အရပ်သားအစိုးရနှင့် ချုပ်ဆိုခဲ့သော ရုပ်သံထုတ်လွှင့်မှု သဘောတူစာချုပ်ကို အာဏာသိမ်း စစ်ကောင်စီက ချိုးဖောက်ခဲ့ကြောင်း မဇ္ဈိမ (Mizzima) နှင့် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းဌာနတို့က ထုတ်ဖော် ပြောဆိုလိုက်သည်။
ရုပ်သံလိုင်းထုတ်လုပ်ခွင့် လိုင်စင်ပိတ်သိမ်းခံထားရသော Mizzima နှင့် DVB သတင်းဌာနတို့အား ရုပ်သံလိုင်း အသုံးပြုခအတွက် ပေးရန်ကျန်ရှိသော ငွေကျပ်သိန်း ၁ ထောင်ရလိုမှုဖြင့် တရားစွဲသွားမည်ဟု စစ်ကောင်စီက ဇူလိုင် ၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည့် အပေါ် Mizzima နှင့် DVB တို့က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
Mizzima သတင်းဌာန တည်ထောင်သူ ဦးစိုးမြင့်က “သူတို့တွေဘက်က လွတ်လပ်တဲ့ သတင်းဌာန တွေကို ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ရုပ်သိမ်းလိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။
တလလျှင် ငွေကျပ် သိန်း ၂၀၀ ပေးဆောင်ရသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ အခမဲ့ရုပ်သံလိုင်းတွင် ချန်နယ်ထည့်သွင်းခအတွက် Mizzima သတင်းဌာနက ၄ လစာ ငွေကျပ်သိန်း ၈၀၀ နှင့် DVB က ၁ လစာ၊ သိန်း ၂၀၀ ပေး ဆောင်ရန် ကျန်ရှိနေသည့်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၌ အမှုဖွင့်တရားစွဲရန် စီစဉ်နေကြောင်း စစ်ကောင်စီဘက်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
Mizzima သတင်းဌာနအနေဖြင့် ကြွေးကျန်များပေးရန်ကျန်ရှိနေသော်လည်း MRTV ဘက်မှ နှစ်ဖက်သဘောတူစာချုပ်ပါ စည်းကမ်းများကို ချိုးဖောက်ကာ ရုပ်သံလိုင်းကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သလို စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း Mizzima နှင့် ဆက်နွယ်နေသော ဘဏ်စာရင်း အကောင့်များကို ပိတ်သိမ်းခဲ့ပြီး ထိုထိန်းသိမ်းခံထားရသော ငွေပမာဏ သည်ပင် ကျပ်သိန်း ၉၀၀ ဝန်းကျင်အထိ ရှိနေကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးစိုးမြင့် က “သူတို့ကို ပေးစရာရှိတဲ့ အကြွေးက သိန်း ၈၁၂၊ ကျနော်တို့ ပိုက်ဆံတွေ အသိမ်းခံထားရတာက သိန်း ၉၀၀ ကျော်ဆိုတော့ ကျနော်တို့ ကတောင် ပြန်ရစရာရှိပါသေးတယ်” ဟု ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ Mizzima အနေဖြင့် လွတ်လပ်သည့် တရားစီရင်မှုရှိသော မည့်သည်နေရာတွင်မဆို တရားရင်ဆိုင်ရန်အသင့်ရှိသလို ဥပဒေကြောင်းအရ ပြန်လည် တုံ့ပြန်ရန် ကိစ္စရပ်များလည်း ရှိနေသေးကြောင်း ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် Mizzima သတင်းဌာနမှ သတင်းထောက်များအပါအဝင် ဝန်ထမ်း ၇ ဦးအထိ ဖမ်းဆီးခံခဲ့ရသလို လက်ရှိအချိန်ထိ ၁ ဦး ဖမ်းဆီးထောင်ချခံထားရသည်။ စစ်တပ် အာဏာသိမ်းစဉ် ကလည်း Mizzima ရုံးခန်းအား စစ်ကောင်စီ ဝင်ရောက်စီးနင်းရှာဖွေကာ ပစ္စည်းများကို သိမ်းဆည်းခဲ့သေးသည်။
ဦးစိုးမြင့်က ဆက်၍ “မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကတည်းက လွတ်လပ်တဲ့ မီဒီယာတွေ၊ သတင်းသမားတွေကို အသေသတ်ဖို့ ကြိုးစားခဲ့တာပါ။ အာဏာသိမ်းလိုက်ကတည်းက မြန်မာ့သတင်း လွတ်လပ်ခွင့်က ဇီးရီုးကို ပြန်ရောက်သွားပြီ၊ သုည ဖြစ်သွားပါပြီ။ မြန်မာသတင်းသမား တွေဟာ သူတို့ ရန်ကုန်မှာပဲရှိရှိ၊ ထိုင်းနိုင်ငံမှာပဲ ရှိရှိ၊ အိန္ဒိယနိုင်ငံမှာပဲရှိရှိ ဘယ်မှာပဲရှိရှိ လုံခြုံမှု လုံးဝကို မရှိနေပါဘူး” ဟု ပြောသည်။
DVB သတင်းဌာနအနေဖြင့်လည်း MRTV နှင့် ချုပ်ဆိုထားသော စာချုပ်အတိုင်း ၃ လတခါ ငွေပေးချေမှု ပျက်ကွက်ခဲ့ခြင်း မရှိဘဲ အပြည့်အဝ ပေးဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်ကသာ သဘောတူစာချုပ်များကို ချိုးဖောက်ကာ ရုပ်သံထုတ် လွှင့်မှုများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း DVB သတင်းဌာန၏ သတင်းနှင့် မျက်မှောက်ရေးရာ ဒါရိုက်တာ ဦးသန်းဝင်းထွဋ်က ဧရာဝတီသို့ ပြောသည်။
ဦးသန်းဝင်းထွဋ်က “ကျနော်တို့ သဘောတူစာချုပ် ချုပ်ခဲ့ကြတာက တရားဝင်အစိုးရနဲ့ ချုပ်ဆိုခဲ့တာ ဖြစ်တဲ့အတွက် တရားဝင်အစိုးရတရပ် ပြန်ရှိလာတဲ့အခါမှသာ ဒီစာချုပ်ကို ပြန်လည်သုံးသပ်ဖို့ ကိစ္စရပ်တွေက လုပ်သွားပါမယ်” ဟု ပြောဆိုသည်။
အဆိုပါ ရုပ်သံလိုင်း ၂ ခုသည် စစ်အာဏာစသိမ်းခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစပြီး ပြည်တွင်း၌ ထုတ်လွှင့်ခွင့် ပိတ်ပင်ခံခဲ့ရခြင်းဖြစ်ကာ၊ စစ်ကောင်စီလက်အောက် ပြန်ကြားရေး ဝန်ကြီးဌာနကလည်း 7 Days၊ Myanmar Now၊ ဧရာဝတီနှင့် ခေတ်သစ် အပါအဝင် သတင်းဌာန ၁၀ ခု ထက်မနည်းကို ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းထားသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ထုတ်နေသည့် လွတ်လပ်သော သတင်းမီဒီယာများကို နှိမ်နင်းသည့်အနေဖြင့် ထုတ်ဝေခွင့်လိုင်စင်များ ရုပ်သိမ်းသည့် အပြင် သတင်းတိုက်များကို စီးနင်းချိတ်ပိတ်ခြင်း၊ သတင်းထောက်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် သတင်းထောက်များ၏ နေအိမ်များကို ချိတ်ပိတ်ခြင်းပါ ပြုလုပ်ခဲ့သည်။
ဧရာဝတီသတင်းဌာန၏ ထုတ်ဝေသူဟောင်း ဦးသောင်းဝင်းကိုလည်း ပြီးခဲ့သည့် ဇွန် ၂၈ ရက်တွင် ဆူပူအောင် လှုံ့ဆော်သည်ဟု စွပ်စွဲကာ ထောင် ၅ နှစ် ချထားသေးသည်။
ဧရာဝတီသတင်းဌာနကိုလည်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး ထုတ်ဝေခွင့်လိုင်စင်ကိုလည်း ရုတ်သိမ်းခဲ့သည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီး တလအကြာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ဧရာဝတီ သတင်းဌာနက ထိုစဉ်ကဖြစ်ပွားနေသည့် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများအကြောင်း သတင်းဖော်ပြရာတွင် စစ်ကောင်စီတပ်များကို မထေမဲ့မြင်ပြုသည်ဟု စွပ်စွဲကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခဲ့သည်။ ရဲတပ်ဖွဲ့က ဧရာဝတီမှ ဝန်ထမ်းများကို တရားမစွဲဘဲ သတင်းဌာနတခုလုံးအနေဖြင့် အမှုဖွင့်သောကြောင့် အာဏာသိမ်းပြီးနောက် ပထမဆုံး တရားစွဲခံရသည့် သတင်းဌာနဖြစ်ခဲ့သည်။
ရန်ကုန်မြို့လယ်ရှိ ဧရာဝတီ သတင်းဌာနရုံးခန်းကိုလည်း ထိုနှစ်အတွင်း စစ်ကောင်စီတပ်များက နှစ်ကြိမ် ဝင်ရောက်စီးနင်းခဲ့သည်။
ယခင်က ဧရာဝတီသတင်းဌာနတွင် လုပ်ကိုင်ခဲ့သော ဓာတ်ပုံသတင်းသမား ကိုဇော်ဇော်ကိုလည်း လှုံ့ဆော်မှုဖြင့် လွန်ခဲ့သောနှစ် သြဂုတ်လက ထောင် ၃ နှစ်ချခဲ့သည်။ ၂၀၂၂ ခုနှစ် အစောပိုင်းကလည်း ဧရာဝတီမှ ဝန်ထမ်းတဦးကို ခေတ္တ ဖမ်းဆီးခဲ့ပြီး အယ်ဒီတာတဦး၏ နေအိမ်ကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်။
သတင်းထောက်များ အကာအကွယ်ပေးရေးကော်မတီ (CPJ) ၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ စာရင်းအရ မြန်မာနိုင်ငံသည် ထောင်သွင်းအကျဉ်းချခံထားရသော သတင်းထောက် အနည်းဆုံး ၄၂ ဦးဖြင့် ကမ္ဘာပေါ်တွင် တတိယ အဆိုးရွားဆုံးနိုင်ငံဖြစ်ကြောင်း ဖော်ပြထားသည်။
You may also like these stories:
ဧရာဝတီ ထုတ်ဝေသူ နာမည်ခံပေးသူကို ထောင်ဒဏ် ၅ နှစ်ချ
သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် စာရင်းတွင် မြန်မာပါဝင်လာ
စစ်အာဏာသိမ်း ခေတ်ဆိုးကြီးထဲက သတင်းသမားများ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများ ဆက်တိုက် အဖမ်းခံနေရ