နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ချက်သမ္မတ နိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်ဖြင့် လာမည့် ဇွန်လ ဆန်းတွင် ချက်သမ္မတနိုင်ငံ ပရာဟာမြို့သို့ လာရောက်မည် ဖြစ်သည်။
နိုင်ငံတော် အတိုင်ပင်ခံ၏ ၄ ရက်တာ ခရီးစဉ်အတွင်း ချက်နိုင်ငံ သမ္မတ မစ္စတာ ဇီမန်း၊ ဝန်ကြီးချုပ် အွန်ဒရေ ဘာဘစ်ရှ်၊ နိုင်ငံခြားရေး ဝန်ကြီး တောမာ့ရှ် ပက်ထရစ်ရှက်ခ်၊ ပါလီမန် အမတ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။
ခရီးစဉ်အတွင်း ချက်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးတွင် ဇွန်လ ၄ ရက်နေ့တွင် ကျင်းပမည့် ချက်နှင့် မြန်မာ စီးပွားရေး ဖိုရမ်တွင် တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး အဆိုပါ ဖိုရမ်တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ချက် နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအပြင် ချက် အစိုးရ အရာရှိကြီးများလည်း တက်ရောက်ကြမည်ဖြစ်သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ချက်နိုင်ငံ ပရာမြို့တွင် ဖွင့်လှစ်မည့် မြန်မာသံရုံးဖွင့်ပွဲ ကိုလည်း တက်ရောက်မည်ဖြစ်သည်။
ယခင် ချက်ကိုစလိုဗက်ကီးယား နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး ကောင်းများ ရှိခဲ့ကြပြီး ၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် သံတမန် ဆက်ဆံရေး အားနည်းခဲ့သည်။
ယခု မြန်မာသံရုံး ဖွင့်လှစ်လိုက်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး စာမျက်နှာသစ် ပြန်လည် ဖွင့်လှစ်ခြင်းလည်း ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံတွင် ချက်သမ္မတနိုင်ငံ၏ သံရုံးကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိပြီး ၂ နိုင် သံတမန်ရေး၊ ကုန်သွယ်ရေး ကိစ္စများကို တိုးတက်မြင့်မားစေရန် လုပ်ဆောင်လျှက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံသို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလကလည်း ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗားကလပ်စ်ဟာဗဲလ် တည်ထောင်ထားခဲ့သည့် ဖိုရမ် ၂၀၀၀ ညီလာခံသို့လည်း တက်ရောက်ခဲ့သည်။
ချက်ကိုစလိုဗက်ကီးယားနိုင်ငံတွင် ကွန်မြူနစ် အစိုးရအား ကတ္တီပါ တော်လှန်ရေးနှင့် ဒီမိုကရေစီ အောင်ပွဲခံ ပြီးနောက် သမ္မတ ဖြစ်လာသူ ဗားကလပ်စ်ဟာဗဲလ်သည် နေအိမ် အကျယ်ချုပ် ကျခံနေရသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းသူ ဒေါ်အောင်ဆန်းစုကြည် အား ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ပေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် နိုဘဲလ် ငြိမ်းချမ်းရေး ဆုကို ချီးမြင့်ခံခဲ့ရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် တရုတ် ခရီးစဉ်တွင် မန္တလေး စီမံကိန်း ၂ ခု လက်မှတ် ထိုးရန် ရှိ
မြစ်ဆုံစီမံကိန်းသည် NLD အတွက် အကျပ်အတည်းကို သယ်ဆောင်လာသည်
တရုတ်စီမံကိန်းများနဲ့ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ခြေလှမ်း