၁၉၄၂ ၊ မတ် ၈ ရက်နေ့သည် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)နှင့် ဂျပန်တပ်မတော်က ရန်ကုန်မြို့ကို အင်္ဂလိပ်လက်မှ သိမ်းယူခဲ့သည့်နေ့ဖြစ်သည်။ ထိုနေ့မတိုင်မီ မတ် ၁ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ )နှင့် ဂျပန်တပ်များ ချီတက်လာသည်ကို သိသော မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မံစမစ်သည် ရန်ကုန်မြို့က ဆုတ်ခွာခဲ့ပြီးဖြစ်သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)သည် စစ်ကြောင်းသုံးကြောင်းခွဲကာ ဂျပန်တပ်မတော်နှင့်အတူ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ရာ မတ်လဆန်းတွင် ရန်ကုန်သို့ ရောက်လာခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)သည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့က ဘန်ကောက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မတ် ၅ ရက်နေ့တွင် ရန်ကုန်မြို့ကို တိုက်ခိုက်သိမ်းယူရန် ဆုံးဖြတ်ခဲ့ပြီး မတ် ၇ ရက် နေဝင်သည်နှင့်တပြိုင်နက် ထားဝယ်စစ်ကြောင်းသည် မှော်ဘီဘက်မှ ရန်ကုန်မြို့သို့ တောက်လျှောက် ထိုးစစ်ဆင်ခဲ့သည်။ ခုခံတိုက်ခိုက်မှုများရှိသော်လည်း မတ် ၈ ရက်နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့တွင် ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်။ ဘီအိုင်အေ စဖွဲ့စဉ်က ရာဂဏန်းမျှရှိသော်လည်း ရန်ကုန်မြို့သို့ ရောက်ရှိသောအခါ အင်အားလေးသောင်းနီးပါးအထိ တိုးပွားခဲ့သည်။ ရန်ကုန်မြို့ကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)က အုပ်ချုပ်ခဲ့ပြီး ဘီအိုင်အေသည် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်းပါတော်မူပြီးနောက် ပထမဆုံးပေါ်ပေါက်လာသည့် အမျိုးသားတပ်မတော်ပင်ဖြစ်သည်။