“ရန်ကုန်တမြို့လုံး System Break Down ဖြစ်သွားပြီ”
ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်ဖြစ်သည်။
ထိုသို့ System break down ဖြစ်သွား၍ ရန်ကုန်တမြို့လုံး အချိန် ၂ နာရီနီးပါး လျှပ်စစ်ဓာတ်အားပြတ်တောက်သွားခဲ့သည်။
မကြာသေးမီ ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ အပါအဝင် တနိုင်ငံလုံး အတိုင်းအတာ ဖြင့် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက် ခြင်းများ မကြာခဏဖြစ်ပေါ်လာခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း၌ ရန်ကုန်တိုင်းအတွင် အချိန်ပိုင်းလျှပ်စစ်မီး ပြတ်တောက်မှုသည့် အကြိမ်ရေ ၆ ကြိမ်အထိ ရှိပြီး အောက်တိုဘာလတွင် ၂ ကြိမ်ရှိခဲ့သည်။
(ထို လျှပ်စစ်မီးပြတ်တောက်မှု အကြိမ်ရေများသည် လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရာတွင် လျှပ်စစ်မီးပြတ်တောက်ခြင်းများ မပါဝင်ချေ။)
ယခုနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုများသည် နာရီအတန်အကြာသည်အထိ လျှပ်စစ်မီးပြတ်လာခြင်းကြောင့် မြန်မာ့ လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးအပိုင်းတွင် စစ်ကောင်စီအတွက် စတင်အခက်အခဲဖြစ်လာသည့် အရိပ်အယောင်ပင် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းရှင်တချို့ နှင့် ကျွမ်းကျင် ပညာရှင်များက ဆိုကြသည်။
“ နိုင်ငံတခု၏ လျှပ်စစ်စနစ်ကြီးတခုလုံး ချောချောမွေ့မွေ့လည်ပတ်နိုင်ဖို့က (၁) လျှပ်စစ်ထုတ်လုပ်တာ၊ (၂) လျှပ်စစ်သယ်ပို့တာနဲ့ (၃) လျှပ်စစ်ဖြန့်ဖြူးတဲ့ ယန္တရားတခုလုံး ဟန်ချက်ညီနေဖို့ အရမ်းအရေးကြီးတယ်။ ထုတ်လုပ်သမျှလျှပ်စစ်ကို တပြိုင်နက်ထဲမှာသုံးစွဲရတဲ့အတွက် အချိန်တိုင်းမှာ ဝန်နဲ့အားမျှနေဖို့ လိုတယ်။ လျှပ်စစ် ဝန်ထမ်းအများစု CDM လုပ်လို့ လူ့စွမ်းအားလျော့နည်းလာတာကြောင့် စီမံခန့်ခွဲမှု၊ စက်လည်ပတ်မှု၊ ဝန်ဆောင်မှု အရည်အသွေးတွေကျလာပြီး မီးခဏ ခဏပျက်တာတွေ များလာတာ ” ဟု မြန်မာ့လျှပ်စစ်ကဏ္ဍတွင် အဆင့်မြင့် အကြံပေးခဲ့သော အမေရိကန်နိုင်ငံအခြေစိုက် နိုင်ငံတကာ စွမ်းအင်ကဏ္ဍ ကျွမ်းကျင်သူတဦးက ဧရာဝတီသို့ ပြောသည်။
မြန်မာ့လျှပ်စစ်ကဏ္ဍသည် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဆုတ်ယုတ်သွားသော လုပ်ငန်းကဏ္ဍများထဲမှ တခုအပါအဝင်ဖြစ်သလို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM)ပြုလုပ်သော အစိုးရဝန်ထမ်းပေါင်း ရာနှင့်ချီရှိခဲ့သော ဌာနလည်းဖြစ်သည်။
လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူးရေးအပါအဝင် အခြေခံအဆောက်အဦးများစွာ လိုအပ်ချက်ရှိသော မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ်တခုတွင် အလျှင်အမြန်တိုးတက်ရန် အခြေအနေရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှုအောက်တွင် ထိုအခြေအနေ အားလုံးသည် ပြန်လည်ဆုတ်ယုတ်သွားစေတော့သည်။

“ မြန်မာနိုင်ငံရဲ့လျှပ်စစ်ကဏ္ဍက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေရာ ကနေ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အစစအရာရာ ဆုတ်ယုတ်လာတဲ့ အခြေအနေကိုတွေ့နေရတယ်။ မြန်မာ့လျှပ်စစ်ကဏ္ဍက ဒီအတိုင်းဆက်သွား နေမယ်ဆိုရင် အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်တဲ့ အခြေအနေရောက်နေတယ်” ဟု အထက်ပါ စွမ်းအင်ကဏ္ဍ ကျွမ်းကျင်သူတဦးက ပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့လျှပ်စစ်ကဏ္ဍ တိုးတက်ရေးအတွက် များစွာအထောက်အကူ ပေးနေသော ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာက အကူအညီများကို ရပ်ဆိုင်းလိုက်သလို ပြင်သစ်ကုမ္ပဏီများနှင့် ဂျပန် ကုမ္ပဏီများကလည်း မြန်မာ့လျှပ်စစ်ကဏ္ဍသို့ ဝင်ရောက်မည့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းလိုက်ကြသည်။
ထိုရပ်ဆိုင်းထားသည့် ရင်းနှီးမြှုပ်နှံမှုများမှာ ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD) ၏ ချေးငွေ ယူရို ၃၅ သန်းဖြင့် ရှမ်းပြည်နယ် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းနှင့် ဂျပန်ကုမ္ပဏီသုံးခုက အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်မှ သဘာဝဓာတ်ငွေ့ရည် (LNG) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းတို့ ဖြစ်သည်။
နိုင်ငံ၏ လိုအပ်ချက်ရှိနေသော လျှပ်စစ်ဓာတ်အားကို တိုးထုတ်နိုင်ရန်အတွက် NLD အစိုးရလက်ထက်တွင် တင်ဒါခေါ်ယူခဲ့ပြီး တရုတ်ကုမ္ပဏီအများစု တင်ဒါအောင်မြင်ခဲ့သော နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ဆိုလာ စီမံကိန်းများသည် စစ်အာဏာသိမ်းပြီးနောက် စီမံကိန်းများရပ်ဆိုင်းထားရပြီး လက်ရှိအချိန်အထိ ရှေ့မဆက်နိုင်ဘဲ ရှိနေသည်။
ထို့အတူ စီမံကိန်း စတင်လည်ပတ်နေပြီး သဘာဝဓာတ်ငွေ့ရည် LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ရန်ကုန်မြို့ သီလဝါ နှင့် သာကေတရှိ ဟောင်ကောင်ကုမ္ပဏီ VPower ၏ လျှပ်စစ်ဓာတ်အားစီမံကိန်းများသည်လည်း မြန်မာကျပ်ငွေတန်ဖိုး မတည်မငြိမ်မှုကြောင့် အမေရိကန်ဒေါ်လာ စံချိန်တင်မြင့်တက်လာက နိုင်ငံခြားမှ တင်သွင်းရမည့် LNG ဈေးနှုန်းနှင့် ဈေးကွက်တွက်ချေမကိုက်၍ ရပ်နားထားရသည်။
“အဓိကက ငွေရေးကြေးရေးကြောင့်ပဲ ကုမ္ပဏီက LNG ကို ဒေါ်လာနဲ့ ပြန်ဝယ်ရတယ် ဒီဘက်မှာ ပိုက်ဆံပြန်ရတာကျတော့ မြန်မာကျပ်ငွေနဲ့ဆိုတော့ ဘယ်လိုမှ မကိုက်တော့ဘူး။ ဒီအခြေအနေ ကြောင့်ပဲ ဝန်ကြီးဌာနနဲ့ နားလည်မှုယူပြီး ရပ်ထားတာ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။
ထို့ပြင် တင်ဒါအောင်မြင်ထားပြီးသားဖြစ်သော ဆိုလာစီမံကိန်းများအတွက်လည်း တရုတ်ကုမ္ပဏီများနှင့် အရောင်းအဝယ် စာချုပ်များချုပ်ဆိုခြင်း အပါအဝင် ဝန်ကြီးဌာနနှင့် ကုမ္ပဏီကြား နှစ်ဖက်လိုက်နာရမယ့် စည်းကမ်း သတ်မှတ်ချက် ညှိနှိုင်းမှု အဆင့်၌ ရပ်ဆိုင်းနေလျက်ရှိကြောင်း သူက ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများဘက်တွင်လည်း လတ်တလောနိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်တွင်းငွေလဲလှယ်နှုန်း မတည်ငြိမ်မှုများနှင့် ဆိုလာ နှင့် LNG ဈေးနှုန်းများ မြင့်တက်လာနေခြင်းတို့ကြောင့် တင်ဒါအောင်မြင်သူများကလည်း လုပ်ငန်းကို ဆက်လက်အကောင်အထည်မဖော်လိုတော့သလို လုပ်ငန်းလည်ပတ်နေဆဲသူများကလည်း ရပ်ဆိုင်းနေကြပြီဖြစ်ကြောင်း လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ပြည်တွင်းလုပ်ငန်းရှင်တဦးက ပြောသည်။
သူက ဆက်လက်၍ “သူတို့ တင်ဒါအောင်ထားတဲ့ ဈေးနဲ့ အခု ကမ္ဘာ့ဈေးကွက်မှာ ဈေးတက်နေတဲ့ ဆိုလာကုန်ကြမ်းပစ္စည်း တွေရဲ့ ဈေးနဲ့ဆို သူတို့အတွက် ဘယ်လိုမှ မကိုက်နိုင်တော့ဘူး။ စီးပွားရေးအရ တွက်ချေမကိုက်ဘူးဆိုရင် ဘယ်စီးပွားရေး လုပ်ငန်းရှင်မှာ လုပ်ချင်မှာ မဟုတ်ဘူး ”ဟု ပြောဆိုသည်။
ထိုအခြေအနေများအပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူလူထု၏ မီတာခဆောင်မှုတွေ လျော့နည်း သွား၍ ဘတ်ဂျက်ခွဲဝေမှု ငွေပမာဏ လျော့နည်းသွားကာ ပုဂ္ဂလိကလျှပ်စစ်ထုတ်လုပ်သူများကို ငွေပေးချေရမည့် ရန်ပုံငွေ အလုံအလောက်မရှိသည့် အခက်အခဲကိုလည်း ရင်ဆိုင်နေရလျက်ရှိနေသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ ၃၂ ရာခိုင်နှုန်း နှင့် သဘာဝဓာတ်ငွေ့မှ ၂၀ ရာခိုင်နှုန်း အထိရှိပြီး ကျောက်မီးသွေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အခြားထုတ်လုပ်မှုများမှ ၅၀ ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရ၏ ၂၀၂၀ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာ့လူဦးရေ၏ ၅၄ ရာခိုင်နှုန်းကိုသာ လျှပ်စစ်မီးပေးနိုင်လျက် ရှိသည်။
မြန်မာနိုင်ငံသည် လျှပ်စစ်မီးကို ရေအားနှင့် သဘာဝဓာတ်ငွေ့ မှ အဓိကထုတ်လုပ်လျက်ရှိပြီး ပြည်တွင်း သဘာဝဓာတ်ငွေ့ မလုံလောက်၍ ပြည်ပမှ LNG တင်သွင်းပြီး လိုအပ်ချက်ပြည့်မီစေရန် ထုတ်လုပ်သော စီမံကိန်းများ ပြန်လည်ရပ်ဆိုင်းနေသလို ဆိုလာပါဝါစီမံကိန်းများသည်လည်း ရှေ့မဆက်နိုင်သောကြောင့် စစ်ကောင်စီ၏ လျှပ်စစ်မီးထုတ်လုပ်မှုသည် ရည်မှန်းချက် လျော့ကျလာသည့် အခြေအနေရှိလာပြီဖြစ်သည်။
နှစ်စဉ် လျှပ်စစ်မီး လိုအပ်ချက်ကြီးမားနေဆဲဖြစ်သည့် မြန်မာနိုင်ငံတွင် လတ်တလော လျှပ်စစ်မီးပြတ်တောက်မှုများသည် လူ့စွမ်းအားများလျော့နည်းခြင်းနှင့် စက်ယန္တရားများ ချို့ယွင်းမှုများ ဖြစ်ပေါ်နေသော်လည်း ရေရှည်တွင် နိုင်ငံရင်းနှီး မြှုပ်နှံအသစ်များ ဝင်ရောက်မှု မရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍသည် ယခင်ကလို ရေအားလျှပ်စစ် ပေါ်တွင်သာ မှီခိုရမည့် အခြေအနေကို ဦးတည်နေလျက်ရှိသည်။
“ လျှပ်စစ်မီးကို မြန်မာနိုင်ငံမှာက ကျနော့်တသက်ပေါ့ တခါမှ လျှပ်စစ်မီးကို ပြည့်ပြည့်ဝဝ မပေးနိုင်သေးဘူး။ လိုအပ်ချက်က တအားများပြီးတော့ အဲဒီလိုအပ်ချက်ကို တခါမှ ပြည့်မီအောင် မလုပ်နိုင်သေးဘူး။ ရေက နွေရာသီမှာနည်းတာဆိုတော့ ရေအားနဲ့ထုတ်တဲ့ လျှပ်စစ်လည်း နွေရောက်ရင်နည်းနေမှာဆိုတော့ အရင်လက်ထက်တွေလို မီးကို အလှည့်ကျစနစ်နဲ့ ပေးဖို့က ရာခိုင်နှုန်းများနေတယ်” ဟု အမေရိကန်နိုင်ငံအခြေစိုက် နိုင်ငံတကာစွမ်းအင်ကဏ္ဍကျွမ်းကျင်သူ တဦးက ပြောဆိုသည်။
You may also like these stories:
မြန်မာစစ်ဗိုလ်များ နိုင်ငံကြီးပွားရေးအစား စီးပွားပျက်ရန်သာ လုပ်တတ်သည်
Vpower ၏ LNG လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ တွက်ချေမကိုက်၍ ရပ်နားထားရ
အများဝေဖန်နေသည့် Paper Gold (စက္ကူရွှေ) စတင်ရန် ဗဟိုဘဏ်နှုတ်အားဖြင့် ခွင့်ပြု
အာဏာသိမ်းခေါင်းဆောင် မိသားစုစီးပွားရေးများကို သပိတ်မှောက်ရန် NUG တိုက်တွန်း