မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲနောက်ပိုင်း ရလဒ်များကို ပုံဖော်ရန် ထိုင်းမှ ခန့်အပ်ခံ အဖွဲ့အစည်းများက နိုင်ငံရေး လျှို့ဝှက်ကြံစည်မှုများ ပြုလုပ်နေသော်လည်း ထိုင်းနိုင်ငံသည် ထာဝရ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ Move Forward ပါတီ (MPF) သည် ပါလီမန်နေရာ ၅၀၀ အနက် ၁၅၁ နေရာ အနိုင်ရပြီး နိုင်သည့်ဘက်တွင် အင်အားအများဆုံးဖြစ်ကာ ၎င်း၏အောင်ပွဲသည် နက်ရှိုင်းသော်လည်း ယခင်က မဖြစ်ခဲ့ဖူးသည် မဟုတ်ပေ။
ဖွေထိုင်းပါတီက အနိုင်ရသည့်ပါလီမန် ကိုယ်စားလှယ် ၁၄၁ ဦးနှင့်အတူ ထိုအတိုက်အခံ ပါတီနှစ်ခုက သမိုင်းမျဉ်းကွေးသည် အကြီးအကျယ် ပြောင်းလဲသွားပြီဖြစ်ကြောင်း တခုနှင့်တခုသာမက ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေးအသိုက်အဝန်းသို့ပါ မရည်ရွယ်သော သတင်းစကားတခု ပေးပို့နေသည်။ သမိုင်းဒီရေမြင့်သစ်တွင် အလိုက်သင့်ပါဝင်ရန်နှင့် ထိန်းညှိရန် ပျက်ကွက်ခဲ့ခြင်းက ဖွေထိုင်းပါတီကို ဘေးထွက်သွားစေပြီး ၎င်းတို့၏ အဓိက အုတ်မြစ်တည်ဆောက်ထားမှုအပေါ် စိန်ခေါ်မှု ဖြစ်သွားစေခဲ့သည်။
လူငယ်ပါတီသစ်တခုက ရွေးကောက်ပွဲနယ်ပယ်ကို သိမ်းပိုက်ပြီး ပြိုင်ဘက်ကို ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်စေသည်မှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။
MPF သည် လွန်ခဲ့သော သုံးနှစ်က Future Forward ပါတီအဖြစ် ဖျက်သိမ်းခံရသော်လည်း ၎င်းတို့ကို ထောက်ခံမှု ပိုမိုကျယ်ပြန့် နက်ရှိုင်းအောင် လုပ်နိုင်သည်ဆိုသော အချက်သည် ချဲ့ကားပြောဆိုရန် ခက်ခဲသော အောင်မြင်မှု ဖြစ်သည်။ သို့သော် လူငယ်ပါတီသစ်တခုက ရွေးကောက်ပွဲနယ်ပယ်ကို သိမ်းပိုက်ပြီး ပြိုင်ဘက်ကို ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်စေသည်မှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။
ဖွေထိုင်း၏ မူလပါတီဖြစ်သော သက်ဆင် ရှင်နာဝပ် ဦးဆောင်သည့် ထိုင်းရက်ထိုင်း ပါတီသည် ထိုသို့သော လမ်းကြောင်းတွင် ပထမဆုံးသူဖြစ်သည်။ သူသည် ဖွေထိုင်းအတွက် အငြင်းပွားစရာနှင့် နိုင်ငံပြင်ပတွင် နေထိုင်သည့် ခေါင်းကိုင်ဖခင်ကြီး ဖြစ်သည်။
ထိုင်းရက်ထိုင်းပါတီကို တည်ထောင်ပြီး သုံးနှစ်မျှသာကြာသေးသည့် အချိန် ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလတွင် ထိုင်းရက်ထိုင်းပါတီ ရွေးကောက်ပွဲ ဝင်သောအခါ ယှဉ်ပြိုင်ခွင့်ရှိသည့် နေရာ ၅၀၀ အနက် ၁၄၈ နေရာတွင် အနိုင်ရပြီး အခြားပါတီများမှာ အံ့သြကာ စကားပင် မပြောနိုင်ပေ။ ထိုစဉ်က အခြေခိုင်ပြီး ပါတီများဖြစ်သည့် Democrats, New Aspiration, Chart Thai နှင့် Chart Pattana ပါတီများသည် ရထားနှင့် အတိုက်ခံရသကဲ့သို့ ဖြစ်သွားသည်။
ထိုအစဉ်အလာပါတီများသည် ညီညွတ်ရေး၊ ချမ်းသာကြွယ်ဝရေး၊ တိုးတက်မှု၊ ကျန်းမာရေးကောင်းခြင်းနှင့် ပျော်ရွှင်မှု စသည့် ယောင်ဝါးဝါး မဲဆွယ်နည်းဟောင်းများဖြင့် ရွေးကောက်ပွဲဝင်ကြသည်။ ထိုအချိန်က ထိုင်းမဲဆန္ဒရှင်များသည် မတူညီသည့် အသစ်အဆန်းကို လိုလားနေသည်။ ထိုအသစ်အဆန်းကို စိတ်ကူးဖော်ထုတ် ကမ်းလှမ်းလိုက်သောအခါ သန်းပေါင်းများစွာသော မဲဆန္ဒရှင်များသည် ယခင်မကြုံဖူးသည့် အတိုင်းအတာဖြင့် အရူးအမူးဖြစ်ကုန်ကြသည်။
စမတ်ဖုန်းမပေါ်မီခေတ်က ထိုင်းရက်ထိုင်းပါတီ တည်ထောင်သည့်အချိန်သည် ကွန်မြူနစ်ပါတီကို မောင်းထုတ်လိုသည့် စစ်အေးတိုက်ပွဲ စေ့စော်မှု လွှမ်းမိုးပြီး လူထုထောက်ခံမှုရှိသော အုပ်ချုပ်ရေး ဆယ်စုနှစ် ငါးခု ပြီးဆုံးသွားသည့်အချိန် ဖြစ်သည်။
စစ်တပ်၊ ဘုရင်စနစ်နှင့် ဗျူရိုကရေစီသည် ထိုင်းနိုင်ငံရေးစနစ်တွင် လွှမ်းမိုးသူများ ဖြစ်လာသည်။ ထိုကာလအတွင်းတွင် ပိုမိုကောင်းမွန်သည့် လူနေမှုအဆင့်အတန်းကို ဖြည့်ဆည်းပေးနေသည့် အရှိန်အဟုန်ကြီးမားသော စီးပွားရေးတိုးတက်မှုကိုလည်း ဖြစ်စေခဲ့သော်လည်း ထိုတိုးတက်မှုများသည် ဘန်ကောက်နှင့် စီးပွားရေးလုပ်ငန်းကြီးများတွင်သာ ရှိနေပြီး မညီမျှမှုနှင့် ဝင်ငွေကွာဟမှု ကြီးမားနေသည်။
အကျင့်ပျက်ခြစားမှုနှင့် မသမာမှုများဖြင့် ပံ့ပိုးထားသည့် လာဘ်ပေးလာဘ်ယူကွန်ရက်က ရွေးကောက်ပွဲနိုင်ငံရေးကို ၁၉၉၂၊ ၁၉၉၅ နှင့် ၁၉၉၆ တွင် လွှမ်းမိုးခဲ့သည်။
ဆင်းရဲသူများနှင့် အခွင့်အရေးဆုံးရှုံးသူများသည် လျစ်လျူရှုခံနေရပြီး ထိုင်းနိုင်ငံတွင် ဗျူရိုကရက်အရာရှိများ သြဇာလွှမ်းမိုးထားသောကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ တက်လာလိုက် ဆင်းသွားလိုက်နှင့် မည်သည့် ထူးခြားမှုမျှ မရှိသော ဗျူရိုကရက်နိုင်ငံဖြစ်လာသည်။ အကျင့်ပျက်ခြစားမှုနှင့် မသမာမှုများဖြင့် ပံ့ပိုးထားသည့် လာဘ်ပေးလာဘ်ယူကွန်ရက်က ရွေးကောက်ပွဲနိုင်ငံရေးကို ၁၉၉၂၊ ၁၉၉၅ နှင့် ၁၉၉၆ တွင် လွှမ်းမိုးခဲ့သည်။
ထိုစဉ်က အခြေအနေသည် ရဲရင်သည့်ပါတီသစ် ထိုင်းရက်ထိုင်းပါတီအတွက် တိုးတက်မှုပေးရန်နှင့် မြို့ပြကျေးလက် ဆင်းရဲချမ်းသာကွာဟမှုကို ကိုင်တွယ်ဖြေရှင်းပြီး မဲဆန္ဒရှင်များနှင့် တိုက်ရိုက်ဆက်သွယ်ကာ လူထု၏စိတ်ကူးကို ဖမ်းစားရန် အချိန်ကောင်းဖြစ်သည်။
ပါတီဟောင်းများသည် လာဘ်ပေးလာဘ်ယူနှင့် မသမာမှုမပါဘဲ မဲဆန္ဒရှင်များလိုလားသည့် မူဝါဒများဖြင့် လုပ်ဆောင်ခြင်းကို နားမလည်ကြပေ။ ၁၉၉၀ ပြည့်နှစ်များအတွင်းက ဒီမိုကရက်တစ်ပါတီသည် စစ်တပ် ဆန့်ကျင်ရေး၊ အာဏာသိမ်းမှု ဆန့်ကျင်ရေးကို လိုလားသော်လည်း ဘုရင်စနစ်ကို ထောက်ခံသည့် ဆွဲဆောင်မှုရှိသော ဂုဏ်သတင်းကို ခဏတာမျှ ရခဲ့သည်။
၂၀၀၆ နှင့် ၂၀၁၄ အာဏာသိမ်းမှုများကို မဆန့်ကျင်ဘဲ စစ်တပ်ကို ထောက်ခံသောကြောင့် ထိုပါတီ၏ စွမ်းဆောင်ရည်သည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း မှန်မှန်ကျဆင်းလာသည်။ ခေတ်ရေစီးနှင့် ပြောင်းလဲမှုများသည် စစ်တပ်က လိုလားသည့်အတိုင်း ဖြစ်မလာဘဲ ဒီမိုကရက်တစ်ပါတီသည် ဗိုလ်ချုပ်များနှင့် ရပ်တည်သောကြောင့် ချောင်ပိတ်မိသွားသည်။
စတင်တည်ထောင်စဉ်က ထိုင်းရက်ထိုင်းပါတီ၏ ကြွေးကြော်သံမှာ “အတွေးအခေါ်သစ်၊ လုပ်ဆောင်မှုအသစ်” ဖြစ်ပြီး လူထုက လိုလားသည့် ခိုင်မာသောမူဝါဒများနှင့် ပေါင်းစပ်ထားသည်။ ဆင်းရဲသူများကို ထောက်ခံအားပေးသည့်အခြေခံဖြင့် တက်လာသော ထိုင်းရက်ထိုင်းပါတီသည် မဲဆန္ဒရှင်များ၏ လိုအပ်ချက်များနှင့် ထိခိုက်နစ်နစ်မှုများကို သရုပ်ခွဲရန် မဲဆန္ဒရှင်များကို သိပ္ပံနည်းကျ စနစ်တကျလေ့လာသည့် ပညာရှင်ပီသသော ရွေးကောက်ပွဲလေ့လာသူများနှင့် မူဝါဒပညာရှင်များကို ငှားရမ်းသည်။
ရလဒ်မှာ ပထမမျိုးဆက် “လူထုထောက်ခံသော” မူဝါဒများဖြစ်သည့် ကျေးလက်အကြွေး ဆိုင်းငံ့ရေး၊ “ကျေးရွာရန်ပုံငွေ” ဟုခေါ်သည့် အသေးစားချေးငွေ အစီအစဉ်၊ “မြို့နယ်တခု ထုတ်ကုန်တခု” ဟု ခေါ်သည့် ကမ္ဘာ့ဈေးကွက်သို့ လက်မှုပစ္စည်းတင်ပို့မှု အားပေးရေး၊ လုံးဝအောင်မြင် သက်တမ်းရှည်ကြာသည့် ကျန်းမာရေးစနစ်ဖြစ်သော ဆေးရုံတခါပြ ဘတ် ၃၀ စနစ်နှင့် မူဝါဒနှင့် ဗျူရိုကရေစီ ပြုပြင် ပြောင်းလဲရေး အစီအစဉ် အများအပြား ဖြစ်သည်။
၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များတွင် ဖျက်သိမ်းခံရပြီး ပြန်လည်ဖွဲ့စည်းသော တတိယနှင့် နောက်ဆုံးအမည်ဖြစ်သည့် ဖွေထိုင်းပါတီသည် ယခုနောက်ဆုံး ရွေးကောက်ပွဲတွင်လည်း အခြားသော လုပ်အားခနှင့် လူမှုဖူလှုံရေး ထောက်ပံ့မှုများ မြှင့်တင်ခြင်းနှင့်အတူ အသက် ၁၆ နှစ်အထက် ထိုင်းနိုင်ငံသားများကို ဘတ် ၁ သောင်း အွန်လိုင်းငွေကြေး ပေးရန်တို့ဖြင့် လူထုထောက်ခံမှု မဲဆွယ်သည်။
ယခုတကြိမ်တွင် ပစ်မှတ်မှားသွားသည်။ ထိုသက်ဆင် ပါတီသည် စစ်အာဏာသိမ်းမှုနှင့် တရားစီရင်ရေး ဝင်ရောက်စွက်ဖက်မှုများကို ရင်ဆိုင်ပြီး ၂၀၀၁၊ ၂၀၀၅၊ ၂၀၀၇၊ ၂၀၁၁ နှင့် ၂၀၁၉ ရွေးကောက်ပွဲများ၌ အများစု အနိုင်ရပြီး နောက်ပိုင်း ၂၀၂၃ ခုနှစ်တွင် ပထမဆုံး ရှုံးနိမ့်သည်။
သို့သော် ယခုတကြိမ်တွင် ပစ်မှတ်မှားသွားသည်။ ထိုသက်ဆင် ပါတီသည် စစ်အာဏာသိမ်းမှုနှင့် တရားစီရင်ရေး ဝင်ရောက်စွက်ဖက်မှုများကို ရင်ဆိုင်ပြီး ၂၀၀၁၊ ၂၀၀၅၊ ၂၀၀၇၊ ၂၀၁၁ နှင့် ၂၀၁၉ ရွေးကောက်ပွဲများ၌ အများစု အနိုင်ရပြီး နောက်ပိုင်း ၂၀၂၃ ခုနှစ်တွင် ပထမဆုံး ရှုံးနိမ့်သည်။
ထိုင်းနိုင်ငံရေးတွင် အများကြိုက်ဝါဒ ခေတ်ကုန်သွားပြီဖြစ်သည်။ ထိုင်းရက်ထိုင်းပါတီအောက်တွင် ယခင် စစ်တပ်နှင့် ဘုရင်စနစ်အောက်မှ ဗျူရိုကရက်တစ် နိုင်ငံတော်တွင် လာဘ်ပေးလာဘ်ယူမှု စနစ်ဟောင်းကို ဖျက်သိမ်းပြီး ပြည်သူများကို လက်တွေ့ကျသော အခြားစနစ်နှင့် ဘုံအနာဂတ်ကို ပေးသည်။ သေချာသောအချက်မှာ အများကြိုက်ဝါဒသည် ဆက်လက်ရှိနေမည် ဖြစ်သော်လည်း ယခင်ကဲ့သို့ ရွေးကောက်ပွဲ နိုင်မည်မဟုတ် ဆိုသည့်အချက်ဖြစ်သည်။
MFP ပါတီသည် ထိုင်းရက်ထိုင်းပါတီပုံစံမျိုး အသစ်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ပြောင်းလဲနေသောအခြေခံသည် မြို့ပြ-ကျေးလက်နှင့် ဆင်းရဲ-ချမ်းသာကွာဟမှု၊ ၎င်းတို့ကို ပေါင်းကူးပေးမည့် အများကြိုက်မူဝါဒများမှသည် စနစ်နှင့် အဖွဲ့အစည်း ပြုပြင်ပြောင်းလဲမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အောက်မှ စစ်တပ်၊ ဘုရင်စနစ်၊ ဗျူရိုကရေစီနှင့် တရားရေး အပြောင်းအလဲများသို့ ရွေ့လာသည်။
ဖွေထိုင်းပါတီသည် ၎င်းတို့ ၂၀၀၀ ပြည့်နှစ်များနှင့် ၂၀၁၀ ပြည့်နှစ်များက ချမှတ်ထားသည့် နိုင်ငံရေးတွင် ပိတ်မိနေပြီး လူထုထောက်ခံမှု ယခုထက် ပိုမရနိုင်တော့ခြင်း၊ သက်ဆင်ပြဿနာတို့နှင့် လမ်းဆုံးနေသည်။ ဖွေထိုင်းသည် အစဉ်အလာ အင်စတီကျူးရှင်းများကို ပြုပြင်ပြောင်းလဲမည့် စနစ်သစ်သို့ သေနင်္ဂဗျူဟာကျကျ မပြောင်းလဲနိုင်ပါက၊ မပြောင်းလဲလိုပါက နောက်လာမည့် ရွေးကောက်ပွဲများတွင် အနိုင်ရသည့် အရေအတွက် လျော့ကျမည်ဖြစ်သည်။
MFP ပါတီကို ထပ်မံဖျက်သိမ်း သို့မဟုတ် အတိုက်အခံ အနေအထားသို့ တွန်းပို့ပါက လာမည့်ရွေးကောက်ပွဲတွင် အများစုအနိုင်ရသည့် ပါတီအဖြစ် ထပ်မံ အင်အားတောင့်တင်းလာမည် ဖြစ်သည်။
ရှေ့ဆက်ချီတက်ရန်အတွက် ဖွေထိုင်းသည် သက်ဆင်ကို ကျော်ဖြတ်ပြီး သက်ဆင်ထက် သာလွန်အောင်လုပ်ဆောင်ရမည်ဖြစ်ပြီး တချိန်တည်းတွင် MFP ကို အနိုင်ရစေသည့် ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်များ ချမှတ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ဖွေထိုင်းသည် ဒီမိုကရက်တစ်ပါတီကဲ့သို့ အခြေမလှသည့်ပါတီတခု ဖြစ်လာနိုင်သည်။
ပိုမိုများပြားလာသော မဲဆန္ဒရှင်များက ပြုပြင်ပြောင်းလဲရေးနှင့် အပြောင်းအလဲကို ပိုမိုလိုလားလာသောကြောင့် MFP ပါတီအတွက် လှုပ်ရှားစရာနယ်ပယ် ပိုမိုကျယ်ဝန်းလာသည်။ ထိုပါတီကို ထပ်မံဖျက်သိမ်း သို့မဟုတ် အတိုက်အခံ အနေအထားသို့ တွန်းပို့ပါက လာမည့်ရွေးကောက်ပွဲတွင် အများစုအနိုင်ရသည့် ပါတီအဖြစ် ထပ်မံ အင်အားတောင့်တင်းလာမည် ဖြစ်သည်။
အစိုးရဖွဲ့စည်းနိုင်ပါက MFP ပြုပြင်ပြောင်းလဲရေးနှင့် အပြောင်းအလဲများကို ထောက်ခံသူ၊ ဘက်ပြောင်းထောက်ခံသူ ပိုမိုများပြားလာမည် ဖြစ်သည်။ အခြား ပြုပြင်ပြောင်းလဲရေး ဦးတည်သည့် ပြိုင်ဘက်မပေါ်သေးသမျှ ကြိုမြင်နိုင်သည့် အနာဂတ်ကာလတွင် MFP သည် ရွေးကောက်ပွဲနိုင်ငံရေးတွင် စိုးမိုးနေမည်ဖြစ်သောကြောင့် အစဉ်အလာ အာဏာဗဟိုချက်များသည် ပြုပြင်ပြောင်းလဲရေး တွန်းအားကို မည်သို့ရှောင်ရှားမည်နည်းဟု သိရန် ခက်ခဲသည်။
(Bangkok Post ပါ Thitinan Pongsudhirak ၏ The Tide of History Shifts in Thai Politics ကို ဘာသာပြန်သည်။ ဒေါက်တာ သီတီနန် ပေါင်ဆူဒီရက်သည် နိုင်ငံရေးသိပ္ပံမဟာဌာန ပါမောက္ခဖြစ်ပြီး ချူလာလောင်ကွန်း တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံမဟာဌာနမှ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး အင်စတီကျု သုတေသီ ဖြစ်သည်။)
You may also like these stories:
ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်
မြန်မာ့အရေး ထိုင်း နှုတ်ဆိတ်နေမည် မဟုတ်ဟု ညွန့်ပေါင်းဖွဲ့မည့် MFP ပြော
Move Forward ပါတီအောက်တွင် ထိုင်း၏ မြန်မာမူဝါဒ မည်သို့ပြောင်းလဲမည်နည်း
Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့
Move Forward ပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရဖွဲ့ရေးက ဆပ်ပြာပူဖောင်းလား
အတိုက်အခံများ ထိုင်းရွေးကောက်ပွဲနိုင်၊ စစ်တပ်ကို စိန်ခေါ်မှုဖြစ်လာ