မန္တလေးတွင် နေအိမ်၌ လူစုလူဝေးဖြင့် ဝတ်ပြုခဲ့သူ အစ္စလာမ်ဘာသာဝင် ၁၄ ဦး အနက် အသက်မပြည့်သေးသူ ၂ ဦး အား လာမည့် မေ ၁၉ ရက်တွင် ကလေးသူငယ် တရားရုံး၌ အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။
ဝတ်ပြုဆုတောင်း သူများတွင် ပါဝင်ခဲ့သော အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦးအတွက် ကူညီဆောင်ရွက်ပေးနေ သူ မန္တလေးမြို့ခံ ဦးမောင်မောင်လတ်က “ကလေးနှစ်ယောက်ကို မိဘအုပ်ထိန်း သူ ခံဝန်နဲ့ ပြန်လွှတ်မယ့် အခြေအနေ ရှိတော့ အမှုပြီးပြတ်မယ်လို့ ယူဆပါတယ်။ ဒီ ဥပဒေကလည်း အာမခံ မရတော့ လောလောဆယ်တော့ ကလေး နှစ်ယောက်ကို လူငယ် သင်တန်းကျောင်းမှာ ကောင်းကောင်း မွန်မွန် ထားတယ်လို့ သိရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဧပြီလ ၁၀ ရက်က မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ရှိ ဗ-၅ အကွက်၏ နေအိမ် ၁ အိမ်၌ လူစုလူဝေးဖြင့် အစ္စလာမ်ဘာသာရေး ဆိုင်ရာ ဝတ်ပြုဆုတောင်းနေသည်ကို သက်ဆိုင်ရာ ရပ်ကွက် တာဝန်ရှိသူများ က စစ်ဆေး တွေ့ရှိသဖြင့် အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားလို ပြု၍ အောင်ပင်လယ် မြို့နယ် ရဲစခန်းတွင် တိုင်တန်းခဲ့သည့် အမှုတခု ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ မေလ ၇ ရက်က ချမ်းမြသာစည်မြို့နယ် တရားရုံးက ဝတ်ပြုဆုတောင်းခဲ့သူ ၁၄ ဦး အ နက် ၁၂ ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ်သုံးလစီ ပြစ်ဒဏ် ချ မှတ် လိုက်သည်။
ကျန်၂ ဦးသည် အသက် ၁၈ နှစ်အောက် အသက်မပြည့်သေးသူများ ဖြစ်သည့်အတွက် ခံဝန်နှင့် လွှတ်ရန် ဆောင်ရွက် လျက် ရှိသည်ဟု ဗ-၅ အကွက်၏ အကွက်မှူး ဦးသန်းထွန်းက ဧရာဝတီကို ပြောသည်။

ဦးသန်းထွန်းက “ကလေး နှစ်ယောက်ထဲက တယောက်ဆိုရင် အဲဒီအိမ်ကို ဝတ်ပြုဖို့သွားမယ့် သူ့အဖိုးကို လိုက်ပို့ပေး ရင်းနဲ့ အဖိုးက တခါတည်း ဝတ်ပြုသွားပါဆိုလို့ ဝတ်ပြုရင်း ဒီလိုဖြစ်သွားတာ။ ဒါကြောင့် ကလေးတွေလည်း ဖြစ်တော့ ခံဝန်နဲ့ ပြန်လွှတ်လို့ရအောင် မနေ့ကတော့ အကွက်မှူး တယောက်အနေနဲ့ လက်မှတ် ထိုးပေးထားပါတယ်” ဟု ရှင်းပြ သည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် လူစုလူဝေးဖြင့် ကျင်းပသော ဘာသာရေး ကိစ္စများ အပါအဝင် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ကြရန် နိုင်ငံတော် သမ္မတရုံးက မတ်လ ၁၃ ရက် အသိပေးစာ ထုတ်ပြန် ထားသည်။
အလားတူ မန္တလေးတိုင်း အစိုးရအနေဖြင့်လည်း ကိုဗစ် ၁၉ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် မိမိနေအိမ် တွင်သာ နေထိုင်ခြင်း၊ တဦးနှင့်တဦး ထိတွေ့မှု မရှိစေရန် Physical Distancing ပြုလုပ်ရန်လိုအပ်ကြောင်း ဧပြီ ၄ ရက် က ထုတ်ပြန်သော တားမြစ်မိန့်တွင် ထည့်သွင်း ထားသည်။
ပြီးခဲ့သော ဧပြီလအတွင်း မန္တလေးတိုင်း၌ ကိုဗစ်ကာလတွင် ထုတ်ပြန်ထားသော ဒေသန္တရဆိုင်ရာ တားမြစ်မိန့်များနှင့် ထုတ်ပြန်ချက်အား မလိုက်နာသဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ကူးစက်ရောဂါ ဥပဒေတို့ဖြင့် အရေးယူခဲ့သည့် အမှုပေါင်း ၈၃ မှု ရှိကြောင်း မန္တလေးတိုင်း အစိုးရ အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်-
နေအိမ်တွင်း လူစုလူဝေးဖြင့် ဝတ်ပြုခဲ့သူ ၁၂ ဦးအား ထောင်ဒဏ် ၃ လ ချမှတ်
တရားဟောဆရာ စောဒေးဗစ်လား အပါအဝင် ၄ ဦးကို အမှုဖွင့်
ဒေသန္တရအမိန့် ဖောက်ဖျက်၍ ဘုန်းကြီးပျံနှင့် မင်္ဂလာပွဲ ကျင်းပသူများကို ငွေဒဏ်ချမှတ်