သတင်း

တောင်ကိုရီးယား ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲက မွန်း၏ပါတီကို ရွေးကောက်ပွဲ အနိုင်ရစေခဲ့

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း၏ အာဏာရပါတီသည် ပါလီမန်ရွေးကောက်ပွဲများတွင် ပြတ်ပြတ်သားသား အနိုင်ရစေကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ရလဒ်များက ပြသနေပြီး ထိုသို့ အပြတ်အသတ်အနိုင်ရခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကို ထိန်းချုပ်ရန် နိုင်ငံ၏ အားထုတ်မှုကြောင့်ဖြစ်ကြောင်း သိရသည်။

ထိုရွေးကောက်ပွဲသည် ကမ္ဘာတဝန်း ကူးစက်ရောဂါကပ်ထဲတွင် ပထမဆုံးကျင်းပသော ရွေးကောက်ပွဲ ဖြစ်သောကြောင့် ကမ္ဘာက စောင့်ကြည့်နေကြသည်။

အာဏာပိုင်များသည် တင်းကျပ်သော လုံခြုံရေး အစီအမံများ ချမှတ်ခြင်း၊ မဲရုံ ၁၄၀၀၀ ကို ပိုးသတ်ခြင်းနှင့် မဲပေးသူများအား နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်စစ်ဆေးခြင်း၊ လက်သန့်စင်ဆေးများနှင့် ပလပ်စတစ်လက်အိတ်များ အသုံးပြုခြင်းနှင့် တဦးနှင့်တဦး လုံခြုံစိတ်ချရသောအကွာအဝေးတွင် နေစေခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ကြိုတင်မဲပေးပွဲများတွင် ပါဝင်သူများသောကြောင့် လာရောက်မဲပေးသူ အရေအတွက်မှာ ၆၂.၂ ရာခိုင်နှုန်းရှိပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်း ကျင်းပသည့် ရွေးကောက်ပွဲများတွင် မဲပေးသူ အများဆုံးဖြစ်ခဲ့သည်ဟု အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်၏ အဆိုအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈၀၀ ခန့်ကိုလည်း မေးလ်မှဖြစ်စေ အထူးမဲရုံများ အသုံးပြုပြီး လူကိုယ်တိုင်ဖြစ်စေ မဲပေးခွင့်ပြုခဲ့ပြီး မိမိဘာသာ ခွဲခြားနေထိုင်သူ ၁၃၀၀၀ ကိုလည်း မဲရုံများပိတ်ပြီးနောက်မှ သီးခြားမဲပေးစေခဲ့သည်။

မဲရေတွက်နေချိန်/Reuters

မွန်းနှင့်သူ၏ ဒီမိုကရက်တစ်ပါတီ အပေါ် ထောက်ခံမှုနှုန်းသည် တရုတ်နိုင်ငံပြင်ပ အဓိကရောဂါကူးစက်မှု တောင်ကိုရီးယားနိုင်ငံတွင်ဖြစ်လာသည့် ဖေဖေါ်ဝါရီလတွင် အပြင်းအထန်ကျဆင်းခဲ့သည်။ ထိုစဉ်က တောင်ကိုရီးယားနိုင်ငံသည် တုံ့ဆိုင်းနေသော စီးပွားရေးနှင့် ပြည်တွင်းနိုင်ငံရေး အရှုပ်တော်ပုံများကြောင့် အခြေအနေ ယိမ်းယိုင်နေခဲ့သည်။

သို့သော် ထိုနောက်ပိုင်းမှ စတင်ပြီး အစိုးရ၏ အကြီးအကျယ်အေင်မြင်သော ဗိုင်းရပ်စ်တိုက်ဖျက်ရေး လှုပ်ရှားမှုများကြောင့် မွန်းနှင့် သူ၏ တိုးတက်သောပါတီအတွက် ရွေးကောက်ပွဲတွင် အထောက်အကူဖြစ်စေခဲ့သည်။

အာဏာရပါတီသည် လွှတ်တော်တရပ်တည်းရှိသော ကိုယ်စားလှယ်နေရာ ၃၀၀ ရှိ ပါလီမန်တွင် နေရာ ၁၈၀ ရရှိပြီး လက်ရှိကိုယ်စားလှယ်နေရာ ၁၂၀ မှ တက်လာသည်။ အဓိက အတိုက်အခံ ညွန့်ပေါင်းအဖွဲ့သည် ၁၀၃ နေရာ ရရှိကြောင်း အမျိုးသားရွေးကောက်ပွဲကော်မရှင်၏ အဆိုအရ သိရသည်။

“ပြည်သူတွေက ကျနော်တို့ကို ပေးအပ်တဲ့ တင်းကျပ်တဲ့ လုပ်ပိုင်ခွင်နဲ့အညီ ကိုရိုနာဗိုင်းရပ်စ်နဲ့ စီးပွားရေး ကျဆင်းမှုကြောင့် ဖြစ်လာတဲ့ အမျိုးသား အကျပ်အတည်းကို ကျော်လွှားဖို့ ကျနော်တို့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အာဏာရပါတီ၏ မဲဆွယ်ပွဲကို ဦးဆောင်သူ ဝန်ကြီးချုပ်ဟောင်း လီနက်ယွန်က ရုပ်မြင်သံကြားမှပြောကြားသောမိန့်ခွန်းတွင်ပြောသည်။

ပါလီမန်တွင် အာဏာရပါတီက အများစု ရရှိထားသောကြောင့် မွန်းသည် သူ၏ရာထူးသက်တမ်း နောက်ဆုံးနှစ်နှစ်အတွင်း အလုပ်အကိုင်ဖန်တီးရေးအတွက် ပိုမိုဖြည်လျှော့သော ဘဏ္ဍာရေး မူဝါဒများ၊ ပိုမိုမြင့်မားသည့် အနိမ့်ဆုံးလုပ်ခလစာနှင့် မြောက်ကိုရီးယားနှင့် ထိတွေ့ဆက်ဆံရေးအပါအဝင် သူ၏ အစီအစဉ်များကို ရှေ့ဆက်လုပ်နိုင်မည်ဖြစ်သည်။

ဒီမိုကရက်တစ်ပါတီသည် ဆိုးလ်မြို့တော်နှင့်အနီးဝန်းကျင်ရှိ မဲဆန္ဒရှင်များထံမှ တွန်းအားရရှိပြီး ရွေးကောက်ခံနေရာများ၏ ၈၀ ရာခိုင်နှုန်းကို အနိုင်ရသည်။

တင်းကျပ်သော စည်းမျဉ်းများအောက်မှာ မဲထည့်ခဲ့ကြသည်/Reuters

သို့သော် အတိုက်အခံ ညီညွတ်သော အနာဂတ်ပါတီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိအနာဆုံးဖြစ်သည့် ဒေးဂူနှင့် မြောက်ဂျောင်ဆန် ခရိုင်များတွင် သိမ်းကြုံးအနိုင်ရသည်။

ထိုဒေသသည် ရှေးရိုးစဉ်လာဝါဒီတို့၏ အခိုင်အမာဒေသဖြစ်ပြီး မဲဆန္ဒရှင်များ၏ အစိုးရကို ဆန့်ကျင်သော စိတ်ဓါတ်များက ထိုဒေသတွင် ပိတ်ဆို့မှု လုပ်ရန် လိုမလို အငြင်းပွားမှုများအပါအဝင် ရောဂါဖြစ်ပွားမှု ကနဦး မြင့်တက်လာခြင်းကို ဖြစ်စေကြောင်း ကျွမ်းကျင်သူများကပြောသည်။

တောင်ကိုရီးယားနိုင်ငံသည် ကျယ်ပြန့်သော စမ်းသပ်စစ်ဆေးမှုများနှင့် ထိတွေ့ဆက်ဆံမှုများကို အပြင်းအထန် ခြေရာခံလိုက်ခြင်းဖြင့် အကြီးအကျယ် ထိခိုက်မှုမရှိဘဲ ရောဂါကူးစက်မှုကို အဓိက ထိန်းချုပ်နိုင်ခဲ့သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်အခြားနိုင်ငံများ၏ ချီးကျူးဂုဏ်ပြုခံရသည်။

ကြာသပတေးနေ့တွင် ရောဂါဖြစ်ပွားမှုသစ် ၂၂ ခုရှိသောကြောင့် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁၀၆၁၃ ဦးရှိပြီဖြစ်ကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးဌာန၏ အဆိုအရ သိရသည်။

သမ္မတ မွန်းဂျေအင်း မဲလာထည့်စဉ်/Reuters

လွန်ခဲ့သောအပတ်အတွင် ရောဂါကူးစက်မှုသစ် ရှာဖွေတွေ့ရှိမှု ၃၀ ပတ်ဝန်းကျင်ရှိနေပြီး အများစုမှာ ပြည်ပမှ ပြန်လာသူများဖြစ်သည်။

“အခြေအနေက ပြင်းထန်နေဆဲဖြစ်ပေမယ့် အစိုးရရဲ့ ရွှေးကောက်ပွဲအတွက် ပြင်ဆင်မှုအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်မှုက ရွေးကောက်ပွဲမှာ အထောက်အကူဖြစ်စေတယ်လို့ထင်တယ်” ဟု အသက် ၂၈ နှစ်အရွယ် မဲဆန္ဒရှင် တဦးဖြစ်သူ ဟန် ဂါဟေးပြောသည်။

ကိုးကား။ ။ Reuters

You may also like these stories:

ကိုဗစ်-၁၉ က ကမ္ဘာ့ခေါင်းဆောင်များကို စမ်းသပ်နေ

WHO အထောက်အပံ့ ရပ်ဆိုင်းခြင်း ထရမ့် အမြင်ကျဉ်းမြောင်းမှုဟု ကျွမ်းကျင်သူများပြော

ထိုင်ဝမ်၏ ကိုဗစ်-၁၉ တုန့်ပြန်မှု ကမ္ဘာ့အကောင်းဆုံးများတွင် ပါဝင်

Loading