အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများအပေါ် ခြိမ်းခြောက်နေမှုများ ရှိသော်လည်း လူထုရွေးချယ်တင်မြောက်ထားသည့် ပြည်သူ့အစိုးရ လက်အောက်၌သာ တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ သတင်း ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ သစ္စာခံများက အဆိုပါ CDM ဝန်ထမ်းများအား အကြိမ်ကြိမ်ဖုန်းဆက်၍ မှတ်တမ်းရယူခြင်း၊ သတိပေးခြင်း၊ ဝန်ထမ်းဥပဒေအပြင် တခြားတည်ဆဲဥပဒေများနှင့် အရေးယူနိုင်ကြောင်း ခြိမ်းခြောက်ခြင်း၊ CDM က ထိရောက်မှု ရှိမည် မဟုတ်ကြောင်း စိတ်ဓာတ်ကျအောင် ပြောဆိုခြင်း၊ အမျိုးသား/သမီး ဝန်ထမ်းဆောင်များသို့ လာရောက်၍ ရုံးတက်ရောက် ရန် နေ့စဉ် ပြောဆိုစည်းရုံးမှုများ ရှိနေကြောင်း သိရသည်။
ထို့ပြင် မိသားစုဝင် နောက်ကြောင်း လိုက်မည်ဟု ပြောဆို၍ အထိတ်တလန့် ဖြစ်စေခြင်း၊ အမျိုးသမီး အပျိုဆောင်တွင် အတူနေထိုင်သည့် CDM တွင် မပါဝင်သော ဝန်ထမ်းများက တခါတည်း နှင်ချရမည်ဟု စောင်းမြောင်းပြောဆိုခြင်း၊ CDM ပါဝင်သူ ဝန်ထမ်းများကြောင့် ကော်မရှင်၏ ပုံရိပ်ကျဆင်းသည်ဟု စွပ်စွဲပြောဆိုခြင်းများကိုလည်း ကြုံတွေ့နေရသည်ဟု ဆို သည်။
ထိုကဲ့သို့သော ဖြစ်ရပ်များအပြင် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟူသော ခြိမ်းခြောက် ဖိအားပေးမှုများလည်း ပြုလုပ်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ CDM ဝန်ထမ်းများက ပြောသည်။
ကော်မရှင်ရုံးမှ CDM ဝန်ထမ်းတဦးက “ဒီ နှစ်ရက်သုံးရက် အတွင်းမှာ နောက်တဆင့် တက်လာတာပေါ့။ စုံစမ်းစစ်ဆေးရေး ဖွဲ့တော့မယ်။ စုံစမ်းစစ်ဆေးရေးဖွဲ့တာကို စာနဲ့အကြောင်းပြန်ပါဆိုပြီး ပြောတယ်” ဟု ဆိုသည်။
အဆိုပါ စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍ ထွက်ဆိုချက်များကို လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနှင့်ဖြစ်စေ၊ စာနှင့်ဖြစ်စေ ပေး မည် မဟုတ်ကြောင်း CDM ဝန်ထမ်းများက ထုတ်ပြန်ထားသည်။
Civil Disobedience Movement တွင် ပါဝင်ဆောင်ရွက်မှုသည် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၀(ဆ) အရ ပါတီ နိုင်ငံရေး ဆောင်ရွက်ခြင်း မဟုတ်ဘဲ ယင်းဥပဒေပုဒ်မ ၁၀ (ဂ) အရ တရားဥပဒေစိုးမိုးရေးကို ရှေးရှုလျက် နိုင်ငံတော် နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့ ဝန်ထမ်းကောင်းတို့၏ တာဝန်နှင့် ဝတ္တရား များကို ကျေပွန်အောင် ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် နေပြည်တော်ရုံးချုပ် အပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် ရုံး ခွဲများရှိ CDM တရားဝင် ပြုလုပ်နေသူ ၈၅ ဦးအပြင် ခွင့်တိုင် ပျက်ကွက်သူပါ ထည့်သွင်းပါက စုစုပေါင်း ၁၀၀ ကျော် ရှိ ကြောင်း သိရသည်။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် တရားဥပဒေမဲ့ လက်နက်အားကိုး အဓမ္မ အာဏာသိမ်းခဲ့သည့် စစ်အာဏာရှင် ဦးဆောင်သော စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင် လိုခြင်း မရှိသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဝန်ထမ်းများက ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
CDM လုပ်သည့် ကျန်းမာရေးဝန်ထမ်းများအပေါ် အကွက်ဆင် ဖမ်းဆီးမှုများရှိနေ
CDM ပါဝင်ဖို့ နောက်ဆုံးသတ်မှတ်ရက် ဒေါက်တာဇော်ဝေစိုး ကြေညာ
CDM လုပ်သည့် ဝန်ထမ်း ထောင်ချီ တိုးလာ