ဗစ်တိုးရီးယား အမှုနှင့် ဆက်နွယ်နေသည့် Wisdom Hill ကျောင်းမှ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သားများ၏ အမှန်တရားအတွက် တရားရုံးတွင် အကုန်ချပြမည်ဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ဒေါ်ဥမ္မာလှိုင်က “ကလေးသူငယ် ဥပဒေနဲ့ စွဲဆိုတာ ဖြစ်ပါတယ်။ သားတွေရဲ့ အမှန်တရား အတွက် တရားရုံးမှာ အကုန်ချပြမှာပါ။ တရားရုံးရဲ့ အဖြေကိုပဲ စောင့်ကြည့်ပါ။ အမှန်တရား ဖြစ်ရမှာပါ” ဟု ပြောသည်။
ယနေ့တွင် နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ် တရားရုံး၌ အောင်ကြီး၏ ရှေ့နေ ဒေါ်စုဒါလီအောင်ကို ကလေး သူငယ်ဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုကို ပထမဆုံးအကြိမ် စစ်ဆေးမှု အပြီး ဒေါ်ဥမ္မာလှိုင်က သတင်းထောက်များကို အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
နေပြည်တော် ဒက္ခိဏခရိုင် တရာရုံးတွင် ဗစ်တိုးရီးယား အမှု တရားခွင် စစ်ဆေးမှု အခြေအနေများကို ဒေါ်စုဒါလီ အောင်က သတင်းထောက်များအား ပြန်လည်ပြောကြားစဉ် ဗစ်တိုးရီးယား၏ ထွက်ဆိုချက်အတိုင်း ပြန်လည် ပြောပြသည့် အတွက် ယခုကဲ့သို့ ပြန်လည် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အတွက် ရှေ့နေ ဒေါ်စုဒါလီအောင်ကို ဒေါ် ဥမ္မာလှိုင်က ကလေးသူငယ် ဥပဒေများ ဆိုင်ရာ ၁၀၁ (က) (၂) ပုဒ်မ၊ နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ် ပေးရေး (နိုင်လွတ်လုံ) ပုဒ်မ ၁၀၃(က)(၅) ပုဒ်မ ၂ ခုဖြင့် ပုဗ္ဗသီရိ မြို့နယ် ပတ္တာ ရဲစခန်းတွင် သြဂုတ် ၃၁ ရက် က အမှု ဖွင့်လှစ်ခဲ့ရာ (နိုင်လွတ်လုံ) ပုဒ်မသည် အမှုစွဲတင်ရန် မမြောက်သည့်အတွက် ပယ်ချလိုက်ကြောင်း ပတ္တာနယ်မြေ ရဲစခန်းက သိရသည်။
ယခု အမှုသည် ဗစ်တိုးရီးယား အမှုမှ ဆက်နွယ်ပြီး ဖြစ်ပေါ်လာသဖြင့် ဗစ်တိုးရီးယား အမှုကို စစ်ဆေးရာတွင် အားလျော့သွားမည် မဟုတ်ဘဲ တရားဥပဒေ လမ်းကြောင်း အတိုင်း ဆက်လက် စစ်ဆေး သွားမည် ဖြစ်ကြောင်း စွပ်စွဲခံရသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ဆိုသည်။
“ဒေါ်စုဒါလီအောင်သည် ရှေ့နေ အလုပ်ကို လုပ်ခြင်းဖြစ်တယ်။ သူ့ တရားခံ အောင်ကြီး အတွက် ကာကွယ်တယ်။ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားတယ်။ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ အတွက် ပြဿနာ တက်တယ်လို့ ကျနော် ယူဆတယ်” ဟု ယခုအမှုတွင် ဒေါ်စုဒါလီအောင်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုသည်။
ထိုသို့ရှေ့နေများကို တရားပြန်လည် စွဲဆိုခြင်း ခံရသည်မှာ ဖြောင့်မတ်သည့် တရားစီရင်ရေးကို ခြိမ်းခြောက်သည့် လုပ်ရပ်တခုဟု ထင် ကြောင်း၊ အမှုဖွင့်သည့် တရားလိုဘက်မှ ဒေါ်စုဒါလီအောင်အား နိုင်လွတ်လုံ အမှု အပါအဝင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သဖြင့် ယင်းပုဒ်မဖြင့် ဒေါ်ဥမ္မာလှိုင်ကို အမှုပြန်လည် ဖွင့်မည်ဟုလည်း ဒေါ်စုဒါလီအောင်၏ ရှေ့နေတဦး ဖြစ်သူ ဦးသိန်းသန်းဦးကလည်း ပြောသည်။
ဒေါ်ဥမ္မာလှိုင်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော် ရှေ့နေ ဦးအောင်ရဲစိုးက ယင်းအမှုကို လိုက်ပါဆောင်ရွက်ရခြင်းမှာ နိုင်ငံသားတယောက် ရသင့်ရထိုက်သည့် အခွင့်အရေးကို ရရှိရန် ဥပဒေက ပေးသည့် အခွင့်အရေးကို တောင်းဆိုသည့် အခါတွင် ဖြစ်စေ၊ နိုင်ငံသားတယောက်က ဥပဒေအရ ပြစ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် အခါတွင် ဥပဒေနှင့် အညီ ခုခံသည် ဖြစ်စေ အခွင့်အရေးကို ကာကွယ်ဆောင်ရွက်ပေးရန် ရှေ့နေများ၏ တာဝန်ဖြစ်ကြောင်း သတင်းထောက်များကို ပြောသည်။
ဒေါ်ဥမ္မာလှိုင်၏ ရှေ့နေ ဦးအောင်ရဲစိုး “ တရားရုံးမှာ တရားစွဲတင်နိုင်ဖို့ အတွက် သက်ဆိုင်ရာ အဆင့်ဆင့်ကို ဖြတ်သန်းခဲ့ပြီးပါပြီ။ တရား စွဲတင်နိုင်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိလို့ တရားရုံးက တရားစွဲတာပါ” ဟု တရားခွင်အပြီး သတင်းထောက်များကို ပြော သည်။
ဒုတိယအကြိမ် ရုံးချိန်းကို ယခုလ ၂၁ ရက်နေ့တွင် ပုဗ္ပသီရီ မြို့နယ် တရားရုံးတွင် စစ်ဆေးမည်ဖြစ်ပြီး တလ လျှင် ရုံးချိန်း ၂ ချိန်း နှုန်းဖြင့် ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်မည် ဖြစ်ကြောင်း၊ နောက်ရုံးချိန်းတွင် တရားလိုဖြစ်သူ ဒေါ်ဥမ္မာလှိုင်ကို စတင်စစ်ဆေးသွား မည် ဖြစ်ကြောင်း တရားရုံးမှ သိရသည်။
ဗစ်တိုးရီးယား အမှုတွင် တရားခံဟု စွပ်စွဲခံထားရသည့် အောင်ကြီး ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေများမှာ အခကြေး ငွေ မယူဘဲ အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးခဲ့သဖြင့် ယခုကဲ့သို့ ရှေ့နေများကို တရားပြန်လည် စွဲဆိုခံရသည့် အပေါ်ကို စိတ်မကောင်း ဖြစ်မိကြောင်း၊ အောင်ကြီးအတွက်လည်း လာမည့် ရုံးချိန်းတွင် အာမခံ ရရှိရန် အတွက် မျှော်လင့်ထားကြောင်း အောင်ကြီး၏ ဖခင်ဖြစ်သူ ဦးမြသိန်းက ဧရာဝတီသို့ ပြောသည်။
ဒေါ်ဥမ္မာလှိုင်သည် ဗစ်တိုရီးယား၏ ဖခင်အပါအဝင် ဖခင်၏အစ်ကိုနှင့် အစ်မ၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ ကိုအောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်၊ ယခုအမှုကို လိုက်ပါ ကူညီနေသူ သက္ကမိုးညို (ဒေါက်တာ ဝင်းကိုကိုသိန်း) တို့ကိုလည်း နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ် ပတ္တာ နယ်မြေရဲစခန်း တွင် စက်တင်ဘာ ၂၆ ရက်နေ့က အမှုဖွင့်ထားကြောင်း ပတ္တာရဲစခန်းမှ သိရသည်။
You may also like these stories:
ဗစ်တိုရီးယား၏ ဖခင်အပါအဝင် ၆ ဦး အမှုဖွင့်ခံရ
သက်ငယ်မုဒိမ်းမှုများကို ဓလေ့ထုံးတမ်းများဖြင့် မကျေအေးသင့်ပါ
ကိုအောင်ကြီး၏ ရှေ့နေကို Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူးက တရားစွဲမည်
ဗစ်တိုးရီးယားအတွက် အမှန်တရားရရှိရေး နောက်ဆုတ်မည်မဟုတ်ဟု ဖခင်ပြော