ဆေးဝါး လိုအပ်သူများကို အခမဲ့ ထောက်ပံ့နိုင်ရန် ကျပ်ဘီလီယံ ၃၀၀ တိုးမြှင့် သုံးစွဲမည်
အစိုးရ ဆေးရုံများတွင် အခမဲ့ပေးသည့်ဆေးဝါးများ ပြည်သူများ ပိုမိုရရှိနိုင်ရန် ယင်းကဏ္ဍအတွက် ကျန်းမာရေး အသုံး စရိတ်ကို ကျပ်ဘီလီယံ ၃၀၀ ထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန် ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။
အစိုး ရဆေးရုံများကို အသုံးပြုပြီး ဆေးလာရောက်ကုသသူ တနှစ်လျှင် အတွင်းလူနာ ၃ သန်းနှင့် ပြင်ပလူနာ ၁၄ သန်း အထိ တိုးတက်လာသဖြင့် ဆေးရုံက အခမဲ့ပေးသည့် ဆေးများ လောက်ငှစေရန် ထိုသို့ တိုးမြှင့်သုံးစွဲရန် စီစဉ်ရ ခြင်း ဖြစ်ကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
ဒေါက်တာမြင့်ထွေးက“၃၀၀ ဘီလီယံနဲ့တန်တဲ့ ဆေးတွေကိုရဖို့ ကျနော်တို့ သေချာလုပ်နေပါတယ်။ ဆေးကို ၃၀၀ ဘီလီယံ သာ ပေးမယ်ဆိုလို့ ရှိရင်တော့ ဆေးရုံတော်တော်များများမှာ ဆေးတွေရဖို့ ရှိပါတယ်”ဟု ပြောသည်။
NLD အစိုးရ လက်ထက် ဆေးရုံများရှိ အတွင်းလူနာ စာရင်းမှာ ၂၀၁၆ ခုနှစ်တွင် လူနာဦးရေ ၂.၇၅ သန်း၊ ၂၀၁၇ တွင် ၂.၉၃ သန်း၊ ၂၀၁၈ တွင် ၂.၉၆သန်းနှင့် ၂၀၁၉ ခုနှစ်တွင် ၃.၁၅ သန်းထိ တိုးလာပြီး ပြင်ပလူနာမှလည်း ၁၀ သန်းမှ ၁၂ သန်းထိ ရှိလာရာ ဆေးဝါး လိုအပ်ချက်လည်း ပိုရှိလာကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။
ထိုကြောင့် ဆေးရုံများတွင် အခမဲ့ပေးမည့် ဆေးများအတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၉၈ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်တွင် ၁၃၅ ဘီလီယံ၊ ၂၀၁၈ ခုနှစ် ၆လ ဘဏ္ဍာနှစ်တွင် ၄၆ ဘီလီယံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ၁၂၅ ဘီလီယံ၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁၄၃ ဘီလီယံထိ အဆင့်ဆင့် တိုးမြှင့်သုံးစွဲခဲ့ကြောင်း သိရသည်။
ယခုအခါ ဆေးရုံများတွင် အခမဲ့ပေးသည့် ဆေးများ ပြည်သူများမရဟု အသံများ ထွက်ပေါ်လာနေကြောင်း လွှတ်တော် ကိုယ်စားလှယ်တဦး၏ ယနေ့ လွှတ်တော်တွင် မေးမြန်းမှုကို ၂၀၁၉-၂၀ ဘဏ္ဍာနှစ်သုံးစွဲခဲ့သည့် ၁၄၃ ဘီလီယံ၏ ၂ ဆ ခန့်ရှိသော ကျပ် ၃၀၀ ဘီလီယံကို လာမည့် အောက်တိုဘာလဘတ်ဂျက်တွင် သုံးစွဲရန် စီစဉ်နေပြီဟု ကျန်းမာရေး ဝန်ကြီး က ပြန်လည် တုန့်ပြန်ခဲ့သည်။
“ဆေးရုံတွေကိုလည်း ညွှန်ကြားချက် ချထားပါပြီ။ ၄ နှစ်အတွင်း သုံးခဲ့တဲ့ဆေးတွေကို ပြန်ပြီး Review လုပ်ခိုင်းထားပါ တယ်။ ဘယ်ဆေး အများဆုံး သုံးသလဲ၊ အများဆုံး သုံးတဲ့ဆေးတွေကို ပိုဝယ်မယ်။ သိပ်မသုံးတာကို လျှော့ဝယ်မယ်။ ဒီဟာကိုလည်း ပီပြင်အောင် ဆက်လက်လုပ်ဖို့ရှိပါတယ်”ဟု ဒေါက်တာမြင့်ထွေးက လွှတ်တော်တွင် ပြောသည်။
ထိုသို့ ကျပ်ဘီလီယံ ၃၀၀ တိုးမြှင့်သုံးစွဲမှုတွင် အစိုးရထံ ပိုမိုတိုးမြှင့်တောင်းခံမည်မဟုတ်ဘဲ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှရသည့် မြန်မာကျပ်ငွေ ၁ ထရီလီယံထဲမှ ငွေကို အခြားကဏ္ဍများနှင့် အတိုးအလျော့ပြုလုပ်ကာ ယခု ဆေး ဝယ်မည့် ကဏ္ဍတွင် တိုးမြှင့်သုံးစွဲမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အစိုးရ ဆေးရုံများတွင် ပြည်သူများ လာရောက်ဆေးကုသမှု ခံယူသောအခါတွင် ပြည်သူများအတွက် အခမဲ့ ကုသ ခွင့်ပေးသည့် ဆေးနှင့်ဆေးပစ္စည်းများ မရရှိသည့် အခြေအနေများကို ကြံတွေ့နေရကြောင်းနှင့် အခမဲ့ အသုံးပြု ခွင့် ပေးထားသော ဆေးနှင့်ဆေးပစ္စည်းများကို ဆေးရုံများတွင် ပြည်သူများ သိရှိစေရန် ရေးသားဖော်ထားရန် အစီအစဉ်ရှိ ၊ မရှိ မေးခွန်းကို ယနေ့ လွှတ်တော်အစည်းအဝေးတွင် မင်းတပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က မေးခွန်းမေးမြန်းခဲ့သည်။
ဆေးရုံများတွင် မည့်သည့်ဆေးဝါးအမျိုးအစားများက အခမဲ့ရရှိသည် ဆိုသည်ကို ပြည်သူများက သိရှိလိုကြောင်း၊ ဆေးရုံ တက် ဆေးကုသမှု ခံယူနေစဉ် ကျန်းမာရေး ဝန်ထမ်းများက ဆေးရုံတွင်မရှိသည့် ဆေးများကို ဝယ်ခိုင်းရာတွင် လည်း ဆေးရုံမှ မည်သည့်ဆေးမှ အခမဲ့မရဘဲ အပြင်ကသာ ဝယ်ယူနေရသည် ဆိုသည့် ထင်မြင်မှုများလည်းရှိကြောင်း ၎င်းက ထောက်ပြသည်။
ဦးနေလင်းအောင်က“ဆေးတွေ အခမဲ့ရရှိနိုင်တာကို ဆေးရုံမှာ ဖော်ပြလိုက်မယ်ဆိုရင် တဘက်မှာလည်း ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပြည်သူတွေရဲ့ အကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေ လျော့နည်းသွားနိုင်သလို တဘက်မှာလည်း မသမာမှုနဲ့ အဂတိတရားတွေကို ထိန်းချုပ်ရနိုင်သော တချက်ခုတ် နှစ်ချက်ပြတ်သော နည်းလမ်း တခု ဖြစ်ပါတယ်”ဟု ပြောသည်။
ဆေးရုံများတွင် နိုင်ငံတော်မှ ခွဲဝေချထားသည့် ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူထားသော ဆေးဝါးများနှင့် ထောက်ပံ့ထားသော အခမဲ့ရနိုင်သည့် ဆေးဝါးများ အမည်စာရင်းအား အများ ပြည်သူမြင်သာရန် ကပ်ထားရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်ကတည်းက ညွှန်ကြားထားခဲ့ကြောင်း၊ ယခုနှစ် မေလတွင်လည်း ထပ်မံ လုပ်ဆောင် ထားစေကြောင်း ဒေါက်တာ ဦးမြင့်ထွေးက ပြန်လည်ဖြေကြားခဲ့သည်။
“ဒီကိစ္စကတော့ မခက်ခဲပါဘူး။ ကျနော့်အနေနဲ့တော့ အလွန်ဆုံးတလပါပဲ။ တလတောင်မဟုတ်ဘူး တချို့က ၂ ပတ်နဲ့ လုပ် နိုင်ပါတယ်။ တချို့ ၁ ပတ်နဲ့လုပ်နိုင်ပါတယ်။ သို့သော်ခက်ခဲတဲ့ ဒေသအနေနဲ့ ပြန်တွက်ရမယ်ဆိုရင်တော့ တလတွင်း လုံး၀ ဖြစ်အောင်လုပ်မယ်၊ အာမလည်းခံပါတယ်။ ကတိလည်းပေးပါတယ်”ဟု ၎င်းက ပြောသည်။
ဆေးရုံများရရှိသည့် ဘဏ္ဍာငွေနှင့် အခမဲ့ရရှိနိုင်သည့် ဆေးဝါးစာရင်းကို ပွင့်လင်းမြင်သာအောင် စာကပ်ထားမည် ဖြစ်သော်လည်း ဆေးဝါးများမှ နေစဉ်နှင့် အမျှ သုံးစွဲနေရသောကြောင့် လက်ကျန်ဆေး ပမာဏ မည်မျှရှိသည် ကို ဖော်ပြန်ရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ဆေးရုံများတွင် အခမဲ့ရရှိနိုင်သည့် ဆေးအမျိုးအစားစာရင်းကို ဖော်ပြပေးရာတွင် လက်ကျန်ဆေးပမဏ မည်မျှ ကျန်ရှိနေသေးသည်ကို ဖော်ပြပေးနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ဖော်ပြပေးမှသာ ပြည်သူများက ချင့်ချိန်နိုင်မည် ဖြစ်ကြောင်း အစိုးရ ဆေးရုံတခုတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူဘူးသူ ပြည်မြို့ခံတဦးက ပြောသည်။
“ဆေးရုံမှာဆိုရင်လည်း ဆေးသိုလှောင်တဲ့ နေရာကိုကိုင်တဲ့ ဂိုဒေါင်မှူးတွေရှိတာပဲ။ သူတို့ဆီကနေ ထုတ်ယူနေတာ စာ ရင်းနဲ့ အတိအကျရှိပြီးသားလေ။ ဘယ်ဆေးက ဘယ်လောက်ကျန်သေးတယ် ဘယ်ဆေးကတော့ ကုန်ပြီဆိုတာမျိုးကို ပွင့်ပွင့်လင်းလင်းဖော်ပြပြီး ကပ်ထားနိုင်ရင်တော့ အဂတိမှုတွေလည်း ပိုကင်းသွားမယ်”ဟု ၎င်းက ဆိုသည်။
ဆေးရုံများတွင် အခမဲ့ပေးသည့်ဆေးများတွင် တချို့ဆေးဝါးများသည် အမှန်တကယ် သုံးစွဲရာတွင် ကုန်သွားသည်များ ရှိ သလို တချို့ဆေးဝါး အမျိုးအစားများမှာ အသုံးမပြုဖြစ်ဘဲ ဂိုထောင်ထဲတွင် စုပြုံကျန်နေခြင်းများကြောင့် သတ်မှတ်ရက်စွဲ ကျော်လွန်သွားပြီး ပမာဏများစွာ စွန့်ပစ်လိုက်ရသည် ဖြစ်ရပ်များလည်း ရှိကြောင်း ဆေးရုံအသိုင်းအဝိုင်းမှ သိရသည်။
၂၀၁၉ -၂၀ ဘဏ္ဍာနှစ်အတွက် ဆေးရုံများတွင် အခမဲ့ဆေးဝါးများ ရရှိရေး ဘဏ္ဍာငွေ ၁၄၃ ဘီလီယံ အသုံးပြုမှုတွင် ဆုံးရှုံး မှုများလည်း ကြုံတွေ့ခဲ့ရပြီး ယခုတခေါက်တွင် ပိုမိုကောင်းမွန်အောင် စီမံမည်ဟု ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ယနေ့ လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
“၁၄၃ ဘီလီယံ ကို ဝယ်ရတာမှာ ဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။ Supply Chain Management System ကို ကောင်း အောင်လုပ်နေပါတယ်။ ရာနှုန်းပြည့်တော့ မကောင်းသေးပါဘူး။ ဒါပေမယ့် ဆက်လက်ပြီး ကောင်းအောင်လုပ်ဖို့ လိုပါ တယ်။ ဘာကြောင့်လည်း ဆိုတော့ ၃၀၀ ဘီလီယံမှာ ကျနော်တို့ မဆုံးရှုံးချင်ပါဘူး”ဟု ဒေါက်တာ မြင့်ထွေးက ပြောသည်။
ဆေးရုံတွင် မရှိသည့်ဆေးများ ပြင်ပသို့ထွက်ဝယ်ရာတွင်လည်း ပြည်သူများ ဈေးသက်သက်သာသာဖြင့် ရရှိနိုင်ရန် အမြတ် ၁၀ ရာခိုင်နှုန်းဖြင့်သာ ရောင်းချသည့် ဆေးဆိုင်များ ကုတင် ၁၀၀နှင့်အထက် ဆေးရုံးများ အားလုံးတွင် ထားရှိနိုင်ရန် လုပ်ဆောင်သွားမည်ဟုဆိုသည်။
ဆေးရုံများသို့ အခမဲ့ ထောက်ပံသည့် ဆေးများအပြင် ဗဟိုအဆင့်မှ တိုက်ရိုက်ဝယ်ကာ ဖြန့်ဝေသည့် ဆေးအမျိုးအစား ၃၃ မျိုးလည်းရှိပြီး မြွေဆိပ်ဖြေဆေး၊ ခွေးရူးကာကွယ်ဆေး၊ ဆီချို၊သွေးတိုးဆေးများ၊ ကင်ဆာဆေးများ၊ ထိန်းချုပ်ဆေးများ စသည်ဖြင့် ပါဝင်ကြောင်းသိရသည်။
ဆေးရုံးများ၏ ကုသရေးဘက်တွင် မဟုတ်ဘဲ ပြည်သူကျန်းမာရေးဦးစီးဌာန လက်အောက် ရှိ ဆေးပေးခန်းများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျန်းမာရေးဌာနခွဲ အစရှိသည့် နေရာများတွင်လည်း လာရောက်ပြသသူ လူနာ တ နှစ်လျှင် ၁၄ သန်းခန့်ရှိပြီး လာရောက်ပြသသည့် အကြိမ်ပေါင်း ၂၄ သန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။
You may also like these stories:
မြောက်ဦး လက္ကာရွာ မီးရှို့ခံရ၊ နေအိမ် ၂၀၀ နီးပါး ပြာကျ
ကိုဗစ်ကာလ မြန်မာ့ရေထွက်ကုန်တင်ပို့မှု ယခင်နှစ်ထက် ပိုတိုးတက်လာ
ကမ္ဘာ့ဘဏ်၏ ချေးငွေ ဒေါ်လာသန်း ၅၀ ဖြင့် အစိုးရ ဆေးရုံ ၅၁ ရုံ အဆင့်မြှင့်မည်