မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာသော ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
ဝန်ကြီးချုပ်ဟွန်ဆန်ကို မြန်မာအာဏာသိမ်းခေါင်းဆောင်က နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင်း စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများ နှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်နေမှုများအပြင် အာဆီယံအပါအဝင် ဒေသဆိုင်ရာအကျိုးတူကိစ္စရပ်များ နှင့်ပတ်သက်၍ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
မစ္စတာဟွန်ဆန်သည် Kingdom of Cambodia လေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းကို အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စစ်ကောင်စီအကြံပေး ဦးကိုကိုလှိုင်တို့က ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။
မစ္စတာဟွန်ဆန်နှင့်အတူ မြန်မာနိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံက လက်ဆောင်ပေးသော ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများပါလာပြီး ယင်းပစ္စည်းများကို စစ်ကောင်စီထံလွှဲပြောင်းပေးခဲ့ကြောင်း နေပြည်တော်မှလာသည့် သတင်းများအရသိရသည်။
ကမ္ဘောဒီးယားကပေးသည့် ဆေးဝါးပစ္စည်းများထဲတွင် Face Mask ၃ သန်း၊ N- 95 Mask ၂ သိန်း၊ Goggle တသိန်း၊ PPE ဝတ်စုံ ၃ သောင်း၊ Face Shield ၃ သောင်း၊ Safety Plastic Boots PR ၃ ထောင်၊ အသက်ရှုစက် (Ventilator Machine Unit) ၅၀ နှင့် Oxygen Concentrator Unit ၅၀ စသည်တို့ပါဝင်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် မီဒီယာအချို့၏ သတင်းများတွင် ပါရှိသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၇ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန်သည်။
ယင်းကြေညာချက်ထဲတွင် မြန်မာနိုင်ငံ အရေးကိစ္စများနှင့် စပ်လျဉ်း၍ မြန်မာပြည်သူလူထုက ဆန္ဒမဲပေး ရွေးချယ်ထားသော CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ထပ်မံတိုက်တွန်းထားပြီး အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်အပေါ် လုံးဝ ပူးပေါင်းဆောင်ရွက်မှု မရှိသည့် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် တို့ တွေ့ဆုံဆွေးနွေးနေသည့်အပေါ် မြန်မာပြည်သူလူထုက ဒေါသထွက်နေကြောင်း သတိပေးထားသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တနိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် တည်ရှိပြီး ဆက်ဆံရေးကောင်းများနှင့် တည်ဆောက်ထားသော နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများအား ထိန်းသိမ်းရန် တိုက်တွန်းကြောင်း CRPH က ဆိုသည်။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကမူ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်သည် အာဆီယံ၏ ကြားဝင်မှုတာဝန်ကို အတတ်နိုင်ဆုံးကြိုးစားပေးရန် ရောက်လာခြင်း ဖြစ်နိုင်ကြောင်းဆိုသည်။
ဦးကိုကိုကြီးက “နိုင်ငံတကာကလည်း EU ရော၊ UN ရော အာဆီယံရဲ့ ကြားဝင်မှုကိုထောက်ခံပံ့ပိုးထားကြတာဆိုတော့ သူအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့အခါမှာ သူ့ပုခုံးပေါ်ရောက်လာတဲ့ တာဝန်ကို အတတ်နိုင်ဆုံးကြိုးစားပေးဖို့ ရောက်လာတယ် မြင်ပါတယ်။ အခုကတော့ သူကိုယ်တိုင်လည်းပဲ မြေစမ်းခရမ်းပျိုးပေါ့။ လာပြီးတော့အခြေအနေတီးခေါက်ကြည့်တယ်။ လေ့လာတဲ့ သဘောရှိတယ်လို့ပဲထင်တယ်” ဟုဆိုသည်။
သို့သော်လည်း ဝန်ကြီးချုပ်ဟွန်ဆန်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ နိုင်ငံရေးအရ အဖြေတစုံတရာ ထွက်ရန် ၎င်းအနေနှင့် မမျှော်လင့်ကြောင်း ဦးကိုကိုကြီးက ပြောသည်။
“ထူးခြားတာက အရင်အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ ဆိုရင် ဝင်ခွင့်တောင် မရခဲ့ဘူးပေါ့။ မအောင်မြင်ဘဲ သက်တမ်းကုန်သွားတယ်။ သူက ဒီနေရာမှာ ကြိုတင်စည်းကမ်းချက်၊ တောင်းဆိုချက်တွေ ထားပြီး ဆောင်ရွက်တဲ့ အခါမှာ တကယ့်နိုင်ငံရေးဆွေးနွေးမှုတွေ မရောက်ခင်မှာ ကြိုတင်တောင်းဆိုချက်တွေ ၊ သဘောမတူတာနဲ့ပဲ ရှေ့ဆက်လို့မရဘူး။ ဒါကြောင့် ကြိုတင်တောင်းဆိုချက်တွေမလုပ်ဘဲ ကနဦးထိတွေ့မှုတွေ လုပ်ဆောင်တာလို့မြင်တယ်” ဟု ဦးကိုကိုကြီးက ဆက်၍ ရှင်းပြသည်။
ဝန်ကြီးချုပ်ဟွန်ဆန်၏ ခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌကို နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမှုများ ရှိလာနိုင်ကြောင်း၊ နောက်ပိုင်းတွင် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသည့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာရောက်ကာ မတူညီသော ဘက်အသီးသီးနှင့် တွေ့ဆုံရေးအတွက် အထောက်အကူ ဖြစ်နိုင်ကြောင်း ဦးကိုကိုကြီးက သုံးသပ်သည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူတဦးကမူ မစ္စတာဟွန်ဆန်၏ ခရီးစဉ်သည် အာဆီယံဘုံသဘောတူညီ ချက် ၅ ချက်ကို မလိုက်နာသဖြင့် အာဆီယံထိပ်သီးအစည်းအဝေးများတက်ခွင့် မရသော အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးများသို့ ပြန်ဆွဲခေါ်နိုင်ရန် လာရောက်ကြိုးပမ်းခြင်းသာ ဖြစ်နိုင်ကြောင်းဆိုသည်။
၎င်းက “သူ့ရဲ့ ပုလင်းတူ ဗူးဆို့ကြီးဖြစ်တဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်နေရာပြန်ရဖို့ ကြိုးပမ်းတာပါ။ ဒါပေမယ့် အဲဒီရည်ရွယ်ချက်က ဖြစ်နိုင်ချေ မရှိသလောက်ကို အတော်လေးအခွင့်အလမ်းနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံရဲ့ ဆုံးဖြတ်ချက် ၅ ချက်က ချခဲ့တာက ၇ လရှိပါပြီ။ အဲဒီဆုံးဖြတ်ချက်တွေကို မင်းအောင်လှိုင်အနေနဲ့ ဘာမှ ဖြေရှင်းနိုင်ခြင်းမရှိပါဘူး။ အဲဒီလို အခြေအနေမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံ စင်မြင့်ပေါ်ထမ်းတင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။
အရှေ့တောင်အာရှတွင် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုကလည်း ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖေါ်ရေးနှင့်ပတ်သက်၍ သိသာသော တိုးတက်မှုမရှိပါက အရှေ့တောင်အာရှနိုင်ငံများအသင်းအစည်းအဝေးများတွင် မြန်မာနိုင်ငံကို နိုင်ငံရေးနှင့်မပတ်သက်သော အဆင့်ကသာ ဆက်လက်ကိုယ်စားပြုသင့်ကြောင်း သူ၏ တွစ်တာစာမျက်နှာ၌ ရေးသားထားသည်။
သို့ဖြစ်ရာ ကမ္ဘောဒီးယားဝန်ကြီးချုပ်က အာဆီယံထိပ်သီးအစည်းအဝေးများသို့ မြန်မာစစ်ခေါင်းဆောင် တက်ရောက်နိုင်ရေး ကြိုးပမ်းမှု ရှိလာသည့်တိုင်အောင် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစု ယင်းကြိုးပမ်းမှုအား ထောက်ခံကြလိမ့်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်သည်။
ဆက်လက်၍ ၎င်းကအချို့သော လေ့လာသူများကလည်း မစ္စတာဟွန်ဆန်၏ ခရီးစဉ်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာဟွန်ဆန်အား စစ်ကောင်စီက တွေ့ခွင့်ပေးခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ယူဆမှုရှိသော်လည်း ယင်းအယူအဆသည် ဖြစ်နိုင်ချေနည်းကြောင်းဆိုသည်။
၎င်းကဆက်၍ “စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြောထားပြီးသားပါ။ ပြစ်မှုကျူးလွန်လို့ အဖမ်းခံထားတဲ့ သူတွေကို ဘယ်နိုင်ငံမှာမှ တွေ့ဆုံခွင့်မပေးဘူးဆိုတာမျိုးပေါ့။ ဒီစကားကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ ကလည်း ဖြစ်နိုင်ချေနည်းပါတယ်။ ခြုံပြောရရင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မျှော်မှန်းချက်တွေက ကျနော့်အမြင်အရတော့ နိုင်ငံရေးအရ လေထဲတိုက်အိမ်ဆောက်တာပါပဲ။ ပြည်သူတွေကလည်း သူတို့ရဲ့သဘောထားကို နည်းပေါင်းစုံနဲ့ ကန့်ကွက် ဖော်ပြကြလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။
ဝန်ကြီးချုပ်ဟွန်ဆန် ၏ ခရီးစဉ်သည် ၂ ရက်တာကြာမြင့်မည်ဟု ယေဘုယျ သိရပြီး မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ ကောင်းမွန်သော ရလဒ် ထွက်လာပါက ၎င်း၏ အပြန်ခရီးကို ရက်ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက မြန်မာနိုင်ငံသို့ မလာမီတွင် ပြောထားသည်။
You may also like these stories:
ဟွန်ဆန်၏ “ကောင်းဘွိုင်ဒီပလိုမေစီ” အာဆီယံအဖွဲ့ကို ဖျက်ဆီးနေသလား
ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ
လွတ်လပ်ရေးနေ့ သဝဏ်လွှာ ၅ စောင်သာ ရခဲ့တဲ့ အထီးကျန် စစ်ကောင်စီ
ဒေါ်အောင်ဆန်းစုကြည်ကို ဟွန်ဆန်နှင့် တွေ့ခွင့်မပေးနိုင်ဟု စစ်ကောင်စီ ပြော