူ့မိသားစုကို ရှာကျွေးနေတယ်။ တန်ဖိုး ဘယ်လောက်ရှိလဲ”
“တန်ဖိုးရှိတဲ့ သူတယောက်ကို ဘာကြောင့် ဆုံးရှုံးသွားတဲ့အချိန်မှာ အခြောက်တယောက် ဆုံးရှုံးသွားတာပဲလေ၊ ဘာအရေးကြီးလို့လဲ ပြောတာကို လုံးဝ စဉ်းစားလို့ မရဘူး။ ပြီးတော့ မေဦးတို့နိုင်ငံက ဗုဒ္ဓဘာသာ၊ ဗမာလူမျိုးတွေ ပိုပြီးယဉ်ကျေးရမှာ မဟုတ်ဘူးလား။ ပိုပြီး နားလည်ရမယ်။ ဒါပေမဲ့ အဲဒီနားလည်တဲ့ အရိပ်အယောင် မတွေ့ရဘဲနဲ့ ဆိုးကျိုးတွေ ပြောတဲ့သူတွေကို နားလည်လို့မရဘူး”လို့ မေဦးက ပြောပါတယ်။
ယောကျ်ားအစစ်၊ မိန်းမအစစ်တွေတောင် အပြောခံနေရတဲ့ ခေတ်ကြီးမှာ LGBT တယောက်အနေနဲ့ ခံနိုင်ရည်ရှိ ဖို့လိုအပ်ပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နိုင်မှရမယ်လို့ သူက ဆိုပါတယ်။
“အခုခေတ်က ယောကျ်ား၊ မိန်းမတွေတောင် အပြောခံနေရတဲ့ ခေတ်ကြီး။ အဲ့အချိန်မှာ ခံနိုင်ရည်ရှိဖို့တော့ အရမ်းလိုတယ်။ မေဦးတို့တောင် ငယ်ငယ်တုန်းကတည်း စတာနောက်တာ ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးတွေ ဖြစ်ကို ဖြစ်တယ်။ ဒါတွေကို ဘယ်သူ့ကို သွားပြောကြမလဲ။ အိမ်ကအမေကိုလည်း မပြောရဲဘူး။ ပြောရင်လည်း ကိုယ့်ရဲ့ပတ်ဝန်းကျင်က ဒီဟာကို ရှုံ့ချထားတဲ့အပေါ်မှာ မေဦးတို့ ဘာမှ တတ်နိုင်မှု မရှိဘူး။ အဲ့လိုဘာမှ မတတ်နိုင်တော့ ကိုယ့်ကိုယ်ကိုယ် အားပေးရတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ မြှင့်တင်ရတယ်”လို့ မေဦးက ပြောပါတယ်။
မေဦး ကိုယ်တိုင်လည်း ငယ်စဉ်က ဆရာအတတ် သင်တန်းကျောင်း တက်ခဲ့ကာ ကျောင်းဆရာတယောက်ဖြစ်ချင်ခဲ့သော်လည်း အဲဒီ ပတ်ဝန်းကျင်မှာ ဆက်လက်လုပ်ကိုင်ရန် အဆင်မပြေတော့တဲ့အတွက် ပတ်ဝန်းကျင်ပြောင်းလဲပြီး လုပ်ကိုင်ခဲ့ရတယ်လို့ သိရပါတယ်။
“ဒီအသိုင်းအဝိုင်းမှာ မနေချင်ဘူးဆိုရင် အသိုင်းအဝိုင်း ပြောင်းမယ်။ အဲ့လိုမျိုးပေါ့။ မေဦးဆိုရင် ဆရာတတ်သင်ကျောင်း တက်တယ်။ အဆင်မပြေမှုတွေ ရှိတယ်။ ကိုယ့်ဘာသာ နေမကောင်းလို့ ခြေထောက်ထိသွားလို့ ပြောင်းတာက တကဏ္ဍ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ အဆင်မပြေဘူး။ ကိုယ် ဒီဆရာလုပ်လို့ အဆင်မပြေဘူးဖြစ်နေတော့ ပတ်ဝန်းကျင်အသစ် ပြောင်းကြည့်ရတယ်။ ဒါကတော့ ကိုယ်ကတော့ တတ်နိုင်တဲ့သူမို့လို့ ကိုယ့်စိတ်ကိုယ် အားပေးနိုင်တဲ့သူ မို့လို့ပါ”လို့ မေဦးက ပြောပါတယ်။
Makeup Artist မေဦးကတော့ နိုင်ငံကျော် ရုပ်ရှင်မင်းသမီးများကို လိမ်းခြယ်ပေးနေတဲ့ Makeup Aritst တယောက်ဖြစ်ပြီး လက်ရှိမှာလည်း “CMM Luxury Beauty Academy & Studio” ကို ဖွင့်လှစ်ထားကာ မိမိကိုယ်ကို LGBT တယောက်အနေနဲ့ ရဲဝင့်စွာ ရပ်တည်နေသူတယောက်ပဲ ဖြစ်ပါတယ်။
You may also like these stories:
“LGBT တွေကို ထောက်ခံတယ်”လို့ ပြောတဲ့ အဆိုတော် ရဲရင့်အောင်
“LGBT တယောက်ဆိုတာ သေချာပြီဆိုရင် စိတ်ဓာတ် ကြံ့ခိုင်ပါ”လို့ ဦးဟန်ဇော်လတ် ပြော
အရှေ့တောင်အာရှ ခရီးသွားဈေးကွက် ချဲ့ထွင်နိုင်ဖို့ LGBT ခရီးသွားလုပ်ငန်းကိုလည်း စဉ်းစားဖို့လို
သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift