ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ၎င်းတို့ဖမ်းဆီးထားသော နန်းမိုဟွမ်ကို မကြာခင် ရက်ပိုင်းအတွင်း စီရင်ချက် ချတော့မည်ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော် က “ဟုတ်ကဲ့ ဒီဟာက တရားရေးဌာနက အလုပ်လုပ်နေတာပါ၊ သူတို့က ရုံးချိန်း ၂ ကြိမ် ရှိပြီး၊ မကြာခင် သူ့ကို စီရင်ချက် ချထားတော့မယ်၊ ဒီအပတ်အတွင်းလောက် ဖြစ်နိုင်တယ်၊ တော်လှန်ရေး ကာလမလို့ ရက်သတ်မှတ်ရ ခက်တာပေါ့” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်ကို ၎င်း၏ နေအိမ်မှာ ရှိနေ စဉ် TNLA မှ တပ်ဖွဲ့ဝင် တချို့က တာဝန်ဝတ္ထတရား နှောင့်ယှက်သည်ဟုဆိုကာ ယခုနှစ် သြဂုတ် ၁၇ ရက် တွင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး TNLA ဗဟိုတရားရုံးတွင် ပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့် အရေးယူကာ စစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မိမိတို့အနေဖြင့် ယခုကဲ့သို့ နန်းမိုဟွမ်အား မတရား ဖမ်းဆီးချုပ်နှောင်ထားသည့် လုပ်ရပ်အား လုံးဝ ကန့်ကွက်ကြောင်း၊ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆို ကြောင်း စက်တင်ဘာ ၂၇ ရက် နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် က “သာမန်ပြည်သူတယောက်ကို တရားလက်လွတ် ဖမ်းဆီး သွားတယ်ဆိုတဲ့ ကိစ္စပေါ့၊ ကျနော်တို့က ဒါမျိုး ဖမ်းဆီးတာကို စစ်တပ်က ဖမ်းမှ၊ ရဲက ဖမ်းမှတော့ မဟုတ်ဘူး၊ ဘယ်သူက ဘယ်လို လက်နက်ကိုင် အဖွဲ့အစည်းကဘဲ ဖြစ်ဖြစ် ဒါမျိုးဖမ်းတာကိုတော့ ကျနော်တို့ အနေနဲ့ လက်ခံလို့ မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍ “ဒါလူ့အခွင့်အရေး ချိုး ဖောက်မှု ဖြစ်တယ်၊ ဒါကြောင့် မလို့ ကျနော်တို့ အနေနဲ့ဒါကို လုံးဝ လက်မခံဘူး။ အမျိုးသား ပြန်လည် သင့်မြတ် ရေးကို ကြည့်မယ် ဆိုရင်လည်း ရှမ်းတိုင်းရင်းသားနဲ့ ပလောင် တိုင်းရင်းသားတွေ ကြားထဲမှာ ပဋိပက္ခ ဖြစ်စေနိုင်တဲ့ အနေ အထား မျိုးတွေ မြင်ရတာပေါ့။ ဒီတော့ နန်းမိုဟွမ်ကို အမြန်ဆုံး လွှတ်ပေးဖို့ TNLA ကို တောင်းဆိုတာပါ” ဟု ပြောသည်။
နန်းမိုဟွမ်ကို TNLA ဖမ်းဆီးထားရာ ၁ လကျော်လာသည့်တိုင် ကျန်းမာရေး အခြေအနေ အပါအဝင်၊ အသက် ရှင်/မရှင်၊ တရား စီရင်မှု မည်သို့ ဆောင်ရွက်နေသနည်း၊ မည်သည့် ဒေသမှာ ရောက်ရှိ နေသနည်း စသည့် အခြေအနေများကို မိသားစုဝင်များ ထံသို့လည်းကောင်း၊ အများပြည်သူထံသို့ လည်းကောင်း တစုံတရာ ထုတ် ပြန်ခြင်း မရှိသည့်အတွက် စိုးရိမ်နေကြသည်။
နန်းမိုဟွမ်၏ မိသားစုဝင် တဦး က “ဘာမှ မကြားဘူး၊ ကျမတို့ကတော့ ဘာမှ မကြားမိသေးဘူး၊ ကျမတို့လည်း ဒီတိုင်းဘဲ ကြည့်နေတာ ဒီတိုင်းဘဲ စောင့်နေတာပေါ့နော်၊ ကြာလည်း ကြာပြီဆိုတော့ အမြန်ဆုံး ပြန်လွတ်ပေးပါလို့ပဲ ပြောချင်တယ်၊ သူ့ ကျန်းမာရေး စိုးရိမ်ရတာပေါ့ ကြာလာတော့၊ စိတ်ပိုင်း ဆိုင်ရာ လည်း စိုးရိမ်ရတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် နန်းမိုဟွမ်းကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်တွင် နန်းမိုဟွမ်ကို TNLA က နှိပ်စက် ထားခြင်းကြောင့် တရုတ်နိုင်ငံက ဆေးရုံတခုတွင် ဆေးကုသမှု ခံနေရသည့် ဓာတ်ပုံများ ဖြန့်နေသလို ရှမ်းလူမျိုးများ အကြားမှာလည်း နန်းမိုဟွမ်ကို သတ်လိုက်ပြီးလားဆိုသော မေးခွန်းထုတ်မှုများ ရှိနေသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က “ကျန်းမာရေး ကတော့ ကောင်းပါတယ်၊ ဒါက လူမှုကွန်က်ပေါ်မှာ တင်တဲ့ကိစ္စ၊ အခြေအမြစ် မရှိတဲ့ ကိစ္စပဲဖြစ်ပါတယ်” ဟု ပြောသည်။
နန်းခမ်းမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်လာကောက်ပြီး တပ်ရင်းကို ပြန်သွားသော TNLA တပ်ဖွဲ့ဝင်များ လမ်းခရီးတွင် တပ်မတော် စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် သေဆုံးသည့် ဖြစ်ရပ်သည် နန်းမိုဟွမ်၏ သတင်းပေးမှုကြောင့်ဟု TNLA ကယူဆပြီး ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်ဟုဆိုသည်။
လူငယ်များကွန်ယက် (နမ့်ခမ်း) မှ ဆက်ဆံရေးတာဝန်ခံ စိုင်းသိန်းရွှေ ကတော့ နန်းမိုဟွမ်ကို TNLA က တရားစီရင်မည်ဆိုသည့် အပေါ် လက်မခံနိုင်ကြောင်း၊ ပြည်သူများကလည်း လုံးဝ လက်ခံလိမ့်မည် မဟုတ်ကြောင်း ပြောသည်။
စိုင်းသိန်းရွှေက “သူတို့ (TNLA) ဥပဒေနဲ့ တရား စီရင်မယ် ဆိုတာကို ပြည်သူတွေက လုံးဝ လက်မခံနိုင်ပါ။ တိုင်ရင်းသား ပြည်သူချင်းချင်း လေးစား စာနာမှုရှိရင် ခြွင်းချက်မရှိ အမြန် လွှတ်ပေးစေချင်ပါတယ်” ဟု ပြော သည်။
နန်းမိုဟွမ်ကို ဆွဲဆိုထားသော ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ သည် အစိုးရမှ တရားဝင် ပြဋ္ဌာန်းသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ ကို မှီငြမ်းထားကြောင်း ပြစ်မှု ကျူးလွန်ကြောင်း စီရင်ချက် ချမှတ်လိုက်ပါက ထိုပုဒ်မပါ ပြစ်မှု ပြစ်ဒဏ်များအတိုင်း ကျခံရမည်ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနကဆိုသည်။
နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းထားသော ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ တွင် ပြည်သူ့ ဝန်ထမ်း အဖြစ်ဖြင့် တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းဖြစ်သူကို မိမိအလိုအလျောက် အပြင်းအထန် နာကျင် စေလျှင်၊ သို့တည်းမဟုတ် ထိုသူကိုဖြစ်စေ၊ အခြား ပြည်သူ့ဝန်ထမ်းကို ဖြစ်စေ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ တားဆီးရန်၊ သို့တည်းမဟုတ် ဟန့်တားရန် အကြံဖြင့် မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေလျှင် သို့တည်းမဟုတ် ပြည်သူ့ဝန်ထမ်း အဖြစ်ဖြင့် မိမိ၏ တာဝန်ဝတ္တရားကို ဥပဒေနှင့် အညီ ဆောင်ရွက်နေစဉ် ထိုသူပြုပြီးသော သို့တည်းမဟုတ် ပြုရန် အားထုတ်ပြီးသော အကြောင်းကြောင့် ထိုသူ အား မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှုကို ပြုလျှင်၊ ထိုသို့ နာကျင်စေမှု ပြုသော သူကို ၁၀ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ဆိုထားသည်။
လက်ရှိတွင် နန်းမိုဟွမ်ကို လွတ်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန် ယူထားသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ မြန်မာပြည် မြောက်ပိုင်းရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့၊ လူငယ်များ ကွန်ယက် (နမ့်ခမ်း)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ အပါ အဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က တောင်းဆိုထားကြသည်။
ဆက်စပ်ဖတ်ရှုရန် – နန်းမိုဟွမ် လွတ်မြောက်ရေး ထောင်နှင့်ချီသော ဒေသခံများ လမ်းပေါ်ထွက် ဆန္ဒပြ
နန်းမိုဟွမ် လွှတ်ပေးရန် TNLA ကို အစိုးရ ကြေညာချက်ထုတ်၍ သတိပေး
နန်းမိုဟွမ် ကို လွှတ်ပေးရန် တိုင်းရင်းသား လက်နက်ကိုင်များ လိုလား