မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံတွင် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ သြစတြေးလျနိုင်ငံတို့မှ တပ်ဖွဲ့များ ပြုလုပ်သည့် Cobra Gold ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို လေ့လာသူအဖြစ် တက်ရောက်ခွင့်မရသည်မှာ နှစ် နှစ်ဆက်တိုက်ရှိပြီဖြစ်သည်။
ထိုစစ်ရေးလေ့ကျင့်မှုသည် မတ်လ ၅ ရက်နေ့အထိကြာမည်ဖြစ်ပြီး ထိုင်းစစ်သား ၂၀၀၀ ခန့်နှင့် အမေရိကန် စစ်သား ၁၂၀၀ ခန့် မြေပြင်နှင့် လူသားချင်းစာနာမှု အကူအညီပေးရေး စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်မည် ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ပြင်ပကမ္ဘာသို့ မြန်မာ တံခါးပွင့်လာပြီးနောက် ထိုနှစ်စဉ်စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် မြန်မာနိုင်ငံကို နှစ်အတန်ကြာ ဖိတ်ခေါ်ခဲ့သည်။ သို့သော် မြန်မာစစ်တပ်သည် မည်သည့် အခါကမျှ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ခြင်းမရှိသောကြောင့် ထိုသို့ ဖိတ်ခေါ်ခြင်းသည် အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။ ထိုနောက် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်ဆလင်များကို ဖိနှိပ်မှုသည် ကမ္ဘာကို တုန်လှုပ်စေသောအခါ ထို အငြင်းပွားမှုသည် ပိုမို ပြင်းထန်လာသည်။ ထိုနှစ်တွင်း ထိုင်းနိုင်ငံက မြန်မာတပ်ကို စစ်ဆင်ရေးသို့ ဖိတ်ခေါ်လိုက်သောကြောင့် ဝေဖန်မှုအများအပြားကို ဖြစ်စေသည်။ အမေရိကန်အစိုးရကလည်း ထိုဖိနှိပ်မှုသည် လူမျိုးစုသုတ်သင်မှုဖြစ်ကြောင်း ဖေါ်ပြသောကြောင့် အမေရိကန်ပြည်ထောင်စုတွင်လည်း ဝေဖန်မှုများ ဖြစ်စေသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် စစ်ကောင်စီသည် ပဋိပက္ခ ဖြစ်ပွားနေသော တနိုင်ငံလုံးတွင် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ကျူးလွန်နေသောကြောင့် အနောက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပြစ်တင်ဝေဖန်မှုများကိုလည်း ဖြစ်ပွား စေသည်။ အမေရိကန် ပြည်ထောင်စုက စစ်ခေါင်းဆောင်များ၊ မိသားစုဝင်များ၊ စစ်အုပ်စုနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် လုပ်ငန်းရှင်ကြီးများအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်သည်။ စစ်တပ်သည်ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် အစိုးရခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများကို ဖမ်းဆီးထားသည်။
၁၉၈၂ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သော Cobra Gold စစ်ဆင်ရေးသည် ကမ္ဘာ့သက်တမ်းအရှည်ဆုံး နိုင်ငံစုံ စစ်ရေးလေ့ကျင်မှုဖြစ်ပြီး တရုတ်နှင့် ပိုမိုအားပြိုင်လာချိန်တွင် အမေရိကန်အတွက် အာရှတွင် မဟာမိတ်ဖွဲ့ရန် စင်မြင့်အဖြစ်မြင်ကြသည်။
ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် ထုံးစံအတိုင်း ကျည်အစစ်များ၊ ကုန်းရေ နှစ်သွယ်သွားယာဉ်များ ကမ်းတက်ခြင်းနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးသည့် စစ်ဆင်ရေးများ ပါဝင်မည်မဟုတ်ပေ။ အလားတူစွာပင် စစ်ရေးလေ့ကျင့်မှုကို အမည်တွင်စေသည့် မြွေဟောက်သွေးသောက်ခြင်း အစဉ်အလာကိုလည်း ပြုလုပ်မည်မဟုတ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၏ အဆိုအရ သိရသည်။
ယခင်က Cobra Gold စစ်ဆင်ရေးကို လေ့လာသူဖြစ်သော မြန်မာကို ဒုတိယနှစ်အဖြစ် ဆက်လက် ဖယ်ထုတ်ထားခြင်းသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းမှု ကြောင့်ဖြစ်ပေါ်သည့် အကျပ်အတည်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗိုလ်ချုပ်ကြီး ကောင်ချိ တန်တရာဗန်နစ်က ပြောသည်။
တချိန်တည်းတွင် အထီးကျန် စစ်ကောင်စီက မြန်မာစစ်သင်္ဘောဆင်ဖြူရှင်ကို အိန္ဒိယ သမုဒ္ဒရာသို့ စေလွှတ်ပြီး အိန္ဒိယဦးဆောင်သည့် နိုင်ငံစုံ ရေတပ် စစ်ရေးလေ့ကျင့်မှု (MILAN-2022) တွင် ပါဝင်စေမည်ဖြစ်ကြောင်း ကြေညာသည်။ ထိုစစ်ရေးလေ့ကျင့်မှုကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။
အိန္ဒိယ၊ မြန်မာ၊ ထ်ိုင်း၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ သြစတြေးလျ၊ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်နှင့် ဆေးရှဲလ် စသည့်နိုင်ငံပေါင်း ၁၆ နိုင်ငံမှ စစ်သင်္ဘော ၂၄ စီး ထိုစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းစာက ဆိုသည်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချသည်။
You may also like these stories:
ရုရှား စစ်လေယာဉ်မှူးများ ပါသော ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ရောက်နေ
ချင်းလက်နက်ကိုင်များ၊ မဏိပူသူပုန်များနှင့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး
မြန်မာစစ်အရာရှိများကို လေ့ကျင့်ပေးသောကြောင့် ဂျပန် ဝေဖန်ခံနေရ
စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်