ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကာဒီကျေးရွာ အနီးတွင် အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းက အရပ်သား ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သတင်း ရရှိသည်။
ပစ်ခတ်ခံရ၍ သေဆုံးသွားသူမှာ အပေါက်ဝကျေးရွာတွင် နေထိုင်သည့် အသက် ၄၀ အရွယ် ဦးစိုးနိုင် ဖြစ်ပြီး ၎င်းနေထိုင် ရာ ကျေးရွာမှ ကျောက်တော်မြို့ အဝေးပြေးကားဂိတ်သို့ အလုပ်လုပ်ရန် ဆိုင်ကယ်ဖြင့် သွားရောက်စဉ် တပ်မတော် ဘက်မှ ပစ်ခတ်ခြင်း ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
ကာဒီကျေးရွာမှ ဦးကျော်လှဖြူ က “ဖြစ်တာက ဒီနေ့ မနက် ၅ နာရီကျော်လောက်မှာ ဖြစ်တာ။ သူ (ကိုစိုးနိုင်) က ဆိုင်ကယ် နဲ့ ကျောက်တော်ဘက်မှာ အလုပ်လုပ်ဖို့ သွားတာလို့တော့ သိရတယ်။ ဘာကြောင့် ပစ်တယ်ဆိုတာတော့ ကျနော်တို့လည်း သေချာမသိဘူး။ အခုထိတော့ အလောင်းက အဲဒီအပစ်ခံရတဲ့ နေရာမှာပဲ ရှိနေသေးတယ်” ဟု ဧရာဝတီသို့ ပြောဆို သည်။
အဆိုပါ ပစ်ခတ်ခံရသည့် အရပ်သား အလောင်းမှာ လက်ရှိအချိန်အထိ ကာဒီကျေးရွာအနီးရှိ ကားလမ်းမဘေးတွင် ရှိနေ သေးပြီး ထိုနေရာတွင် တပ်မ ၂၂ ဘတ်တံဆိပ်ပါ တပ်မတော်သားများကို မြင်တွေ့ရကြောင်းလည်း ဒေသခံ ကျေးရွာသား များက ပြောကြသည်။
သေဆုံးသူ ဦးစိုးနိုင်၏ အမျိုးသမီး ဒေါ်ညိုညိုစော က “ကျမ အမျိုးသားက ကျောက်တော် လေးဝတီကားဂိတ်မှာ ကုန်တင်၊ ကုန်ချ လုပ်နေတာပါ။ ဒီနေ့ မနက် ၅ နာရီ ၁၀ မိနစ်လောက်မှာ အိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်သွားတယ်။ ၈ နာရီ လောက်မှာ ကျမ အမျိုးသား အပစ်ခတ်ခံရတယ်ဆိုတာ လူတွေပြောမှ ကြားတာပါ။ ဘယ်လို ပစ်တယ်ဆိုတာ မသိဘူး။ ကျမတို့ အလောင်းလည်း မမြင်ရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်အား အသေးစိတ်သိရှိနိုင်ရန် ဧရာဝတီမှာ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “အဲဒီ ဖြစ်တဲ့နေရာက ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ နယ်မြေတခု ဖြစ်တယ်။ အဲဒီထုတ်ပြန်ထားတဲ့ နယ်မြေမှာ ကျနော်တို့က လုံခြုံရေးအရ ဆောင်ရွက်နေ တာ ရှိတယ်။ အဲဒီနေရာမျိုးမှာ လိုအပ်လို့ စစ်ဆေးဖို့ ရပ်ခိုင်းတာကို မရပ်ဘဲ မောင်းပြေးတဲ့အတွက် ပစ်ခတ်လိုက်ရတယ်။ အဲဒီသဘောပဲ။ ကျနော်တို့က အမြဲတမ်း ပြောနေတာ ရှိတယ်။ လိုအပ်လို့ မသင်္ကာလို့ စစ်ဆေးဖို့ ရပ်ခိုင်းရင် ရပ်ပါ။ ဘာဖြစ်လို့ အခုလို မရပ်ဘဲ မောင်းပြေးတာလဲ ဆိုတာ ကျနော်လည်း နားမလည်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာလ ၁ ရက်ကလည်း ကျောက်တော်မြို့နယ် မီးဝ ကျေးရွာအတွင်း တပ်မတော်ရေမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲသည့်အတွက် ကျောင်းထိုင်ရာတော်ကြီး တပါး အပါအဝင် စုစုပေါင်း ၅ ဦးထိ ခိုက်ဒဏ်ရာ ရရှိခဲ့သည့် အတွက် ဆေးကုသမှုကို ခံယူနေရသည်။
လက်ရှိ ဖြစ်ပွားနေသော ရခိုင်စစ်ပွဲအတွင်း၌ တိုက်ပွဲနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန် ၍ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုတို့နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ စုံစမ်းရန် မကြာသေးမီ ရက်ပိုင်းက မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လွှတ်တော်တွင် အဆိုတရပ် တင်သွင်းခဲ့ သည်။
ရခိုင်စစ် အတွင်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်သေဆုံးသူ ၈၀ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ၁၂၀ ဦးထိ တိုးလာနေ ကြောင်းလည်း ဦးထွန်းသာစိန်က လွှတ်တော်တွင် တင်ပြ ဆွေးနွေးခဲ့သည်။