COVID-19 ရောဂါပိုးရှိသူများ အများဆုံးတွေ့ရသည့် ရန်ကုန်မြို့ရှိ ၇ မြို့နယ်ကို Stay Home ကာလကို ထပ်မံ တိုးမြှင့် လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် တောင်ဥက္ကလာပ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာ နှင့် လှိုင်သာယာမြို့နယ်များရှိ ပြည်သူများအား နေအိမ်တွင် နေထိုင်ရေး အစီ အစဉ် (Stay at Home) အစီအစဉ် ဆက်လက်ထားရှိမည်ဖြစ်သည်။
ထိုမြို့နယ်များရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သူများအပ ကျန် ပြည်သူများသည် နေအိမ်၌သာ နေထိုင်ရမည်ဖြစ်ပြီး ဈေးဝယ်ခြင်း နှင့် ကျန်းမာရေးကိစ္စများအတွက် အနည်းဆုံး လူ ၁ ဦးမှ အများဆုံး ၂ဦးမှ ၃ ဦးအထိသာ အပြင်ထွက်ရန်၊ ပြင်ပသို့ သွားပါက ပါးစပ်/နှာခေါင်းစည်း(Mask) တပ်ရ မည်ဖြစ် ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ အမိန့်သည် ဧပြီလ ၁၈ ရက်နေ့ ညနေ ၆ နာရီမှ စတင်မည်ဖြစ်ပြီး ပြီးဆုံးမည့် အချိန်ကာလကိုမူ ကြေညာ ထားခြင်းမရှိပေ။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့(ISP-Myanmar) ၏ ပြင်ပ ဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူ ငြိမ်းက “ကျနော်တို့ ရန်ကုန်မှာက အားနည်းချက်ရှိတယ်ဗျ မနက်မိုးလင်းရင် မြို့ထဲကို အကုန်အလုပ်သွားရတာ ညနေ ဆိုရင် အိမ်အသီးသီး ပြန်ကြတာပေါ့။ အဲ့ဒီတော့ အခု တားမြစ်ထားတဲ့ မြို့နယ်တွေကို ဖြတ်သွားမှာလည်းရှိတယ် အဲ့ဒါမျိုး တွေကိုရော ဘယ်လိုစဉ်းစားလဲပေါ့။ နောက်လူဦးရေ သိပ်များတဲ့ လှိုင်သာယာလို နေရာများကိုရော ဘယ်လိုထိန်းချုပ်မလဲ ဆိုတာကလည်း ပြဿနာရှိနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုရက်ပိုင်း ရန်ကုန်မြို့ရှိ တချို့အလုပ်များ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပြီး တဖက်၌ ယခုကဲ့သို့ အပြင် ထွက်ခွင့်များ ကန့် သတ်ခြင်းများကြောင့် အကျိုးဆက်များကို ပြောရန်ခက်ခဲကြောင်း၊ နေ့စဉ် ဝင်ငွေဖြင့် ရပ်တည်နေရသော အခြေခံလူတန်း စားများအတွက်လည်း တအိအိကျဆင်းလာသော စီးပွားရေးရိုက်ခတ်မှုဒဏ်သည် ပိုမိုကြီးမာလာနိုင်ကြောင်း ၎င်းက ဆို သည်။
ဦးအောင်သူငြိမ်းက ဆက်လက်၍ “ အခုက သင်္ကြန် ၁၀ ရက်တော့ ပိတ်ထားပြီးပြီ။ ကျနော်တို့ တချို့အိမ်နီးချင်းနိုင်ငံတွေ ကြည့်လိုက်ရင် ဧပြီလကုန်အထိက ပိတ်ထားကြတာ အစိုးရက အဲ့ဒါမျိုးလောက် အထိကို မလုပ်ချင်ဘူး၊ လုပ်မယ်ဆိုရင် လည်း ထောက်ပံ့ပေးရမယ့် ကိစ္စတွေကို အစိုးရက မစဉ်းစားချင်တာလားပေါ့” ဟု ပြောဆိုသည်။
ရန်ကုန်တိုင်းအစိုးရ၏ ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက် ဝယ်ယူခြင်း ကိစ္စရပ်များမှ လွဲ၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမပြုဘဲ မိမိနေအိမ်၌ နေထိုင်ခြင်း (Stay at Home) အစီအစဉ်သည် ဧပြီလ ၁၉ ရက်နေ့တွင် ပြီးဆုံးပြီ ဖြစ်သော်လည်း ယခုမြို့နယ် ၇ ခုတွင် ယင်းအစီအစဉ်သည် ဆက်လက်အသက်ဝင်နေမည်ဖြစ်သည်။
စိမ်းလန်းအမိမြေ (ALARM) ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူ က “ကျန်းမာရေးက ထုတ်တဲ့ ပိုးတွေ့တဲ့ လူနာတချို့ ဆိုရင် ဘယ်ကကူးမှန်း မသိသေးတာတွေလည်း ပါလာပြီဆိုတော့ မြို့ကြီးဖြစ်တဲ့ ရန်ကုန်မြို့က အန္တရယ်သိပ်များသွားပြီ အထူးသဖြင့် လှိုင်သာယာလို နေရာမျိုးပေါ့။ အမှန် Fully Lockdown အဆင့်ကို လုပ်သင့်တယ်။အခုက Semi Lockdown က ဘယ်သူလုပ်မှာလဲ ရပ်ကွက်ကသွားတားယုံလောက်နဲ့ အဲ့ဒီက လူအုပ်စုတွေကို ဘယ်လိုသွားတားမှာလဲ” ဟု ပြော သည်။
လက်ရှိအခြေအနေအရ အစိုးရအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းဖြင့် Semi Lockdown ကို ပထမအဆင့် လုပ်ဆောင်ကြည့် ပြီး ရောဂါကူးစက်မှု ထပ်မံမြင့်တက်လာပါက Lockdown အဆင့်အထိ လုပ်ဆောင်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
ဦးဝင်းမျိုးသူက “အခုက အလုပ်တွေ သွားတာလာတာတွေ ခွင့်ပြုမယ်လည်း ပြောတယ်။ သူတို့ အရှေ့ရက်မှာ လူ ၅ဦး ထက် ပိုမစုရ ဆိုပြီးလည်း ထုတ်ပြန်ထားတာတွေ ရှိတော့ အစိုးရရဲ့ ထုတ်ပြန်ချက်တွေက အကုန်လုံးရောပြီး မရှင်းမလင်း တွေ အများကြီးဖြစ်နေတယ် ” ဟု ထောက်ပြသည်။
ယခု ကန့်သတ် ၇ မြို့နယ်ရှိ အများပြည်သူများမှာ သတ်မှတ်ထားသော ကိစ္စရပ်များ၌ သတ်မှတ်ဦးရေထက် ပိုမိုလျှင် ဖြစ်စေ၊ အခြားအရေးပေါ် ကိစ္စရပ်များ သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၏ ခွင့်ပြု ချက်ဖြင့် သွားလာနိုင်မည်ဖြစ်ပြီး၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာ ဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှ အပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှ လည်းကောင်း ဝင်/ထွက် ခွင့် မပြုမည် မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
တောင်ဥက္ကလာမြို့နယ်နေ ကုမ္ပဏီဝန်ထမ်းဖြစ်သော ဦးမင်းသူက “ ပြည်သူတွေ အိမ်မှာနေလို့လည်း ပြောတယ်၊ အလုပ်ရှိ တဲ့ အလုပ်သမားတွေက အလုပ်ဆင်းလို့ ရတယ်ဆိုတော့ ရန်ကုန်က အိမ်ထောင်စုတစုမှာ ၅ ယောက်ရှိတယ်ပဲ အနည်း ဆုံး ၂ ယောက် ၃ ယောက်လောက်က အပြင်ထွက်အလုပ်လုပ်ရတာလေ အဲ့ဒီတော့ အပြင်ထွက် တခြားမြို့နယ်ပေါင်းက လာတဲ့ သူတွေနဲ့ အလုပ်တူတူလုပ် ပြီးရင် အိမ်ပြန်တော့ဆိုတော့ ကျနော်တို့လို အပြင်မှာ အလုပ်လုပ်တဲ့သူတွေမှာ ပါလာ ခဲ့ရင် အိမ်က လူတွေ Stay Home နေရတာ အလကားပဲလေ ” ဟု ပြောဆိုသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအစိုးရက COVID-19 ရောဂါကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေး ရန်ကုန်မြို့တွင် ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
COVID – 19 ကာလ အမိန့် မနာခံသည့် ဝန်ထမ်းများကို အရေးယူဖို့ အစိုးရ ပြင်ဆင်
မမြင်ရတဲ့ ရန်သူကို နွမ်းပါးတဲ့ မြန်မာပြည် ရင်ဆိုင်နေရပြီ