တရုတ်ထောက်လှမ်းရေးဌာနအတွက် သူလျှိုလုပ်ပေးနေသောကြောင့် အပြစ်ရှိကြောင်း အမေရိကန်ပြည်ထောင်စုရှိတရားရုံးတခုတွင် မကြာသေးမီက ဝန်ခံလိုက်သော စင်္ကာပူနိုင်ငံသား၏ အမှုကြောင့် စစ်အေးတိုက်ပွဲသစ်သဖွယ်ဖြစ်နေသော အခြေအနေတွင် တရုတ်လူမျိုးစုအများစုရှိသော စင်္ကာပူကို အမေရိကန်က ပိုမိုကြီးမားသော သံသယဖြင့် စောင့်ကြည့်မည်ဟူသော ပူပန်မှုများကိုဖြစ်စေသည်။
နိုင်ငံရေး၊ စီးပွားရေးနှင့် သံတမန်ရေးဆိုင်ရာ အများပြည်သူသိရှိခွင့်မရသော သတင်းများရယူရန် တာဝန်ပေးအပ်ခံထားရသော အသက် ၃၉ နှစ်အရွယ် စင်္ကာပူနိုင်ငံသား ပညာရှင်နှင့် ပါရဂူကျောင်းသား ဂျွန်ဝေယိုသည် အတိုင်ပင်ခံလုပ်ငန်း အတုတခု ထူထောင်ထားကြောင်းနှင့် အဆင့်မြင့်လုံခြုံရေး တာဝန်ယူထားသော အမေရိကန် စစ်ဖက်နှင့် အစိုးရဝန်ထမ်းများနှင့် ဆက်ဆံရေးထူထောင်ရန် လူမှုကွန်ရက် စာမျက်နှာဖြစ်သော LinkedIn ကို သုံးကြောင်း ဝန်ခံခဲ့သည်။
စင်္ကာပူအမျိုးသား တက္ကသိုလ်မှ အာရှတွင် ထိပ်တန်းပြည်သူ့ဝန်ထမ်းများနှင့် အစိုးရ အရာရှိများကို လေ့ကျင်ပေးသည့် လွတ်လပ်သော ဘွဲ့လွန်သင်တန်းကျောင်း လီကွန်ယူ ပြည်သူ့မူဝါဒရေးရာ ကျောင်းတွင် ယခင်က ပါရဂူကျောင်းသားဖြစ်ခဲ့သော ယိုသည် တရုတ်ထောက်လှမ်းရေးအတွက် တရားမဝင် ထောက်လှမ်းရေးအဖြစ် ဆောင်ရွက်ကြောင်း ဝန်ခံလိုက်သဖြင့် ၁၀ နှစ်အထိ အများဆုံးကျနိုင်သော ထောင်ဒဏ်ကို ရင်ဆိုင်နေရသည်။
ထိုသူလျှိုလုပ်ငန်းကြောင့် စင်္ကာပူသည် တရုတ်နှင့် အမေရိကန်နိုင်ငံနှစ်ခုလုံး၏ ဆက်ဆံရေးကို ကြီးကြီးမားမား ထိခိုက်စေမည် မဟုတ်ဟု သုတေသီများက ယူဆကြသော်လည်း နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်မီ တရုတ်-အမေရိကန် ဆက်ဆံရေး အလျင်အမြန် ပြိုကွဲနေချိန်တွင် အင်အားကြီးနှစ်နိုင်ငံအကြား သိမ်မွေ့သော ဆက်ဆံရေး ချိန်ခွင်လျှာကို ထိန်းသိမ်းထားရန် စင်္ကာပူနိုင်ငံ၏ အားထုတ်မှုသည် ပိုမိုခက်ခဲလာမည်ဖြစ်ကြောင်း အများစုက သဘောတူကြသည်။
“စင်္ကာပူ လူ့အဖွဲ့အစည်းတခုလုံးကို အင်အားကြီးနှစ်နိုင်ငံလုံးက ကျယ်ကျယ်ပြန့်ပြန့် သြဇာလွှမ်းမိုးနေတာကြောင့် အခုဖြစ်ရပ်ဟာ ဘေ့ဂျင်းနဲ့ ဝါရှင်တန်အကြား ပြဿနာတွေကို ရှောင်ရှားဖို့ ခက်ခဲတယ်ဆိုတာကို မီးမောင်းထိုးပြနေတယ်”ဟု ဟားဗတ်-ယန်ချင်း အင်စတီကျုမှ ဧည့်သုတေသီ ဂျအီယန်ချုန် ပြောသည်။ “ဒီဖြစ်ရပ်ကိုယ်နှိုက်က ပြောင်းလဲစေမှာ မဟုတ်ဘူး။ ဒီစိန်ခေါ်မှုတွေရဲ့ လက္ခဏာတခုလို ပိုတူတယ်” ဟု သူပြောသည်။
တရုတ်နိုင်ငံသည် စင်္ကာပူနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး အမေရိကန်နိုင်ငံသည် စင်္ကာပူအတွက် တနိုင်ငံတည်းသော အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသော နိုင်ငံဖြစ်သောကြောင့် စင်္ကာပူသည် ကြားနေခြင်းဖြင့် ၎င်း၏ အကျိုးစီးပွားကို အကောင်းဆုံး လုပ်ဆောင်နေသည်။ သို့သော် အမေရိကန်-တရုတ် ဆက်ဆံရေး ယိုယွင်းလာခြင်းသည် အရှေ့တောင်အာရှနိုင်ငံများကို တဖက်ဘက်မှပါရန် တွန်းအားပေးနေပြီး နိုင်ငံအားလုံးနှင့် ဆက်ဆံရေးမူဝါဒကို အဆုံးသတ်နိုင်ကြောင်း စင်္ကာပူခေါင်းဆောင်များ အမြဲတစေ သတိထားလာခဲ့ကြသည်။
ဒစ်ဆင်ယို အမည်ဖြင့်လည်း သိကြသော ယို ကို ၂၀၁၅ ခုနှစ်က တရုတ်ပညာရှင်များကို ဆွေးနွေးတင်ပြရန် ဘေ့ဂျင်းသို့ ဖိတ်ခေါ်ခံရပြီးနောက် တရုတ်ထောက်လှမ်းရေးက စည်းရုံးခဲ့ခြင်းဖြစ်သည်။ သူ၏ပါရဂူဘွဲ့အတွက် သုတေသနမှာ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် ရေကြောင်းနှင့် ကုန်းလမ်း အခြေခံအဆောက်အအုံ ကွန်ရက် တလျှောက်မှ န်ိုင်ငံငယ်များအပေါ် တရုတ်နိုင်ငံ၏ ဆက်ဆံရေးကို အထူးပြုသည်။
ဇူလ်ိုင်လ ၂၄ ရက်နေ့က ဝါရှင်တန်မှ တရားရုံးကြားနာမှုအတွင်း ယိုက တရုတ်ထောက်လှမ်းရေးများ၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ တရုတ်ထောက်လှမ်းရေးများက ကနဦးတွင် ၎င်းတို့သည် တရုတ်နိုင်ငံအခြေစိုက် အတိုင်ပင်ခံအဖွဲများကို ကိုယ်စားပြုကြောင်းပြောပြီး နောင်တွင် အများပြည်သူ မသိသည့် သတင်းအချက်အလက်များနှင့် နီးစပ်ပြီး ၎င်းတို့လုပ်ငန်းကို မကျေမနပ်ဖြစ်နေသော သို့မဟုတ် ငွေကြေးအခက်အခဲရှိနေသော အမေရိကန်များကို ရှာဖွေရန် စေခိုင်းခဲ့သည်။
တရားရုံး၏ စာရွက်စာတမ်းများအရ ယိုသည် ၂၀၁၈ ခုနှစ်က အမေရိကန်နိုင်ငံတွင် နိုင်ငံရေးအတိုင်ပင်ခံလုပ်ငန်းတခုဖြစ်သည့် Resolute Consulting of Singapore ကို ထူထောင်ခဲ့သည်။ ထိုအမည်မှာ ထင်ရှားသော အမေရိကန် ပြည်သူနှင့် အစိုးရများ ဆက်ဆံရေးလုပ်ငန်း၏ အမည်နှင့်တူနေသည်။ ထိုနောက် သူသည် အလုပ်အကိုင်ရှာဖွေရေးနှင့် အသက်မွေးဝမ်းကြောင်းအတွက် ကျယ်ပြန့်စွာ အသုံးပြုသော LinkedIn ကိုသုံးကာ အလားအလာကောင်းသော ကိုယ်ရေးအချက်အလက်နှင့် အလုပ်အကိုင်ရှိသူများကို ရှာဖွေသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဝါရှင်တန် ဒီစီတွင် အခြေစိုက်ပြီး ယိုသည် ဂျော့ဝါရှင်တန် တက္ကသိုလ်မှ ပါရဂူသတင်တန်းသားအဖြစ် ဆွေးနွေးပွဲများတက်ရန်နှင့် စည်းရုံးလုပ်ဆောင်သူများနှင့် ကာကွယ်ရေး ကန်ထရိုက်တာများနှင့် ကွန်ရက်ဖွဲ့သည်။ သူသည် သူပစ်မှတ်ထားသော အမေရိကန် ပညာရှင်များကို ငှားရန်းကာ နိုင်ငံရေး အစီရင်ခံစာများကို ရေးသားစေသည်။ ထိုအစီရင်ခံစာများသည် အာရှမှ သူ၏အတိုင်ပင်ခံလုပ်ငန်းမှ ဖေါက်သည်အတွက်ဖြစ်ကြောင်း သူပြောသည်။
သို့သော် ထိုအစီရင်ခံစာများသည် ရေးသားသူများ မသိဘဲ တရုတ်အစိုးရထံသို့ ရောက်ကုန်သည်။
သူတင်ထားသည့် အလုပ်အကိုင်များကို တုံ့ပြန်သည့် ကိုယ်ရေးရာဇဝင် ၄၀၀ ကျော်အနက် ၉၀ ရာခိုင်နှုန်းသည် ထိပ်တန်းလျှို့ဝှက်များနှင့် နီးစပ်သော အမေရိကန် စစ်ဖက်နှင့် အစိုးရ ဝန်ထမ်းများဖြစ်နေသည်။
ထူးခြားသော ကိုယ်ရေးရာဇဝင်ရှိသူများကို တရုတ်ထောက်လှမ်းရေးသို့ လွှဲပြောင်းပေးကြောင်း သူဝန်ခံသည်။
ဥပမာအားဖြင့်ဆိုရပါက ယိုသည် အမေရိကန်လေတပ်မှ F35B လေယာဉ် အစီအစဉ်တွင် လုပ်ကိုင်နေသော ငွေကြေးအခက်အခဲဖြစ်နေသည့် အရပ်သားတဦးနှင့် ဆက်သွယ်သည်။ ပင်တဂွန်တွင် တာဝန်ချထားခံရသော အမေရိကန် စစ်အရာရှိတဦးက သူသည် အာဖဂန်တိုက်ပွဲများကြောင့် စိတ်ဒဏ်ရာရနေကြောင်း ယို ကိုပြောသည်။ အာဖဂန်မှ အမေရိကန်တပ်များဆုပ်ခွာခြင်းသည် တရုတ်နိုင်ငံအပေါ် မည်သို့ သက်ရောက်မှုဖြစ်စေမည်ကို အစီရင်ခံစာရေးရန် သူ့ကို ယိုက ငွေပေးခဲ့သည်။
အမေရိကန် စစ်အရာရှိတဦးကို “အမြဲတမ်း သတင်းအချက်အလက် လမ်းကြောင်း” အဖြစ် ပြောင်းလဲပစ်ရန် ညွှန်ကြားချက်နှင့်အတူ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ပြည်ထောင်စုသို့ ပြန်လာသောအခါ အမေရိကန် တရားဥပဒေစိုးမိုးရေး အရာရှိများက သူ့ကို လေဆိပ်တွင် ဖမ်းဆီးလိုက်သည်။ စင်္ကာပူပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သည့် ယို နှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှုအရ စင်္ကာပူ၏ အမျိုးသားလုံခြုံရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု မတွေ့ရကြောင်း ဇူလိုင်လ ၂၆ ရက်နေ့တွင် ကြေညာသည်။
ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတခုတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ ဝမ်ဝန်ဘင်က ယို၏ အမှုကို မသိကြောင်းပြောကာ တရုတ်နိုင်ငံကို အသရေဖျက်ရန် ရူးသွပ်မှုများဖန်တီးနေသည့် အမေရိကန်၏ အားထုတ်မှုကို ရှုတ်ချသည်။ “အမေရိကန် တရားဥပဒေ စိုးမိုးရေးဌာနတွေဟာ တရုတ်သူလျှိုလုပ်ငန်းအကြောင်းကိုပဲ ထပ်တလဲလဲ စွပ်စွဲနေတယ်။ အရမ်းကို သံသယကြီးမားနေတဲ့ အခြေအနေအထိရောက်နေပြီ” ဟု သူပြောသည်။
စင်္ကာပူနိုင်ငံအခြေစိုက် အတိုင်ပင်ခံလုပ်ငန်းဖြစ်သော အရှေ့အာရှ အင်စတီကျုမှ ဝါရင့်သုတေသီ ရန်း ကလပ်က အမေရိကန်ပြည်ထောင်စုနှင့် အခြားနေရာများ၌ ထိုသို့သော တရုတ်ထောက်လှမ်းရေး လုပ်ငန်းများသည် တိကျသော ပစ်မှတ်ထားပြီး တိကျသော နိုင်ငံတော်ရည်မှန်းချက်များနှင့် ဆက်စပ်နေသည်ဟု မြင်သည်။ “ဒီလိုလုပ်ငန်းမျိုးတွေက အရမ်းကို ရိုးရှင်းပြီး နိုင်းယှဉ်ချက်အားဖြင့် လှုပ်ရှားမှုနည်းတဲ့အတွက် ပုံစံအမျိုးမျိုး လုပ်လို့ရတယ်” ဟု သူပြောသည်။
“ယေဘုယျ သဘောတရားက ဦးစားပေးပစ်မှတ်ရွေးချယ်ပြီး တခုချင်းအနေနဲ့ကြည့်ရင် နှိုင်းယှဉ်ချက်အားဖြင့် တန်ဖိုးအကန့်အသတ်ပဲရှိတဲ့ မသိသာတဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့ လုပ်ဆောင်တယ်။ တခါတရံမှာ သတင်းက လျှို့ဝှက် သတင်းမဟုတ်ဘူး။ ဒါကို သက်ဆိုင်ရာနိုင်ငံထဲမှာ အကြီးအကျယ်လုပ်ပြီး တရုတ်နိုင်ငံထဲ ရောက်တော့ အစိတ်အပိုင်းတွေကို ပေါင်းစပ်မှုလုပ်တယ်” ဟု ကလပ်ကပြောသည်။
“ကိုဗစ်-၁၉ ကာကွယ်ဆေးကနေ F-35 ဂျက်တိုက်လေယာဉ်အစီအစဉ်အထိ အမေရိကန် ပစ်မှတ်တွေကို လုပ်နေတဲ့ စစ်ဆင်ရေးတွေ အများကြီးရှိတာတွေ့ရတယ်။ ဒီလိုလုပ်ရတဲ့ သေနင်္ဂဗျူဟာ အကြောင်းရင်းကတော့ အကြီးအကျယ် သတင်းစုဆောင်းပြီး ပေါင်းစပ်တဲ့လုပ်ငန်းတွေကနေ တရုတ်ကွန်မြူနစ်ပါတီအတွက် နယ်ပယ်ပေါင်းစုံမှာ သြဇာဖြန့်နိုင်တဲ့ တွေ့ရှိချက်တွေ ထုတ်ပေးဖို့ဖြစ်တယ်” ဟု သူပြောသည်။
ဒေသဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်းများ ကွန်ရက်ဖွဲ့ရာတွင် ရှင်းရှင်းလင်းလင်း မမြင်ရသော နယ်ပယ်များရှိနေပြီး ထိုနယ်ပယ်များတွင် အစိုးရအရာရှိများ၊ ပညာရှင်နှင့် စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များသည် “အလွတ်သဘော သံတမန် လုပ်ငန်းများ” ဆောင်ရွက်ကြကြောင်း ယို၏ အမှုက ပြသနေသည်ဟု စင်္ကာပူမှ အက်စ် ရာဂျာရက်သန် နိုင်ငံတကာလေ့လာရေးကျောင်းမှ တွဲဖက်ပါမောက္ခ အလန်ချုန်က ပြောသည်။
“အာရှက အတိုင်ပင်ခံလုပ်ငန်းအများစုက အစိုးရချင်းဆက်ဆံရေးကို အစားထိုးဝင်ရောက်နေကြတယ်။ ဒါကြောင့် ပညာရှင်တွေ ဒါမှမဟုတ် ပညာရှင် မျက်နှာဖုံးတပ်လုပ်တဲ့ ဒီလို သံတမန်ဆန်ဆန် ချဉ်းကပ်မှုတွေရှိနေတယ်။ ဒစ်ဆင်ယိုလိုအမှုတွေ တနေ့မှာ အများကြီးပေါ်လာနိုင်တယ်။ သံတမန်ကွန်ရက် မျက်နှာဖုံးအောက်မှာ ဘာမဆိုလုပ်လို့ရတယ်” ဟု သူပြောသည်။
“ဒီထက်ပိုမိုကြီးမားတဲ့ ကိစ္စတွေရှိနေတော့ တရုတ်ကော အမေရိကန်ကပါ ဒီကိစ္စအတွက် စင်္ကာပူကို ပြဿနာရှာမှာ မဟုတ်ဘူး။ စင်္ကာပူဟာ တရုတ်နဲ့ စီးပွားရေးဆက်ဆံရေးမှာ ထူးခြားတဲ့ အနေအထားကို ရထားတယ်။ နှစ်ဖက်လုံးက ဒါကို ပျက်စီးစေချင်မှာ မဟုတ်ဘူး” ဟုလည်း သူပြောသည်။
ယိုကို စင်္ကာပူသံရုံးက အကူအညီပေးနေပြီး ပြည်ပထောက်လှမ်းရေးအဖြစ် တရားမဝင်လုပ်ကိုင်သည့် စွဲချက်ကို ရင်ဆိုင်နေရသည်။ သူ့ကို အောက်တိုဘာလ ၉ ရက်နေ့တွင် စီရင်ချက်ချမည်ဖြစ်သည်။ ပထမဆုံးအကြိမ် ဥပဒေ ချိုးဖေါက်သူဖြစ်သောကြောင့် အများဆုံးထောင်ဒဏ် ၁၀ နှစ်ထက် များစွာလျှော့နည်းမည်ဖြစ်သည်။ အသက် ၃၉ နှစ်ရှိပြီဖြစ်သော ယိုသည် ၁၉၉၈ နောက်ပိုင်း ပြည်ပထောက်လှမ်းရေးများအတွက် လုပ်ကိုင်နေစဉ် ဖမ်းမိသည့် ပထမဆုံးသူဖြစ်သည်။
၂၀၁၇ ခုနှစ်နောက်ပိုင်း စင်္ကာပူမှပညာရှင်အသိုင်းအဝန်းမှ ပုဂ္ဂိုလ်များပါဝင်သည့် သူလျှိုမှုများအနက် ယို၏ အမှုသည် တတိယအမှုဖြစ်သည်။ မက္ကဆီကိုမှ ပိုးမွှားဗေဒပညာရှင်နှင့် နှလုံးအထူးကု ဟက်တာအလီဂျန်ဒရို ကာဗရီယာ ဖူယန်တက်သည် စင်္ကာပူရှိ Duke-NUS ဆေးကျောင်းတွင် လုပ်ကိုင်နေစဉ် ရုရှားနိုင်ငံအတွက် သူလျှိုလုပ်သည်ဟူသော သံသယဖြင့် အမေရိကန်နိုင်ငံ မိုင်ယာမီတွင် ဖေဖေါ်ဝါရီလက အဖမ်းခံရသည်။
အမေရိကန် နိုင်ငံသားဖြစ်နေသော တရုတ်လူမျိုးပညာရှင် ဟောင်ကျင်းသည်လည်း အမည်မဖေါ်လိုသော နိုင်ငံတခု ထောက်လှမ်းရေးဖြစ်ကြောင်း စင်္ကာပူ အာဏာပိုင်များက လွန်ခဲ့သော ၃ နှစ်က စွပ်စွဲခဲ့သည်။ သူသည် စင်္ကာပူမှ ထိပ်တန်းအရာရှိများ ဆုံးဖြတ်ချက်ချရာတွင် သက်ရောက်စေလိုသော ရည်ရွယ်ချက်ဖြင့် လျှို့ဝှက်သတင်းများပေးသည်ဟု စွပ်စွဲပြီး သူကို စင်္ကာပူသို့လာရောက်ခွင့် အမြဲတမ်းပိတ်ပင်ခဲ့သည်။
ဟောင်သည် လီကွန်ယူ အများပြည်သူမူဝါကျောင်းတွင် တရုတ်-အမေရိကန် ဆက်ဆံရေး လီဖေါင်ဒေးရှင်းပါမောက္ခ အဖြစ် တာဝန်ယူခဲ့သည်။ ထိုပညာရှင်သည် မည်သည့်နိုင်ငံအတွက် သူလျှိုလုပ်နေသည်ကို စင်္ကာပူက ထုတ်ဖေါ်ပြောဆိုခြင်းမရှိသော်လည်း တရုတ်နိုင်ငံအတွက် လုပ်နေသည်ဟု ယူဆကြသည်။ ဟောင်က ပြည်ပအစိုးရအတွက်လုပ်နေသည်ဆိုသည့် ထိုစွပ်စွဲချက်ကို ငြင်းသည်။
ယိုကို အမေရိကန် ပြည်ထောင်စုတွင် ဖမ်းဆီးလိုက်သောအခါ ဟောင်ကို ၂၀၁၇ ခုနှစ်က စင်္ကာပူမှ ပြည်နှင်ဒဏ်ပေးခြင်းကို ပြန်လည်စိတ်ဝင်စားလာကြသည်။
ယခုအခါ ဘေ့ဂျင်းဘာသာစကားနှင့် ယဉ်ကျေးမှု တက္ကသိုလ်၏ အမျိုးသားနှင့်ဒေသဆိုင်ရာလေ့လာရေးဌာနတွင် ပါမောက္ခအဖြစ် လုပ်ကိုင်နေသည့် ဟောင်သည် လီကွမ်ယူအများပြည်သူမူဝါဒကျောင်းတွင်ရှိစဉ်က ယို ၏ ပါရဂူဘွဲ့ကို ကြီးကြပ်သူအဖြစ်လုပ်ကိုင်ခဲ့သည်။
ယိုက အပြစ်ရှိကြောင်း ဝန်ခံသည့် သတင်းထွက်လာပြီးနောက် လီကွမ်ယူ ပြည်သူ့ရေးရာမူဝါဒ ကျောင်းတွင်ရှိစဉ် ယို ကို တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက မျက်စေ့ကျခြင်းသည် အံ့သြစရာမဟုတ်ကြောင်း တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးရေး လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး မကြာခဏ ဝေဖန်တတ်သူ စင်္ကာပူ သံတမန်ဟောင်း ဘီလာဟာရီ ကော့စီကန် က သူ၏ ဖေ့ဘွတ်တွင် ရေးသားသည်။
ထိုရေးသားမှုသည် ယိုနှင့်ဟောင်ကို တိုက်ရိုက်ချိတ်ဆက်လိုက်သည်။ ဟောင်သည် တရုတ်သြဇာခံဖြစ်သောကြောင့် စင်္ကာပူမှ နှင်ထုတ်ခံရသည်ဟု ဘာလာဟာရီ ရေးသည်။ ဟောင်က သူသည် ယိုကို တရုတ်အတွက် သူလျှိုလုပ်ရန် စည်းရုံးသိမ်းသွင်းခြင်း မရှိကြောင်းပြောသည်။ ဘာလာဟာရီ၏ မှတ်ချက်သည် ဆီလျှော်မှုမရှိကြောင်း သူပြောသည်။ ထိုစွပ်စွဲချက်ကို သက်သေပြရန်နှင့် မပြနိုင်က ပြန်လည်ရုတ်သိမ်းရန် သူတောင်းဆိုသည်။
ယို၏ အမှုကြောင့် အမေရိကန်အစိုးရ၏ အမြင်တွင် စင်္ကာပူနိုင်ငံသားများကို ပိုမိုသံသယဝင်လာနိုင်ကြောင်း သီးခြားဖေ့ဘွတ်ပို့စ်တခုတွင် ဘာလာဟာရီ သတိပေးသည်။ စင်္ကာပူလူဦး ၅.၈ သန်းအနက် ၇၆ ရာခိုင်နှုန်းသည် တရုတ်လူမျိုးစုများဖြစ်သည်။ စင်္ကာပူရှိ တရုတ်များအကြား ထောက်လှမ်းရေးလုပ်ရန် စည်းရုံးသိမ်းသွင်းမှု မည်မျှရှိသည်ကိုခန့်မှန်းရန် ယုံကြည်လောက်သည့် နည်းလမ်းမရှိကြောင်း သုတေသီများပြောသည်။
“စင်္ကာပူက တရုတ်တွေကို ဘေ့ဂျင်းက စည်းရုံးသိမ်းသွင်းဖို့ အားထုတ်တယ်လို့စွပ်စွဲချက်က ပျံ့နှံ့နေတယ်လို့ ယူဆရပေမယ့် စင်္ကာပူနိုင်ငံသားတွေကို ပစ်မှတ်ထားတာမဟုတ်ဘူး။ စင်္ကာပူမှာ တရုတ်တွေက အများစုဖြစ်နေလို့ ဒီလိုထင်ကြတာ။ ဒါကြောင့်လေ့လာသူတွေက ဒီလိုအားထုတ်မှုတွေ တကယ်ရှိတာထက်များတယ်လို့ထင်နေကြတာ” ဟု ဟားဗတ်-ယန်ချင်း အင်စတီကျုမှ ချုန်ပြောသည်။
ဘေ့ဂျင်းသည် စင်္ကာပူရှိ တရုတ်လူများစုများကို ထိုးဖေါက်စည်းရုံးနေသည်ဟု မကြာသေးမီ နှစ်များအတွင်း ပညာရှင်များ သတိပေးခဲ့သည်။
တရုတ်နိုင်ငံသည် ယဉ်ကျေးမှုအသင်းများ၊ ဆွေမျိုးစု အသင်းများ၊ စီးပွားရေး အသင်းများနှင့် အခြားနည်းလမ်းများကို သုံးကာ စင်္ကာပူအစိုးရအနေဖြင့် တရုတ်လိုလားသော သဘောထားထားရန် သြဇာသုံး စည်းရုံးလုပ်ဆောင်နေကြောင်း အမေရိကန် သုတေသန အင်စတီကျုဖြစ်သည့် ဂျိမ်းစ်တောင်း ဖေါင်ဒေးရှင်းက လွန်ခဲ့သော ဇူလိုင်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖေါ်ပြခဲ့သည်.
“စင်္ကာပူက တရုတ်တွေကို အခြားနိုင်ငံတွေက တရုတ်တွေနဲ့ယှဉ်ရင် တစုံတရာ အတိုင်းအတာ အမြင်ကွဲမှာပါ။ ယိုရဲ့အမှုကို သူတို့က ဥပမာအဖြစ်ကြည့်ရင် တရုတ်ပြည်က တရုတ်တွေနဲ့ ရောထွေးနိုင်ဖို့ နေရာလို့ စင်္ကာပူကို ယုံကြည်မှု ချို့တဲ့နိုင်တယ်” ဟု စင်္ကာပူမှ မူဝါဒနှင့်စီးပွားရေးအတိုင်ပင်ခံလုပ်ငန်း Solaris Strategies Singapore မှ ဝါရင့်သုတေသီ မတ်စတာဖာ အစ်ဇတ်ဒင်ပြောသည်။
“ဒါက ဒစ်ဆင်ယို လုပ်ခဲ့တာကနေဖြစ်လာတာ။ ဒါပေမယ့် အဲဒီလိုသံသယရဲ့ ပမာဏကို တိုင်းတာဖို့ခက်တယ်။ ဒါပေမယ့် ဒီအမှုက ကမ္ဘာ့သတင်းခေါင်းစဉ်ဖြစ်လာတော့ ဘာနဲ့ကင်းကင်းနေရမယ်ဆိုတာ ထွန်းသစ်စ ပညာရှင်တွေကို သင်ကြားပေးဖို့အချိန်ပဲပေါ့” ဟု သူပြောသည်။
(Asia Times ပါ Nile Bowie ၏ The face of Chinese spying in Singapore ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တရုတ်ကို ဝိုင်းထားတဲ့ ဒီမိုကရေစီ ၄ နိုင်ငံ မဟာမိတ်ပြုပြီ
တင်းမာမှု မြင့်မားနေသော်လည်း ထရမ့်ပြန်လည်အရွေးခံရရန် တရုတ်မျှော်လင့်နေ
အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက်လား အချက်လား