ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးတလျှောက်ရှိ စစ်ကောင်စီ တပ်စခန်းများနှင့် ကာကင်းစခန်းငယ်များအား ယနေ့ နံနက်ပိုင်းမှစတင်ကာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
၎င်းက “ဒီမနက် ၆ နာရီဝန်းကျင်ကတည်းက ကျနော်တို့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်တာ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ ကာကင်းတွေပေါ့။ စခန်းကြီးတွေကိုကတော့ မတိုက်ရသေးပါဘူး” ဟု ဆိုသည်။
KIA နှင့် ပူးပေါင်းတပ်များအနေဖြင့် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ရွှေညောင်ပင် ခြေလျင်တပ်ရင်း ခလရ-၃၂၁ တပ်စခန်းဝန်းကျင်၊ ခရာဘွမ်၊ ဘွမ်ရဲဘွမ်တောင်ကြောတလျှောက် တပ်စခန်းများနှင့် မလိယန်၊ ဒေါ့ဖုန်းယန်ဒေသရှိ တပ်စခန်းများအား တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကာကင်းခန်းတချို့အား သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ခရာဘွမ်နှင့် ဘွမ်ရဲဘွမ်တောင်ကြောရှိ စစ်ကောင်စီတပ်စခန်းများမှာ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အား မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြိမ်းခြောက်လေ့ရှိသည့် စခန်းများ ဖြစ်သည်။
ယခု ထိုးစစ်ဆင်မှုသည် မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက် ပြည်သူများ သွားလာမှုအပေါ် ပိတ်ဆို့ကန့်သတ်နေသော စခန်းများဖြစ်သည့်အပြင် KIA တပ်စခန်းများကိုပါ အနှောင့်အယှက်ပေးနေသည့် အရေးပါသောစခန်းများ ဖြစ်သောကြောင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
လက်ရှိ တိုက်ပွဲများကြောင့် လိုင်ဇာမြို့တွင် နေထိုင်သည့် ဒေသခံအရပ်သား အများအပြား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများရှိနေကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားသည်။
ထိုးစစ်ဆင်မှုနှင့် ပတ်သက်ပြီး အခြေအနေအသေးစိတ်အား မသိရသေးသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားရန်ရှိနေကြောင်း ဗိုလ်မှူးကြီး နော်ဘူက သတိပေးသည်။
You may also like these stories:
ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း
တလနီးပါး တိုက်ခိုက်ပြီးနောက် နမ့်ဖတ်ကာကို KIA သိမ်း
ဖားကန့်က ဝှေခါတပ်စခန်းကို KIA သိမ်း