တိုင်းရင်းသားရေးရာ ကော်မတီတခုကို မကြာသေးမီက ထူထောင်လိုက်သည့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လုပ်ဆောင်ချက်သည် တိုင်းရင်းသားပါတီများနှင့် ယှဉ်ပြိုင်ရန် ဗျူဟာတခုကို စတင်ဖော်ဆောင်သည့် သက်သေတခု ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား အသိုင်းအဝိုင်းများအတွက် အရေးပါသည့် ကိစ္စရပ်များတွင် တိုင်းရင်းသား ပါတီများနှင့်အတူ အလုပ်လုပ်ရန် NLD က အမှန်တကယ် ဆန္ဒရှိမနေကြောင်း ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။
စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်း လင်းပွဲတခုတွင် NLD က ကချင်ပြည်နယ်မှ ဦးအင်ထုံးခါးနော်ဆန့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် တိုင်းရင်းသားရေးရာ ကော်မတီတခု ဖွဲ့စည်းခဲ့ကြောင်း ကြေညာခဲ့သည်။
ကော်မတီ အဖွဲ့ဝင်များထဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့လည်း ပါဝင်သည်။ နောက်ပိုင်းတွင် အခြားပြည်နယ်နှင့် တိုင်းများမှ တိုင်းရင်းသား အဖွဲ့ဝင်များ ပိုမိုပါဝင်နိုင်ရန် အတွက် ကော်မတီကို တိုးချဲ့သွားမည်ဟုလည်း NLD က ပြောသည်။
သတင်းစာ ရှင်းလင်းပွဲတွင် NLD ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်မောင်က တိုင်းရင်းသား ရေးရာကော်မတီသည် နောက်လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ဗျူဟာ၏ အစိတ်အပိုင်းတခု ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
“နောက်လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့အတွက် သူတို့ရဲ့ သက်ဆိုင်ရာ တိုင်းရင်းသား ဒေသတွေ အတွင်းမှာ ပေါင်းစည်းမှုတွေ လုပ်နေတဲ့ တိုင်းရင်းသားပါတီတွေရဲ့ စွမ်းအားကို ကျနော်တို့ ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ ကျနော်တို့ ပါတီ အတွင်းကို တိုင်းရင်းသား ပြည်သူတွေ ပိုမိုပါဝင်လာအောင် စည်းရုံးဖို့နဲ့ တိုင်းရင်းသားရေးရာ ကိစ္စတွေကို ဆောင်ရွက်ဖို့ ကျနော်တို့ ဒီကော်မတီကို ထူထောင်ခဲ့ပါတယ်” ဟု ဦးဇော်မြင့်မောင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ကော်မတီဖွဲ့စည်းခြင်းက တိုင်းရင်းသားမဲကို ပစ်မှတ်ထားသည့် နိုင်ငံရေး လုပ်ရပ်စစ်စစ်တခု ဖြစ်သည်ဟု တိုင်းရင်းသား ပါတီ ခေါင်းဆောင်များက ပြောကြသည်။
“ကော်မတီက တိုင်းရင်းသားမဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့နဲ့ လာမယ့်ရွေးကောက်ပွဲမှာ သူတို့ရဲ့ မဲတွေကို ရယူဖို့ ရုပ်ပြ သက်သက် ဖြစ်တယ်ဆိုတာကို ကျနော်တို့ သိတဲ့အတွက် သူတို့ စိတ်ကူးတွေကို ကျနော်တို့ သဘောမကျပါဘူး” ဟု ရခိုင်အမျိုးသားပါတီ (ANP) မှ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
NLD က တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ပြုလုပ်ခြင်းတွင် စိတ်ဝင်စားမှု ပြသခဲ့ခြင်းမရှိဘဲ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ၎င်း၏ ကိုယ်ပိုင် တိုင်းရင်းသားပါတီဝင် တိုးမြှင့်ရေးကိုသာ ကြိုးစားခဲ့သည်ဟု သူက ဆိုသည်။
“ကျနော်တို့က စစ်အစိုးရကို ဖယ်ရှားဖို့ ကြိုးစားနေတဲ့အချိန်မှာ NLD က တိုင်းရင်းသား ပါတီတွေနဲ့ လက်တွဲခဲ့တယ်။ ဒါပေမယ့် အခု သူတို့မှာ အာဏာရှိသွားပြီ။ သူတို့က ကျနော်တို့ကို မလိုချင်ဘူး။ အဲဒီအစား သူတို့က ပြိုင်ဘက် ဖြစ်ချင်တယ်” ဟု ဦးဖေသန်းက ပြောသည်။
“NLD ဘက်ကနေ တိုင်းရင်းသားပါတီတွေကို လေးစားမှုပေးတဲ့ သဲလွန်စ၊ ဒါမှမဟုတ် လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး မှန်ကန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုလိုက်ပြီး ဖက်ဒရယ်နိုင်ငံတခု ဖွဲ့စည်းရေးမှာ သူတို့ကို ကူညီဖို့အတွက် ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို စိတ်ဝင်စားတဲ့ ဘယ်လို လက္ခဏာကိုမှ မမြင်ရပါဘူး” ဟု သူက ထပ်ပြောသည်။
NLD က တိုင်းပြည်၏ တိုင်းရင်းသားပြည်သူများကို ဥပေက္ခာပြုခဲ့သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြ သည်။ ဒေသခံအသိုင်းအဝိုင်းများ၏ ဆန္ဒနှင့် ဆန့်ကျင်၍ တိုင်းရင်းသား ဒေသများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများ စိုက်ထူခဲ့ခြင်းကို သူတို့က ထောက်ပြသည်။
“အရင် ဦးသိန်းစိန်ခေတ်တုန်းကဆိုရင် တိုင်းရင်းသားပါတီတွေကို ခေါ်ပြီးတော့ ဘယ်လိုတွေ တိုင်းပြည်ကို ဖြစ်စေ ချင်သလဲ၊ ဘာအကြံပေးမလဲဆိုတာ အကြံတောင်းတာတွေ ရှိတယ်လေ။ NLD ခေတ်မှာတော့ လုံးဝ မရှိဘူး။ ပါတီ အားလုံး မခေါ်နိုင်လည်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တိုင်ပင်တာလည်း မရှိဘူး။ နောက် တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်မယ်ဆိုတော့လည်း သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း ညှိနှိုင်းတာ ဘာမှမရှိဘူး။ အခုထိကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ NLD က ဆောင်ရွက်ပေးတယ် ဆိုတာ ဘာတခုမှကို မတွေ့ရသေးဘူး” ဟု ချင်းအမျိုးသား ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးငိုင်ဆာ့က ပြောသည်။
“ကျနော်တို့ကတော့ အမှန်တိုင်း ပြောရင် လျစ်လျူရှုခံ ထားရတယ်လို့ပဲ မြင်တယ်” ဟု သူက ဆက်ပြောသည်။
အနာအဆာရှိသော ဗျူဟာ
တိုင်းရင်းသား ရေးရာကော်မတီ ဖွဲ့စည်းခြင်းအားဖြင့် ပါတီဝင်တိုင်းရင်းသားပြည်သူ အရေအတွက်တိုးမြှင့်ရန် NLD ၏ အစီအစဉ်က အလုပ်ဖြစ်လိမ့်မည် မဟုတ်ဟု တိုင်းရင်းသားခေါင်းဆောင်များက သတိပေးခဲ့သည်။
တိုင်းရင်းသားဒေသများတွင် အခြေစိုက်သည့် တိုင်းရင်းသားပါတီများက ပေါင်းစည်းနေကြသည်။ ပြီးခဲ့သည့် လများ အတွင်းတွင် ပိုမိုကြီးမားသည့် တိုင်းရင်းသားပါတီများ ဖွဲ့စည်းရန် ပါတီအများအပြား ပူးပေါင်းခဲ့ကြသည်။ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အားလုံးက လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။
သူတို့၏ သက်ဆိုင်ရာဒေသများတွင် တိုင်းရင်းသားပါတီများအတွက် ထောက်ခံမှုက အလွန်အားကောင်းသည့် အတွက် သူတို့နှင့် အတူအလုပ်လုပ်မည့် အစား၊ တိုင်းရင်းသားပါတီများနှင့် ယှဉ်ပြိုင်မည့် NLD ၏ အစီအစဉ်က စိတ်ကူးကောင်း မဟုတ်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြသည်။
“NLD အနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ယှဉ်ပြိုင်မယ့်အစား သူတို့နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတခု တည်ဆောက် သင့်ပါတယ်။ သူတို့နဲ့ မဟာမိတ်ဖွဲ့သင့်ပါတယ်။ သူတို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့လည်း လိုပါတယ်။ ဒါမှ သူတို့ ရည်မှန်းချက် တူညီတဲ့ ကဏ္ဍတွေမှာအတူ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု တိုင်းရင်းသားအရေး လေ့လာဆန်းစစ်သူ တဦးဖြစ်သည့် ဦးမောင်မောင်စိုးက ပြောသည်။
တိုင်းရင်းသားပြည်သူများက NLD အပေါ်တွင် ယုံကြည်မှု ပျောက်ဆုံးနေပြီး လူမျိုးကြီး ပါတီတခု အနေဖြင့် မြင်နေ ကြသည့်အတွက် လက်ရှိအချိန်တွင် တိုင်းရင်းသားပါတီများနှင့် NLD ၏ ဆက်ဆံရေးက ခက်ခဲနေခဲ့ရသည်ဟု သူက ဆိုသည်။
NLD အစိုးရ လက်ထက်တွင် တည်ထောင်ခဲ့ပြီး အလုပ်မဖြစ်၊ ထိရောက်မှုမရှိဟု မြင်ကြသည့် တိုင်းရင်းသားရေးရာ ဝန်ကြီး ဌာနကို သူက ဥပမာအဖြစ် ထောက်ပြသည်။
“မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက် NLD ပါတီက တိုင်းရင်းသား အရေးကိစ္စတွေကို ကောင်းကောင်း မကိုင်တွယ်နိုင်တာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောသည်။
“တကယ်လို့ NLD က တိုင်းရင်းသား အရေးကိစ္စတွေကို ထိထိရောက်ရောက် လုပ်ချင်တယ်ဆိုရင် တိုင်းရင်းသား ပါတီ တွေနဲ့ မဟာမိတ်ဖွဲ့ဖို့ မူဝါဒတခု မရှိဘဲနဲ့၊ အနာဂတ်အတွက် သူတို့တွေ ဘယ်လို အလုပ်တူတူ လုပ်ကြမယ် ဆိုတာကို သဘော တူညီချက်တွေ မရဘဲနဲ့ တိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့စည်းရုံ တခုတည်းက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” ဟု သူက ထပ်ပြောသည်။
နိုင်ငံရေး လေ့လာဆန်းစစ်သူ တဦးဖြစ်သည့် ဒေါက်တာ ရန်မျိုးသိန်းက အကယ်၍ တိုင်းရင်းသား အရေးကိစ္စများကို ဖြေရင်းရန်ဆန္ဒရှိလျှင် NLD အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသား ခေါင်းဆောင် များနှင့် တွေ့ဆုံသင့်ကြောင်း ပြောသည်။
“NLD က လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ မယှဉ်ပြိုင်သင့်ပါဘူး။ ဒါပေမယ့် မဟာမိတ်ပြုလုပ် သင့်ပါတယ်။ NLD နဲ့ တိုင်းရင်းသားပါတီတွေမှာ ရည်မှန်းချက် တူညီတဲ့ ကဏ္ဍတွေမှာ တူတူအလုပ်လုပ်သင့်ပါတယ်” ဟု သူက ဆိုသည်။
ပါတီအနေဖြင့် ၎င်းတို့သည်သာ ပြည်ထောင်စုအတွင်းမှ တိုင်းရင်းသား လူမျိုးအားလုံးကို ကိုယ်စားပြုသည့် တခုတည်းသော နိုင်ငံရေးပါတီသဖွယ် မပြုမှုသင့်ကြောင်း၊ တိုင်းရင်းသား ပြည်သူများ၊ သူတို့၏ ခေါင်းဆောင်များနှင့် သူတို့ ပါတီများအကြားတွင် ယုံကြည်မှု တည်ဆောက်ရန် ကြိုးစားသင့်ကြောင်း ဒေါက်တာ ရန်မျိုးသိန်းက ပြောသည်။
“တကယ်လို့ NLD က တိုင်းရင်းသား အရေးကိစ္စတွေကို အမှန်တကယ် ဂရုစိုက်တယ်ဆိုရင် သူတို့နဲ့ ယှဉ်ပြိုင်ဖို့ မဟုတ်ဘဲ ယုံကြည်မှု တည်ဆောက်ဖို့အတွက် အင်အားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒေသခံ လူကြီးသူမတွေ၊ တိုင်းရင်းသား လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသင့်ပါတယ်” ဟု သူက ပြောသည်။
အကယ်၍ NLD က ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်းက သင်ခန်းစာများကို ပြန်လည်သုံးသပ်ရန် ပျက်ကွက်ခဲ့ပြီး တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ပြုလုပ်ခြင်း အစား ဆက်လက်၍ ယှဉ်ပြိုင်ခဲ့လျှင် လာမည့်ရွေးကောက်ပ္ပွဲတွင် မဲ ဆုံးရှုံးမှု ခံစားရလိမ့်မည်ဟု ဒေါက်တာ ရန်မျိုးသိန်းက သတိပေးလိုက်သည်။
“၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွင်းက ကချင်တိုင်းရင်းသားပါတီနဲ့ NLD တို့ ယှဉ်ပြိုင်ခဲ့တဲ့ နေရာတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေ အနိုင်ရသွားတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။ NLD အနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်းက သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်သုံးသပ်သင့်ပါတယ်၊ သင်ခန်းစာယူသင့်ပါတယ်” ဟု သူက ပြောသည်။
(Zarni Mann ၏ Myanmar’s Ethnic Parties Dismiss NLD’s Ethnic Affairs Committee as Pre-Election Ploy ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား
ကရင့်အာဇာနည်နေ့ ပိတ်ပင်မှုသည် တိုင်းရင်းသားအခွင့်အရေး ဆုတ်ယုတ်နေကြောင်း ပြနေသည်
NLD တိုင်းရင်းသားရေးရာကော်မတီအပေါ် တိုင်းရင်းသားများ၏ အမြင်များ