လက်ရှိ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုများ ပြုလုပ်နေကြတဲ့ ပြည်သူ့ဝန်ထမ်းများကို လှုပ်ရှားမှုမှာ ပါဝင်လာဖို့အတွက် အနုပညာရှင်များဟာ သူတို့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆန္ဒ ဖော်ထုတ်ခြင်း၊ CDM မှာ ပါဝင်ရန် စည်းရုံးခြင်းနဲ့ လှူဒါန်းခြင်းများ ပြုလုပ်လျက် ရှိပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ အနုပညာရှင်များဟာ သူတို့ကိုယ်တိုင်လည်း စစ်အာဏာရှင်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းကိစ္စများမှာ အနုပညာ ပူးပေါင်းမှုများ လုပ်ကိုင်တော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ကြပါတယ်။
“Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ပေးနေကြတဲ့ ပြည်သူ့ဝန်ထမ်းများ အားလုံးကို တဦးတယောက်ချင်းစီ လေးစားဂုဏ်ယူ အသိမှတ်ပြုပါတယ်။ ဖွေး ကိုယ်တိုင်က ပြည်သူ့ဝန်ထမ်း မဟုတ်တဲ့အတွက် ပြည်သူ့ဝန်ထမ်းများ CDM ကို ပါဝင်လာအောင် စည်းရုံးခြင်းနဲ့ CDM လုပ်ပေးတဲ့ ဝန်ထမ်းများအတွက် တတ်အားသမျှ လှူတာမှတပါး ပိုမို ထိရောက်တဲ့အရာများကို မလုပ်နိုင်တာ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် သရုပ်ဆောင်ပြည်သူ တယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ ပါဝင်ပါမယ်” လို့ ဖွေးဖွေးက ဆိုပါတယ်။
ဆက်လက်ပြီး “ကျမ ဖွေးဖွေးသည် ဒီနေ့ ဒီအချိန် ဖေဖော်ဝါရီ ၂၀၂၁ မှ စ၍ စစ်အာဏာရှင်များနဲ့ ဆက်စပ်တဲ့ မည်သည့် စီးပွားရေးလုပ်ငန်းကိုမှ ကြော်ငြာပေးခြင်း ပြုလုပ်သွားမှာ မဟုတ်သလို စစ်အာဏာရှင်များနှင့် ဆက်စပ်သော ထုတ်လုပ်ရေးများနှင့်လည်း မည်သည့် အနုပညာလှုပ်ရှားမှုကိုမှ ပူးပေါင်း လုပ်ဆောင်တော့မည် မဟုတ်ပါကြောင်း” လို့ ဖွေးဖွေးက တရားဝင် ကြေညာထားပါတယ်။
သရုပ်ဆောင် အေးဝတ်ရည်သောင်းကလည်း “ကျမ အေးသောင်းသည် ဒီနေ့ဒီအချိန် ဖေဖော်ဝါရီ ၂၀၂၁ မှစ၍ စစ်အာဏာရှင်များနဲ့ ဆက်စပ်တဲ့ မည်သည့် စီးပွားရေးလုပ်ငန်းကိုမှ ကြော်ငြာပေးခြင်းပြုလုပ်သွားမှာ မဟုတ်သလို စစ်အာဏာရှင်များနဲ့ ဆက်စပ်သော ထုတ်လုပ်ရေးများနဲ့လည်း မည်သည့် အနုပညာလှုပ်ရှားမှုကိုမှ ပူးပေါင်းလုပ်ဆောင်တော့မည် မဟုတ်ပါကြောင်း”လို့ ဆိုထားပါတယ်။
ဒါ့အပြင် သရုပ်ဆောင် ပိုင်ဖြိုးသု၊ ခါရာ၊ အလင်းရောင်၊ အိန်ဂျယ်လမုန်၊ မြတ်နိုးအေး၊ Bella အစရှိသူတို့ကလည်း အာဏာရှင်စနစ်ကို ဆန့်ကျင် သပိတ်မှောက်ထားပါတယ်။
သရုပ်ဆောင် ခါရာဟာ စစ်တပ်ပိုင် လုပ်ငန်းတခုဖြစ်တဲ့ မြန်မာဘီယာနဲ့ သင်္ကြန်ဓာတ်ပုံ ရိုက်ကူးရေး စာချုပ်ကို ဖျက်သိမ်းခဲ့ပြီး အဆိုတော် ဖော်ကာကလည်း စစ်တပ်ပိုင် Andaman Gold ရဲ့ Brand KOL အဖြစ် ၁ နှစ် စာချုပ် ချုပ်မယ့်ကိစ္စကို ဖျက်သိမ်းခဲ့ပါတယ်။
You may also like these stories:
မြန်မာဆန်ဆန် အမြဲဝတ်ပြီး ဆန္ဒမပြနိုင်တာကို နားလည်ပေးဖို့ မြနှင်းရည်လွင် ဆို
“ဆန္ဒပြပွဲတွေမှာ ပညာတတ် လူငယ်တွေ ပါဝင်လာတဲ့အတွက် ဝန်းရံပေးရမယ်”
လက်နက်မဲ့ ပြည်သူတွေကို မပစ်ခတ်ဖို့ အနုပညာရှင်များ တောင်းဆို