ရခိုင်တွင် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ရရှိရေး NLD အခက်တွေ့
ရခိုင်ပြည်နယ်အတွင်း ပါတီကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ပြိုင်ရေး စိုးရိမ်းမှုများရှိနေသည့်အတွက် ကိုယ်စား လှယ်လောင်းရရှိရေး အခက်တွေ့နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် NLD ဗဟို CEC အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် ကိုယ်စားလှယ်လောင်း လျှောက်ထားသည့် အခြေအနေနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးမှုရှိခဲ့ပြီး လတ်တလောတွင် လျှောက်လွှာတင်ပြမှုများရှိလာကြောင်းလည်း ၎င်းကပြောသည်။
ဒေါက်တာ ဇော်မြင့်မောင်က “ရခိုင်နဲ့ပတ်သက်ပြီး စောစောပိုင်းကတော့ အခြေအနေ ကျနော်တို့လည်း တော် တော်လေးစိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်မှာက AA (ရက္ခိုင့်စစ်တပ်) ရဲ့ သဘောတူညီမှုမရဘဲနဲ့ ရွေးကောက်ပွဲလုပ်လို့မရဘူးတွေ၊ ဘာတွေပြောတယ်။ ကျနော်တို့ ကိုယ်စားလှယ်လောင်းရဖို့ဆိုတာ တော်တော်ကို ခက်ခဲပါတယ်။ အခုကတော့ တတ်နိုင်သမျှ ရခိုင်မှာ ကိုယ်စားလှယ်လောင်း လျှောက်နိုင်ပါတယ်။ မြို့ နယ်အကုန်လုံး ကိုယ်စားလှယ်လောင်း အကုန်လုံးရဖို့ ကြိုးစားနေတာ၊ ရမယ်လို့လည်း ယုံကြည်တယ်” ဟု ပြောသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ ခုရှိသည့်အနက် NLD ပါတီအနေ ဖြင့် အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာနှင့် မာန်အောင်၊ သံတွဲ၊ တောင်ကုတ် နှင့် ဂွမြို့နယ်တို့တွင်သာ အနိုင်ရခဲ့ပြီး မဲဆန္ဒနယ်အများစုအား ရခိုင်အမျိုးသားပါတီ (ANP) ကသာ အနိုင်ရခဲ့သည်။
NLD ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း လျှောက်လွှာများ လက်ခံလျှက်ရှိရာတွင် ယခင်အနိုင်ရခဲ့သည့် ရခိုင် ပြည်နယ်၊ တောင်ပိုင်းဒေသ မြို့နယ်များအတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာများအား မြို့နယ်အဆင့် စိစစ်ရွေးချယ်မှုများ ပြီးစီးပြီဖြစ်ကြောင်းလည်း လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
သံတွဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က “မြောက်ပိုင်းကျတော့ အခု နောက်ပိုင်း ကိုယ်စားလှယ်ဝင်ပြီး ပြိုင်ရင်တောင်မှ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေရှိ တယ်လေ၊ လက်နက်ကိုင်အင် အားစုတွေကလည်းရှိနေတာကိုး၊ ဒီဘက်ကိုတောင် ကူးစက်လာနိုင်တဲ့အတွက် သတိတော့ကြီးကြီးထားရမှာပေါ့” ဟု ရှင်းပြသည်။
NLD ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းရရှိရေး ခက်ခဲသည့်အခြေအနေနှင့် ပတ်သက်ပြီး ဒေသတွင်း တည်ငြိမ် မှုမရှိသည့် အချက်တခုတည်းကြောင့် မဟုတ်ဘဲ အနိုင်ရနိုင်ချေ နိမ့်ပါးသည့်အခြေအနေကိုလည်း ထည့်တွက်ရန် လိုအပ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “တကယ်ပြောမယ်ဆိုရင် စစ်ပွဲကြောင့်မဟုတ်ဘဲ ၂၀၁၅ က တည်းက ရခိုင်မြောက်ပိုင်းမှာ NLD က အားမှမကောင်းတာပဲ၊ အပြတ်အသတ်ရှုံးတာပဲလေ၊ အခုလိုအချိန်ဆို ပိုပြီးတိုးလို့တောင် မလွယ်တော့ဘူး။ NLD မှမဟုတ်ပါဘူး တခြား ပြည်မက ဘယ်ပါတီမှ သမိုင်းတလျှောက် ရခိုင်မှာမနိုင်ခဲ့ပါဘူး။ သူတို့အမျိုးသားပါတီတွေပဲ အားကောင်းခဲ့တာပါ” ဟု သုံးသပ်သည်။
လက်ရှိရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ မြို့နယ်များတွင်လည်း တပ်မတော်နှင့် ရက္ခိုင့်စစ်တပ်(AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေ့ရပ်စွန့်ခွာ တိမ်းရှောင်နေရသူများမှာ တသိန်းကျော်အထိ ရှိလာပြီဖြစ်ပြီး ဖြစ် သည်။
ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က “ရွေးကောက်ပွဲကို စိတ်ဝင်စားဖို့ ထက် နေရပ်စွန့်ခွာရသူတွေ နေရပ်ပြန်နိုင်ရေး၊ သူတို့ရဲ့ စားဝတ်နေရေးကို လူထုကပဲ ဝိုင်းဝန်းဖြေရှင်းနေရတဲ့ အ ခါကျတော့ ရွေးကောက်ပွဲကို ရခိုင်လူထုအတွက် သိပ်ပြီးလိုအပ်တယ်လို့ကို မမြင်ကျတော့ဘူး၊ အများစုက” ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အားလုံးအား မဲဆန္ဒနယ်များ သတ် မှတ်ထုတ်ပြန်ထားပြီးဖြစ်သော်လည်း လက်နက်ကိုင်တိုက်ခိုက်မှုများဖြစ်ပွားလျှက်ရှိသည့် ရခိုင်ပြည်နယ် မြောက် ပိုင်းဒေသ မြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မှုရှိမရှိကို စောင့်ကြည့်ရမည်ဖြစ်ကြောင်းလည်း နိုင်ငံရေး လေ့လာသူ တချို့ကဆိုသည်။
ဦးထွန်းကြည်က “တိုက်ပွဲဖြစ်နေဦးမယ်ဆိုရင်တော့ ဘယ်သူမှလည်း မဲသွားပေးရဲမှာ မဟုတ်ဘူး၊ တပ်မတော်အ နေဖြင့် ရွေးကောက်ပွဲကာလတွေမှာ အပစ်အခတ်ရပ်စဲထားပေးနိုင်မယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်မယ်ထင်ပါ တယ်”ဟု တိုက်တွန်းပြောကြားသည်။
You may also like these stories:
တပ်မတော်နှင့် RCSS ပဋိပက္ခ အကြား အရပ်သား တဦး သေနတ်မှန်သေဆုံး
နယ်မြေရှင်းမည့် ညွှန်ကြားချက် ရုပ်သိမ်းလည်း ရသေ့တောင်ရွာ ၅၀ ကျော် အိမ်မပြန်နိုင်သေး