ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ထောက်ခံပွဲ၌ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ တက်ရောက်သယောင် ပြုခဲ့မိသည့် အပေါ် ပွဲကျင်းပရေး ကော်မတီက တရားဝင် တောင်းပန်ခဲ့ကြောင်း သိရသည်။
အပြည်ပြည် ဆိုင်ရာ တရားရုံး (ICJ) ကြားနာမှု အတွက် နယ်သာလန် နိုင်ငံသို့ သွားရောက် ဖြေရှင်းနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို မဇ္ဈိမ လူမှုရေးအသင်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့က ဦးဆောင်ကာ ဒီဇင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုထောက်ခံပွဲတွင် SNLD မှ ပါတီဝင်များ တက်ရောက်ခြင်း မရှိဘဲ တက်ရောက်သယောင် လူအများ တန်းစီသည့် အရှေ့၌ SNLD မြေစိုက် ဆိုင်းဘုတ်ထောင်ခြင်း အပေါ် လူသိရှင်ကြား တောင်းပန်ရမည်ဟု SNLD ၏ ဒု ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ဧရာဝတီသို့ ပြောဆိုခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မဇ္စိုမ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်ဆွေကလည်း “ကျနော်တို့ တရားဝင် တောင်းပန် ပြီးပါပြီ။ လူတွေက သိနေကြတယ်၊ ခင်ကြတယ်ဆိုပေမယ့် ပါတီအဖွဲ့အစည်း တခု ဖြစ်တဲ့အတွက် ထိခိုက် နစ်နာသွားတယ် ဆိုရင် ကျနော်တု့ိ အဖွဲ့အနေနဲ့ တောင်းပန်ပါတယ်ဆိုပြီး ရုံးချုပ် တစောင်နဲ့ တာချီလိတ်ရုံးကို တစောင်ပေးပို့ပြီး မီဒီယာတွေ ရှေ့မှာ တရားဝင် တောင်းပန်ခဲ့ပါတယ်” ဟု ဆိုသည်။
ထောက်ခံပွဲ ကျင်းပရေး ကော်မတီက ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့များ စသည့် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို ဖိတ်ကြားထားသောကြောင့် ၎င်းတို့ တက်ရောက်လာပါက အဆင်ပြေစေရန် ကဏ္ဍအလိုက် မြေစိုက်ဆိုင်းဘုတ်လေးများ လုပ်ထားပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဦးတင်ဆွေ က “အဲဒီနေရာမှာ ရှမ်းတိုင်းရင်းသားများအဖွဲ့နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်ကို မှား သိမ်းလိုက်မိတယ်။ ဒါပေမယ့် ကျနော်တို့ ချက်ခြင်း ပြင်လိုက်ပါတယ်။ အဲဒီအချိန် ခဏလေး အတွင်းမှာ မီဒီယာက ဓာတ်ပုံ ရိုက်မိသွားတဲ့အတွက် ဒီလိုဖြစ်သွားရတာပါ” ဟု ပြောသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ကိစ္စနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး၌ နိုဝင်ဘာလ ၁၁ ရက်တွင် တရားစွဲဆိုမှု တင်သွင်းခဲ့သည်။
မြန်မာကို ဂမ်ဘီယာက တရားစွဲဆိုမှု အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့က နယ် သာလန် နိုင်ငံ သည်ဟိတ်ဂ် မြို့ရှိ ICJ တရားရုံးတွင် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက် အထိ ခုခံဖြေရှင်းနေသည့် အပေါ် ထောက်ခံ ကြိုဆိုသည့် ပွဲများကို မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းအသီးသီး၌ ပြုလုပ်ခဲ့ကြသည်။
ဆက်စပ်ဖတ်ရှုရန်
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း နိုင်ငံအနှံ့ ထောက်ခံပွဲများပြုလုပ်