ဩဂုတ်လဆန်းပိုင်းက စစ်ကောင်စီက ဖွဲ့စည်းခဲ့သော ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူ သိုလှောင် ဖြန့်ဖြူးရေး ဦး ဆောင် ကော်မတီတွင် ပါဝင်သူများ စာရင်း၌ “Yetagon Energy ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦး မောင်မောင်နိုင်” ဟု ပါဝင်သောကြောင့် သူ မည်သူနည်းဟု မေးခွန်းထုတ်လာကြသည်။
ဦးမောင်မောင်နိုင်သည် စစ်ခေါင်းဆောင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံအတွက် စီးပွားရေးလုပ်ငန်းများကို ရှေ့ထွက်ပြီး နာမည်ခံ လုပ်ဆောင်ပေးရသူ ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းကြားတွင် သိရှိထားသူ ဖြစ်သည်။
မြန်မာပြည်ဖွား တရုတ်လူမျိုး ဦးမောင်မောင်နိုင်သည် မကြာခဏ ဆိုလိုသလို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဂေါက်ရိုက်ကြသည်။ အာဏာမသိမ်းခင်က ယနေ့အထိ စစ်ခေါင်းဆောင်နှင့် ဂေါက်ရိုက် ကစားခွင့်ရသည့် လက်ချိုးရေတွက်လို့ရသည့် လုပ်ငန်းရှင် အနည်းငယ်ထဲတွင် ဦးမောင်မောင်နိုင်လည်း ပါသည်။
ဦးမောင်မောင်နိုင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာပြီးနောက်ပိုင်းမှ ကြီးပွား ချမ်းသာလာသည့် ခရိုနီသစ်တဦးလည်း ဖြစ်သည်။
အသက် ၄၅ နှစ်ဝန်းကျင်သာ ရှိသေးသော ဦးမောင်မောင်နိုင်သည် မြန်မာဖွား တရုတ်လူမျိုး ဖြစ်ပြီး ဒေါက်တာ မောင်မောင်လတ်နှင့် ဦးမောင်မောင်နိုင်တို့သည် ညီအကိုများ ဖြစ်သည်။ နဝတ အစိုးရ လက်ထက်တွင် ဦးသိန်းဇော်နှင့်တူများ တာယာဆိုင်တွင် ဦးမောင်မောင်နိုင် အလုပ်လုပ်ခဲ့သည်။
ဦးမောင်မောင်နိုင်၏ ဦးလေးဖြစ်သူ ဦးသိန်းဇော် ဖွင့်လှစ်ထားသော မြေနီကုန်းဆိုင်တွင် ဦးမောင်မောင်နိုင် ထိုင်ကာ တာယာများ ရောင်းချပေးခဲ့သည်။
နဝတ အစိုးရ လက်ထက်မှစ၍ စစ်တပ်နှင့်ပတ်သက်သော ခရိုနီကုမ္ပဏီကြီးများသည် သူဆိုင်တွင် တာယာဝယ်ခဲ့ကြသည်။ အထူးသဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီကြီးများ ဦးမောင်မောင်နိုင် ဆိုင်မှ တာယာများ ဝယ်ယူခဲ့ကြပြီး စစ်တပ်အသိုင်းအဝိုင်းမှ အရာရှိငယ်များသည်လည်း သူ့ဆိုင်မှ တာယာ ဝယ်ယူခဲ့ကြ သည်။
စစ်တပ်အသိုင်းအဝိုင်းနှင့် အဆက်အသွယ်ရရှိလာသော ဦးမောင်မောင်နိုင်သည် သူ့ဦးလေး ဦးသိန်းဇော်ဆိုင်တွင် အလုပ်မလုပ်တော့ဘဲ သူကိုယ်ပိုင် တာယာဆိုင် ဖွင့်လှစ်လာခဲ့သည်။ Lucky Man အမည်ဖြင့် တာယာနှင့် ဘတ်ထရီအိုးများ ရောင်းချသောဆိုင်မှာ ဦးမောင်မောင်နိုင် ပိုင်ဆိုင်သောဆိုင် ဖြစ်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းမှူး တာဝန်ထမ်းဆောင်သည့် အချိန်မှစ၍ ဦးမောင်မောင်နိုင်နှင့် ရင်းနှီးခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာပြီးနောက် သူ့သား အောင်ပြည့်စုံနှင့် ပေါင်းကာ ဦးမောင်မောင်နိုင်သည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် စစ်တပ်သို့ တာယာ ရောင်းချခြင်းလုပ်ငန်းများ လုပ်ကိုင်လာခဲ့သည်။
မော်တော်ကား တာယာများ ရောင်းချနေသော ဦးမောင်မောင်နိုင်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာသည့် ၂၀၁၁ ခုနှစ်မှစ၍ Sky One Construction ကုမ္ပဏီကို ထူထောင်ကာ ဆောက်လုပ်ရေး လုပ်ငန်းများ စတင်လုပ်ကိုင်လာခဲ့သည်။
Sky One Construction ကုမ္ပဏီလီမိတက်ကို ၂၀၁၃ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် စတင်မှတ်ပုံတင်ခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်များမှာ ဦးအောင်ပြည့်စုံနှင့် ဦးမောင်မောင်နိုင်တို့ ဖြစ်သည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)တွင် ဖော်ပြထားသည်။
“ကိုမောင်မောင်နိုင်တို့ ကံကလည်း ပြောမနေနဲ့။ သူလေယာဉ်စီးလာရင် လေဆိပ် စရဖက ထွက်ကြိုရတယ်။ ဘယ်တိုင်းမှူး ဘယ်လူကြီးမဆို ဝင်နိုင်ထွက်နိုင်နေတယ်။ အဓိကကတော့ သားတော်ကြောင့်ပေါ့။ သူက ရှေ့ထွက်လုပ်ပေးနေရတယ်ဆိုတာ အကုန်လုံးက သိထားတော့ သူ့ဆိုရင် မငြင်းရဲကြဘူး။ အခုနောက်ပိုင်း စစ်တပ်က ဆောက်လုပ်ရေးတွေနဲ့ လုပ်ပိုင်ခွင့် မှန်သမျှက အကုန်သူပဲ ရတာ” ဟု စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။
ကိုကိုးကျွန်း လေယဉ်ကွင်း တိုးချဲ့ပြုပြင်သည့်လုပ်ငန်း၊ မှော်ဘီလေယဉ်ကွင်း တိုးချဲ့ပြုပြင်သည့် လုပ်ငန်းနှင့် စစ်တပ်နှင့် ဆိုင်သော ဆောက်လုပ်ရေး လုပ်ငန်းကြီးများအား လုပ်ပိုင်ခွင့်ရခဲ့သည်။
ယခု နောက်ပိုင်းတွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံတွင် တိုးချဲ့လိုက်သည့် အမှတ် ၁ စစ်ဆေးရုံ အထူးလူနာများ ကုသမှု စင်တာ၊ တပ်မတော် မှတ်တမ်းရုံးကြီးကို မြဝတီ မီဒီယာစင်တာအဖြစ် ပြောင်းလဲ ဆောက်လုပ်ခြင်းနှင့် စစ်ခေါင်းဆောင် မိသားစုပိုင် မိုးကောင်းရတနာ အထူးကု ဆေးရုံကြီးတို့ကိုလည်း Sky One ကပင် ဆောက်လုပ်ခွင့် ရရှိခဲ့သည်။
စစ်တပ်နှင့်ဆိုင်သော ဆောက်လုပ်ရေး လုပ်ငန်းများအား Sky One ကုမ္ပဏီက တာဝန်ယူ တည်ဆောက်သည့်အခါ ကုမ္ပဏီက တောင်းဆိုသည့် ပမာဏအတိုင်း စစ်တပ်က ပေးချေသည့်အတွက် အကျိုးအမြတ်များစွာ ရရှိသည်ဟု လုပ်ငန်းရှင်အချို့က ဆိုသည်။
ဦးမောင်မောင်နိုင်သည် စစ်ခေါင်း ဆောင်သားနှင့် ပူးတွဲပြီး တဖုံ နာမည်ခံ၍ တနည်း အမျိုးမျိုး စီးပွားရှာလာခဲ့သူ ဖြစ်သည်။
လက်ရှိ ချောင်းသာကမ်းခြေတွင် ဖွင့်လှစ်ထားသော Azura Beach Resort ဟိုတယ်သည် ဦးအောင်ပြည့်စုံအား ဦးသိန်းစိန်အစိုးရ လက်ထက် အငှားချထားပေးခဲ့သော အစိုးရပိုင် ဟိုတယ် ဖြစ်သည်။ သို့သော် ဧရာဝတီက မြင်ခဲ့သော အငှားစာချုပ်အရ အဆိုပါဟိုတယ်အား ဦးမောင်မောင်နိုင် နာမည်ဖြင့် ငှါးရမ်းထားသည်။
“မင်းအောင်လှိုင်ရဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးနီးပါးမှာ မောင်မောင်နိုင်က နာမည်ခံပေးတာပေါ့။ အခုနောက်ပိုင်း MEC နဲ့ ပတ်သက်တဲ့ လုပ်ငန်း တော်တော်များကို သူတို့လုပ်လာကြတယ်”ဟု လုပ်ငန်းရှင်တဦးက ပြောသည်။
စစ်တပ်က အာဏာမသိမ်းခင်အထိ စစ်ခေါင်းဆောင်၏ သားဖြစ်သူ အောင်ပြည့်စုံနှင့် ဦးမောင်မောင်နိုင်တို့သည့် စစ်တပ်နှင့် ပတ်သက်သော ဆောက်လုပ်ရေး လုပ်ငန်းများ၊ ပြည်ပနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းသည့်လုပ်ငန်းများသာ အဓိက လုပ်ကိုင်ခဲ့သည်။
သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကျိုးအမြတ်များစွာ ရရှိသော ဆက်သွယ်ရေး လုပ်ငန်း၊ စွမ်းအင်နှင့် လျှပ်စစ်လုပ်ငန်း၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နှင့် ပတ်သက်သော လုပ်ငန်းတော်တော်များတွင်ပါ ဝင်ရောက် လုပ်ကိုင်လာကြသည်။
ဦးမောင်မောင်နိုင်သည် စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစောနှင့်လည်း ခင်မင်ရင်းနှီးသူဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးညိုစောသည် အာဏာမသိမ်းမီက စစ်ထောက်ချုပ်ရာထူးမှ အငြိမ်းစားယူခဲ့ပြီး လက်ရှိတွင် စစ်တပ်၏ အဓိက စီးပွားရေးလုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ ဥက္ကဋ္ဌ၊ အင်းဝဘဏ်ဥက္ကဋ္ဌနှင့် မြန်မာ့စီးပွားရေး ဦးပိုင်အများပိုင်ကုမ္ပဏီ (UMEHL) တို့၌ ထိပ်ပိုင်းရာထူးတာဝန်များကို ယူထားသူတဦး ဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီး ညိုစောသည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယုံကြည်အားကိုးရသော လူရင်း ဖြစ်သည်။
မကြာသေးမီ ရက်ပိုင်းက စက်သုံးဆီကို ရုရှနိုင်ငံမှ ရှာဖွေတင်သွင်းရေး ဒုဗိုလ်ချုပ်ကြီး ညိုစော ဦးစီးသော စစ်တပ်ခရိုနီများ ဖွဲ့စည်းသော ကော်မတီတွင် Yetagon Energy Trading ၏ အမှုဆာင် အရာရှိချုပ် (CEO) အနေဖြင့် ဦးမောင်မောင်နိုင်အမည်ပါဝင်လာခဲ့သည်။
အဆိုပါကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) တွင် စာရင်းမရှိပေ။သို့ရာတွင် မကြာသေးခင် လပိုင်းကမှတည်ထောင်လိုက်သော ကုမ္ပဏီဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။
ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစု ရှေ့ထွက်မင်းသား ဦးမောင်မောင်နိုင်၏ ခြေလှမ်းများကို ရှေ့တွင်လည်း စိတ်ဝင်တစား စောင့်ကြည့်နေကြရဦးမည် ဖြစ်သည်။
You may also like these stories:
စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော
စက်သုံးဆီ ဈေးကွက်ကို စစ်အုပ်စု လက်ဝါးကြီးအုပ်ပြီ
ရန်ကုန်၊ မန္တလေး ညများရဲ့ ဖျော်ဖြေရေး ပဲ့ကိုင်ရှင်
ဇောက်ထိုးဆင်းနေဦးမည့် မြန်မာ့စီးပွားရေး