အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးကို အရှိန်မြှင့်ရန် အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးငွေ (ကျပ် ၃၈.၃ ဘီလီယံ) ကို အတည်ပြုပေးခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် တွေ့ရှိရခြင်းက တနေ့လျှင် ၁၀၀၀ မှ ၂၀၀၀ ကြား ရှိနေပြီး အများစုမှာ ရန်ကုန်တိုင်းတွင် ဖြစ်သည်။
အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် သေဆုံးသူ ၆၆၄ ဦး နှင့် ပြန်လည်သက်သာလာသူ ၁၀၂၆၀ ဦး အပါအဝင် ကူးစက်ခံရသူ ၂၉၃၁၄ ဦး ရှိသည်။
ချေးငွေသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြား မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများ အလုံအလောက် မရရှိနိုင်သော လူနည်းစုများအတွက် ရည်ရွယ်ကြောင်း ADB က ပြောသည်။
ချေးငွေသည် အစိုးရက နိုင်ငံတဝှမ်းရှိ ခရိုင်နှင့် မြို့နယ် ဆေးရုံ ၃၁ ခုတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ဖြစ်သည်ဟု ADB က ဆိုသည်။
COVID-19 ကူးစက်ခံရသူများအား စစ်ဆေးခြင်း၊ သီးခြားထားရှိခြင်းနှင့် ကုသခြင်း အတွက် အရေးပေါ်ဌာနများကို ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းအားဖြင့် လက်တွေ့ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုများကို တိုးတက် ကောင်းမွန် စေမည် ဖြစ်သည်။
ချေးငွေက အောက်စီဂျင်ထောက်ပံ့မှု၊ လျှပ်စစ်၊ ရေနှင့် အခြား အခြေခံလိုအပ်ချက်များ အပါအဝင် ဓာတ်ခွဲခန်းနှင့် ဆေးရုံသုံးပစ္စည်းများ အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသည်။
ရန်ကုန်တိုင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက အာဏာပိုင်များက COVID-19 စောင့်ရှောက်မှုအတွက် High Dependency Unit တွင် နောက်ထပ် ကုတင် ၃၀၀ နှင့် Intensive Care Unit (အထူးကြပ်မတ်ကုသဆောင်) တွင် နောက်ထပ် ကုတင် ၃၀ ထပ်မံ တပ်ဆင်ခြင်းအားဖြင့် ရန်ကုန်ဆေးရုံကြီးကို အဆင့်မြှင့်တင်ပေးနေကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။
လူနာများကို အောက်စီဂျင်ကုထုံးပေးရန် ရန်ကုန်ရှိ ဆေးရုံ ၄ ခုတွင် အောက်စီဂျင် ပေးနိုင်သည့် နေရာ ၄၄၀ ထပ်မံ တပ်ဆင်နေသည် ဟု သူ ကပြောသည်။
ရန်ကုန်မြို့တွင် နေထိုင်သူ ၇ သန်းကျော်ရှိပြီး COVID-19 ကူးစက်မှုက တနေ့လျှင် ၁၀၀၀ မှ ၁၉၀၀ ကြားတွင် ရှိနေသည်။
ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေတွင် သြဂုတ်လ ၁၆ ရက်နေ့က ပထမဆုံး ပြည်တွင်း ကူးစက်ပျံ့နှံ့မှုကို တွေ့ရှိခဲ့ရပြီး နောက်ပိုင်း တလအတွင်း၌ ရန်ကုန်တွင် ကူးစက်ခံရမှု ၂၁၀၀၀ ကျော် ရှိခဲ့ကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် ADB က မြန်မာနိုင်ငံ၏ အစောပိုင်း COVID-19 တုန့်ပြန်မှု အားကောင်းလာစေရေး မဟာမဲခေါင်ဒေသခွဲ ကျန်းမာရေး စီမံကိန်း(Greater Mekong Subregion Health Security Project) မှ ဒေါ်လာ ၆.၆ သန်း (ကျပ် ၈.၄ ဘီလီယံ) ပေးရန် ကတိပြုခဲ့သည်။
အဆိုပါရန်ပုံငွေများသည် အပူချိန်တိုင်းတာရေး ကိရိယာများ၊ အကာအကွယ်ပေးရေး ကိရိယာများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများနှင့် အသက်ရှူစက်များ အပါအဝင် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် ထောက်ပံ့ရေး ပစ္စည်းများ ဝယ်ယူရေး အတွက် ဖြစ်သည်။
(Zaw Zaw Htwe ၏ ADB to Invest $30m in Myanmar’s COVID-19 Battle ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကိုဗစ်ကူးစက်ခံရသူ ၂၀ ရာခိုင်နှုန်းကိုသာ ဆေးရုံတင် ကုသမည်
ကိုဗစ်လူနာတချို့ မိသားစုဝင် လိုက်ပါစောင့်ရှောက်နိုင်
ကိုဗစ်လူနာကို နေအိမ်တွင်သာ နေထိုင်စေမည့် အစီအစဉ် မလုပ်ဖြစ်သေး ဟုဆို