မူးယစ်ဆေးဝါးအမှုနဲ့ သာယာဝတီထောင်မှာ ပြစ်ဒဏ် ၁၂ နှစ်ကျခံခဲ့ရတဲ့ သရုပ်ဆောင် ဘုန်းလျှံက မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
အခုလို ထောင်ကနေ ပြန်လွတ်လာတဲ့အတွက် သရုပ်ဆောင် ဘုန်းလျှံက အရမ်း ဝမ်းသာနေပြီး နောက်ထပ် အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ အားတွေ ရှိလာတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ပရိသတ်တွေ ဘုန်းလျှံ တကယ် လွတ်လာပါပြီ။ အခုလို လွတ်လာချိန်မှာလည်း ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ ရှိသေးတယ်ဆိုတာကို သိရလို့ အရမ်းဝမ်းသာပါတယ်။ အခုချိန်မှာ ကျနော့် ဘဝအတွက် တဖန်မွေးဖွားနေတာ အနုပညာ ဆက်လုပ်ဖို့လည်း အားတွေ ရှိပါတယ်။ ထောင်ထဲမှာရှိချိန် လွတ်ဖို့ ဆုတောင်းပေးကြတဲ့သူ အကုန်လုံးကို ကျေးဇူးတင်ပါတယ်”
“သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို စောင့်နေတာတော့ တော်တော်ကြာပြီ။ ဒီတခေါက်မှ ကျနော် ပါတော့တယ်။ ကျနော့်လိုမျိုး မျှော်နေတဲ့သူတွေလည်း အထဲမှာ ရှိပါသေးတယ်။ မလွတ်ပေမယ့် မျှမျှတတ ခံစားခွင့် ရကြပါတယ်။ အခုလို လွှတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ နိုင်ငံအတွက်လည်း အကျိုးရှိတဲ့ သရုပ်ဆောင်ကောင်းတယောက် ဖြစ်အောင် ကြိုးစားပါ့မယ်။ အနုပညာတွေ ပြန်လုပ်ရင်လည်း ကာရိုက်တာတွေ မရွေးဘဲ အကောင်းဆုံး ကြိုးစားပါမယ်”လို့ ဘုန်းလျှံက ပြောပါတယ်။
ထောင်ထဲမှာ အကုန်လုံးနဲ့ အဆင်ပြေအောင်နေတယ်ဆိုတဲ့ ဘုန်းလျှံက ထွက်လာချိန်မှာလည်း တိုက်တိုက်ဆိုင်ဆိုင် COVID-19 ရောဂါ ဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက် အကျဉ်းကနေ အကျယ်ဖြစ်သွားတယ်လို့ ဆိုပါတယ်။
“ကျနော် ထောင်ထဲမှာ ၇ နှစ်ပြည့်ဖို့၂ လပဲ လိုတယ်။ ထောင်ထဲမှာ အကုန်လုံးနဲ့ အဆင်ပြေအောင် ကျနော် နေပါတယ်။ သူတို့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပြီးနေပါတယ်။ ထောင်ထဲမှာ နောင်တတွေလည်း ရပါတယ်။ ကျနော် အကောင်းဆုံး ပေးဆပ်ခဲ့ပါတယ်”
“ကျနော်အခုထွက်လာချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကိုဗစ်ဖြစ်နေတော့ အကျဉ်းကနေ အကျယ်ဖြစ်သွားတာပေါ့။ ထောင်ထဲမှာ နေရတာထက်စာရင် အိမ်မှာ နေရတာ အများကြီးသာတာပေါ့။ ကျန်းမာရေးလည်း ဂရုစိုက်ကြပါ။ ကပ်ရောဂါဘေးကနေ အမြန်ဆုံး လွတ်ကြပါစေ။ ကျနော်လည်း မေတ္တာပို့ ဆုတောင်းပါတယ်။ အခု အပြင်ထွက်လို့ မရတဲ့အချိန်မှာ အားကစားပဲ လုပ်ရမှာပေါ့”လို့ ဆိုပါတယ်။
ထောင်အတွင်းက အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘုန်းလျှံက အခုလိုပဲ ပြောပါတယ်။
“ဒီချိန်မှာတော့ စားချင်တာတွေ စားနေတယ်။ သီချင်းတွေ နားထောင်၊ ဖုန်းတွေ ပြောပြီး ဖြတ်သန်းနေပါတယ်။ အပြင်မှာရောဂါတွေ ဖြစ်ပြီဆိုကတည်းက ထောင်ထဲမှာလည်း ဂရုစိုက်ပါတယ်။ ဂျင်းပြုတ်ရည် တိုက်တယ်။ ထောင်ထဲမှာ တခု ဆိုးတာ ၃ ပေ ကွာနေရမယ် ကြားပေမယ့် ထောင်ထဲမှာ ၃ ပေ နေလို့ မရဘူးလေ။ နီးနီးကပ်ကပ် နေနေရတယ်”
“တယောက် ကူးသွားရင် ထိန်းနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါတော့ စိုးရိမ်စရာပေါ့။ အဲ့မှာ ဆေးတွေ ဖျန်းတယ်။ လက်တွေ ဆေးတယ်။ အဲ့မှာကတော့ ရောဂါ မရှိပေမယ့် ဝန်ထမ်းတွေက အပြင်ထွက်ရတယ်။ သူတို့ ထွက်ရင်း ကူးလာပြီး ထောင်သားတွေ ကူးရင် စိတ်ပူစရာပါ”လို့ ဘုန်းလျှံက ပြောပါတယ်။
ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၂ နှစ်ကျခံခဲ့ရပြီး အပြစ်ဒဏ် ၇ နှစ် ကျခံပြီးနောက် ၂၀၂၀ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းလျှံဟာ ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
You may also like these stories:
ပရိသတ်တွေ လက်ဆေးကြဖို့ တိုက်တွန်းတဲ့ ကမ်ပိန်းလုပ်မယ့် အောင်ခိုင်တို့ အဖွဲ့
COVID-19 ကာကွယ်ဖို့ ဆောင်ရန်၊ ရှောင်ရန်တွေ ဝေမျှပေးခဲ့တဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ