အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများသည် လာမည့် ကြာသပတေးနေ့တွင် ဂျကာတာ၌ မြန်မာနိုင်ငံအတွက် အရေးပေါ်ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သည်။
ဂျကာတာမြို့ရှိ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အတွင်းရေးမှူးချုပ်ရုံးတွင် ပြုလုပ်မည့် ဆွေးနွေးပွဲသည် မြန်မာ စစ်အာဏာသိမ်းသူများနှင့် ပြီးခဲ့သည့်နှစ်က သဘောတူထားသည့် “ဘုံသဘောတူညီချက်” ကို အကောင်အထည်ဖော်ရေးတွင် အကျုံးဝင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sounry က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အာဆီယံသည် အကျပ်အတည်းကို ဖြေရှင်းရန် ယခုအချိန်အထိ ရလဒ်မထွက်သော အားထုတ်မှုများကို ဦးဆောင်နေပြီး နိုင်ငံရေး အကျဉ်းသားများကို ကွပ်မျက်ခြင်းနှင့် မကြာသေးမီက စာသင်ကျောင်းကို လေကြောင်းမှ ပစ်ခတ်မှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများ တိုးမြင့်လာခြင်းကြောင့် အဖွဲ့အနေဖြင့် စိတ်ပျက်နေသည်။
အကြမ်းဖက်မှုအဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရေး၊ စစ်တပ်နှင့် အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည့် ယမန်နှစ် ဧပြီလမှစသည့် အစီအစဉ်ငါးရပ်တွင် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။
“ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ တိကျတဲ့ ကိစ္စရပ်တွေအပေါ် ဆွေးနွေးဖို့ ရှိနေတာကြောင့် အထူးအစည်းအဝေးတခု လိုအပ်နေပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက AFP သို့ ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားနိုင်ခြေသည် လွယ်ကူသော လုပ်ငန်းစဉ် မဟုတ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
အာဆီယံ ပဋိဉာဉ်ပါ ပုဒ်မ ၇ က ၁၀ နိုင်ငံ ခေါင်းဆောင်များအား အရေးပေါ်အခြေအနေ ကိုင်တွယ်ခွင့်ပြုခြင်းအပေါ် အခြေခံကြောင်း အခြား သံတမန် သတင်းရင်းမြစ် တခုကလည်း AFP ကို ပြောသည်။
International Institute for Strategic Studies မှ လေ့လာဆန်းစစ်သူ Aaron Connelly က ဖြစ်နိုင်ခြေရှိသော ရွေးချယ်မှုများတွင် အဖွဲ့ဝင်အဖြစ်မှ ယာယီဆိုင်းငံ့ထားခြင်းနှင့် စစ်အာဏာသိမ်းကောင်စီအား ဖိတ်ကြားခြင်းမပြုသော အစည်းအဝေး အရေအတွက် တိုးချဲ့ခြင်းတို့ ပါဝင်ကြောင်း ပြောသည်။
“ဥပမာ ကာကွယ်ရေး ဝန်ကြီးတွေ အစည်းအဝေး မဖိတ်တော့တာ ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
အာဆီယံ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တဦးဖြစ်သူ Prak Sokhonn က ကြာသပတေးနေ့ အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
Chum Sounry က ခိုင်မာသော အရေးယူဆောင်ရွက်မှုနှင့် အထူးသံတမန်၏ မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် ခရီးစဉ်ကို ဆွေးနွေးရန် မြန်မာနိုင်ငံသို့ အဖွဲ့တဖွဲ့ စေလွှတ်ထားကြောင်း AFP သို့ ပြောသည်။
“အခု မြန်မာနိုင်ငံဘက်က တုံ့ပြန်မှုကို စောင့်နေပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ ဒုတိယအကြိမ် မဖိတ်ကြားဘဲ မြန်မာထိပ်တန်း သံတမန် ဦးဝဏ္ဏမောင်လွင်ကိုလည်း ဖေဖော်ဝါရီလနှင့် သြဂုတ်လတို့တွင် ဝန်ကြီးအဆင့် ဆွေးနွေးပွဲများမှ ဖယ်ထုတ်ခဲ့သည်။
You may also like these stories :
ကိုးကား။ ။ Reuters နှင့် AFP
စစ်ကောင်စီသစ္စာခံက ကလောင်ဝှက်ဖြင့် ASEAN ကို တိုက်ခိုက်ဝေဖန်
မြန်မာ့အရေး သမိုင်းမှန်ဘက်မှ ရပ်တည်ရန် အင်ဒိုနီးရှား တာဝန်ရှိသည်
မြန်မာ့အရေး အာဆီယံတဖွဲ့ထဲကပဲ ဆောင်ရွက်လို့ မရဘူး
“စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လူထုက ရင်မခုန်ဘူး” လို့ ပြောတဲ့ ဒေါက်တာတေဇာစန်း