လက်ရှိ မြန်မာနိုင်ငံ အခြေအနေနဲ့ မြန်မာ့မီဒီယာ အခန်းကဏ္ဍအကြောင်း ဆွေးနွေးပွဲ တရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင် တက္ကသိုလ် ထဲမှာ ကျင်းပသွားပါတယ်။
ဦးဆောင် ဆွေးနွေးသူတွေကတော့ Dr. Jennifer Leehey ၊ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်၊ ကရင် သတင်းစဉ် (KIC) က အယ်ဒီတာ နန်းဖော့ဂေ၊ ဖေ့စ်ဘုတ်သုံးစွဲမှု စောင့်ကြည့်သုတေသနပြုနေသူ မမွန်မွန်မြတ် တို့ ဖြစ်ပါတယ်။
ချင်းမိုင် တက္ကသိုလ်က Dr. Jennifer Leehey က Burma’s Media in the 1990’s and the Media’s Role in Burma’s Democratic Transition ခေါင်းစဉ်နဲ့ ၁၉၉၀ ကျော် ကာလများက မြန်မာ့ မီဒီယာဆိုင်ရာ သုတေသနပြုချက်နဲ့ မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ မီဒီယာရဲ့အခန်းကဏ္ဍတွေကို အကျယ်တဝံ့ ဆွေးနွေးသွားခဲ့ပါတယ်။
စာပေ စိစစ်ရေး ပေါ်ပေါက်ခဲ့ပုံ၊ ပြည်တွင်း သတင်းဂျာနယ်တွေက သတင်းမှန် ရေးသားဖို့ အခက်အခဲတွေ ရင်ဆိုင်ရလို့ ပေးလိုတဲ့ သတင်းစကားကို ဝှက်ပြီး သွယ်ဝိုက်သတင်းပို့တဲ့နည်းကို ပုံဖော်ကြည့်ခြင်းနဲ့ပတ်သက်လို့လည်း သူက ဆွေးနွေး သွားပါတယ်။
Media Reforms in Burma and the Capacity of Native Journalists in Burma ခေါင်းစဉ်နဲ့ ဆွေးနွေးတဲ့ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော် ကတော့ ရရှိတဲ့ သတင်း အချက်အလက် အပေါ် မူတည်ပြီး အချက် ၁၀ ချက် ပါတဲ့ ပုံနှိပ် ဥပဒေ ဆိုင် ရာကို မေးခွန်းထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တကယ်တမ်းသာ သွားနေတယ်ဆိုရင် မြန်မာ့စာနယ်ဇင်း လောကကို ချုပ်ချယ် ကန့်သတ်မှုတွေ လုပ်နေတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ ၂၀၁၅ ခုနှစ်ကျရင် မရှိသင့်တော့ပါဘူးလို့လည်း သူက ပြောသွားပါသေးတယ်။
အဲဒီ အပြင် ပြည်ပမှာ အခြေစိုက်တဲ့ မြန်မာသတင်းဌာနတွေအနေနဲ့ မတူတဲ့ နောက်ခံ သမိုင်းကြောင်းတွေနဲ့ ဖွဲ့စည်းထားကြတာနဲ့ လက်ရှိ ရပ်တည်လှုပ်ရှားပုံတွေကိုလည်း သူသွားခဲ့တဲ့ ပြည်တွင်း ခရီးစဉ်တွေနဲ့ နှိုင်းယှဉ်ပြပြီး ဆွေးနွေးပါတယ်။
“ကျနော်တို့ မီဒီယာတာဝန်တခုကို ထမ်းဆောင်တဲ့နေရာမှာ အခု အပြင်ကနေ အများကြီး လုပ်နိုင်ပါတယ်။ ပြည်တွင်းမှာ တော့ အများကြီး ကန့်သတ် ခံနေရဆဲပါ”လို့လည်း ကိုအောင်ဇော်က ပြောဆိုပါတယ်။
ကျယ်ပြန့်စွာ အသုံးပြုလာတဲ့ ဖေ့စ်ဘုတ်နဲ့ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေရှိပုံ၊ တချို့ အစိုးရ အရာရှိကြီးတွေက မလိုလား အပ်တဲ့ သဘောထား မှတ်ချက်တွေကို ဖေ့စ်ဘုတ်ပေါ်မှာ ပေးတာဟာ မသင့်တော်ကြောင်းလည်း သူက ထောက်ပြဝေဖန်ပါတယ်။
The Rise and Impact of Social Media in Burma ခေါင်းစဉ်နဲ့ ဆွေးနွေးသူကတော့ မမွန်မွန်မြတ်ပါ။ သူက မြန်မာနိုင်ငံမှာ လူမှုကွန်ရက် မီဒီယာ သုံးစွဲမှု မြင့်မားလာမှုနဲ့ အကျိုးသက်ရောက်မှုတွေအကြောင်း ဆွေးနွေးသွားပါတယ်။
ဖေ့စ်ဘုတ်မှာ ဆိုးကျိုး၊ ကောင်းကျိုးရှိတာကို သုတေသန ပြုချက်တွေအပေါ် အခြေခံရှင်းလင်း ပြောကြားသွားတာမှာ အလွန် စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ ဖေ့စ်ဘုတ်မှာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို တဖက်ကလည်း လွတ်လပ်စွာ အပုပ်ချ စော်ကား မှုတွေ ရှိနေတာကို သူက ထောက်ပြပါတယ်။
သူက ဖေ့စ်ဘုတ်ကြောင့် ဘယ်သူဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုတာ အချိန်နဲ့အမျှ အချက်အလက် သတင်းတွေကို သိခွင့်ရပြီး Citizen Journalist တွေ ပိုအားကောင်းလာတာ မှန်ပေမယ့် တဖက်မှာ စာနယ်ဇင်း ကျင့်ဝတ် မရှိတာနဲ့ ပြည်တွင်း မီဒီယာတွေ မှာ အရင်ကထက် ရေးသားဖော်ပြခွင့် ပိုရလာတာလည်း မမွန်မွန်မြတ်က ပြောဆိုပါသေးတယ်။
အင်တာနက်သုံးစွဲသူ ကိန်းဂဏန်းတွေ မြင့်တက်လာတာကိုထောက်ပြပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ပျံ့စွာမသုံးနိုင်ကြသေး ပေမယ့် ဖေ့စ်ဘုတ် အစရှိတဲ့ လူမှုကွန်ရက်တွေက တင်ပြတဲ့ သတင်း၊ ဓာတ်ပုံတွေကြောင့် အလျှင်အမြန်ပဲ တဆင့်စကား တဆင့် နားနဲ့ ပျံ့နှံ့လွယ်လာတာကိုလည်း သူက ပြောပါတယ်။
ပြည်တွင်း မီဒီယာ ဂျာနယ်စာစောင်တွေ ဖေ့စ်ဘုတ် စာမျက်နှာ သုံးစွဲပုံကိုလည်း Eleven Media က ဖေ့စ်ဘုတ် စာမျက်နှာကို ၂၀၁၀ မေလ ၆ ရက်က စတင်ပြီး Like လုပ်ထားမှုပေါင်း ၈၆၉၇၂ နဲ့ အကြောင်းအရာပေါင်း ၂၅၃၁၇ ခု ရှိကြောင်း၊ The Voice Weekly က Like က ၄၆၅၇၈၊ အကြောင်းအရာပေါင်း ၂၂၇၉၈ ခု၊ 7Day News Journal က Like ၄၄၉၈၈၊ အကြောင်းအရာ ၂၂၉၄၄ ခု၊ Yangon Press Intl (YPI) က Like ၁၃၁၇၅ နဲ့ အကြောင်းအရာ ၁၀၈၅ ခု၊ The Myanmar Times ကတော့ ဖေ့စ် ဘုတ် စာမျက်နှာကို ၂၀၁၀ ဇန်နဝါရီလ ၂၁ ရက်က စတင်ခဲ့ပြီး Like လုပ်ထားမှု ၁၂၅၈၂ ရှိပြီး အကြောင်းအရာ ၁၃၈၀ ခု ရှိကြောင်း သူက နှိုင်းယှဉ်ပြသွား ပါတယ်။
ပြည်တွင်း မီဒီယာတွေရဲ့ ရပ်တည်နေပုံကိုလည်း သူက“ပြည်တွင်း ဂျာနယ်တွေက များသော အားဖြင့် Market (ဈေးကွက်) ကို အမှီပြုရတာပေါ့။ အခုဟာက ဂျာနယ်တွေက အရမ်းများနေပြီဆိုတော့ ရပ်တည်ဖို့က ကိုယ့်ဂျာနယ် ဖတ်တဲ့ သူများလာအောင် လုပ်ဖို့ လိုတာကိုး။ လူဖတ်များတဲ့ သတင်းတွေ ဖော်ပြမှသာ သူတို့လည်း ရပ်တည်လို့ ရမှာလေ”လို့ မမွန်မွန်မြတ် က ဧရာဝတီကို ပြော ပါတယ်။
စတုတ္ထမြောက် ဆွေးနွေးသူ နန်းဖော့ဂေ ကလည်း Burma’s Ethnic Media ခေါင်းစဉ်နဲ့ ဆွေးနွေး ပါတယ်။ KIC အယ်ဒီတာ နန်းဖော့ဂေ က မြန်မာ စာနယ်ဇင်းလောကမှာ တိုင်းရင်းသား ဘာသာ စာပေနဲ့ တင်ပြတဲ့ သတင်း၊ ဂျာနယ်တွေ ထုတ်ဝေခွင့်နဲ့ပတ် သက်ပြီး ၂၀၀၈ ခုနှစ်အခြေခံ ဥပဒေမှာ မရှိသေးကြောင်း ထောက်ပြ သွားပါတယ်။
“အခု ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေဘာမှ မပါဘူး။ အဲဒီ အခွင့်အရေးတွေထဲမှာ ကျမတို့ တိုင်းရင်း သားတွေရဲ့ ယဉ်ကျေးမှု ဘာသာစကားတွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိတယ်၊ ထုတ်ဖော်ခွင့် ရှိတယ်၊ ဖြန့်ဝေပိုင်ခွင့် ရှိ တယ် ဆိုတာ မပါတဲ့ အခါကျတော့ ကျမတို့က တောင်းဆိုဖို့ ခက်နေတယ်။ ဖွဲ့စည်းပုံထဲမှာ ဒါတွေပါမှသာ ဖြည့်စွက်မယ်၊ ပြင်ဆင်မယ်ဆိုရင်တော့ ကျမတို့အတွက် အဆင့်ဆင့် သွားနိုင်ဖို့ လမ်းပွင့်မယ်”လို့ နန်းဖော့ဂေ က ဧရာဝတီကို ပြောပါတယ်။
နိုင်ငံတကာ မြန်မာ့သတင်း Burma News Internation(BNI) ကွန်ရက် အဖွဲ့ဝင်တွေရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် စောင့်ကြည့် သတင်း ပို့ချက်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ယုံကြည်မှု အပြည့်အ၀ မရတဲ့အတွက် မြန်မာဒုက္ခသည်များ နေရပ်ပြန်ရေး အဆင်သင့်မဖြစ်ပုံ၊ အစိုးရပိုင်းက ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစည်းအဝေး ဆွေးနွေးမှုမှတ်တမ်း လက်မှတ်ရေးထိုးတာကို ငြိမ်းချမ်းရေး လက်မှတ်ထိုး ဟန် အသုံးချတင်ပြမှုတွေ ရှိနေတာကိုလည်း သူက ထောက်ပြဆွေးနွေးသွားပါတယ်။ ကရင် သတင်းစဉ် (KIC)ဟာလည်း BNI အဖွဲ့ဝင် ဖြစ်ပါတယ်။